ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့်လက်မှတ်ကို နှုန်းထားသတ်မှတ်၍ ခွင့်ပြုပေးရန်လုပ်ဆောင်နေရာ နယ်လိုင်စင်ကားများ ရန်ကုန်တိုင်းအတွင်း သွားလာနေမှုများကိုလည်း သီးခြားအခွန်နှူန်းထားကောက်ခံရန် စီစဉ်ထားရှိကြောင်းရန်ကုန်လိုင်စင်ခွင့်ပြုရန် လုပ်ဆောင်နေသည့် အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် နယ်လိုင်စင်အက္ခရာများကို မြို့ပြင်နှင်မှာ မဟုတ်ဘဲ မြို့အဝင်အထွက်တိုးဂိတ်များကနေ အခွန်နှုန်းထား သတ်မှတ်၍ ကောက်ခံသွားရန် စီစဉ်ထားရှိပြီး စတင်လုပ်ဆောင်မည့် အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း သိရသည်။
ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate(YVQC) စနစ်ဖြင့် ပြန်လည်ခွင့်ပြုပေးရာတွင် ကျပ်သိန်း ၉၀ အထိ ဈေးနှုန်းသတ်မှတ်ထားရှိသည်ဟု သတင်းများထွက်ပေါ်နေရာ ရန်ကုန်လိုင်စင်အား သိန်း၉၀နှင့် ရောင်းချမည်ဆိုလျှင် နယ်လိုင်စင်ကားများသာဝယ်ယူ စီးနင်းတော့မည်ဟု ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
" ရန်ကုန်မှာသွားနေတဲ့ နယ်လိုင်စင်ကားတွေကိုလည်း အခွန်နှုန်းထားတစ်ခုကောက်ဖို့ လုပ်သွားမှာပါ။ ဒါကလည်း ရန်ကုန်မှာ နယ်လိုင်စင်ကားတွေကို သီးခြားကျသင့်တဲ့ အခွန်နှုန်းထားသတ်မှတ်ဖို့ စီစဉ်ထားတာရှိပါတယ်။ဘယ်တော့လောက်စလုပ်မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး"ဟု ရန်ကုန်လိုင်စင်ခွင့်ပြုရန် လုပ်ဆောင်နေသည့် အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
နယ်မှဝင်ရောက်လာသော ကားများ စစ်ဆေးစိစစ်မည့် ဂိတ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် ပြင်ပမြို့နယ်(၁၁) မြို့နယ် ဖြစ်သော မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊ တွံတေး၊ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ် တို့တွင် ဆောက်လုပ်နေလျှက်ရှိသော်လည်း လာမည့် နှစ်မှသာ ထို တိုးဂိတ်တည်ဆောက်မှုပြီးစီးမှာဖြစ်ကြောင်း သိရသည်။