မြဝတီနယ်စပ်ဝင်ပေါက်မှ မော်တော်ယာဉ် တရားဝင်တင်သွင်းမှု လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည်


မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာမူဝါဒပြောင်းလဲ သတ်မှတ်ချက်အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ မြဝတီနယ်စပ်ဝင်ပေါက်မှ မော်တော်ယာဉ် တရားဝင်ကုန်ကူးသန်းရောင်းဝယ်တင်သွင်းမှု လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည် ဖြစ်ပြီး ကားဝယ်ရောင်းလုပ်သည့် လုပ်ငန်းရှင်များ အခက်ကြုံလျက်ရှိကြောင်း နယ်စပ်မှ တရားဝင်ကားတင်သွင်းသည့် လုပ်ငန်းရှင်များက ပြောကြားသည်။

၂၀၁၇ မူဝါဒ အပြောင်းအလဲမှာ ကုန်တင်ယာဉ်အုပ်စုကို ဘယ်ညာမခွဲ တင်သွင်းခွင့်ရှိခဲ့၍ နယ်စပ်မှ ကားတင်သွင်းမှု လုပ်ငန်းအသက်ငွေ့ငွေ့ ရှင်သန်ခဲ့သော်လည်း အခွန်တိုးမြင့်လိုက်ခြင်း ကြေညာချက်ထွက်ပြီးနောက် တင်သွင်းမှုမရှိသလောက် နည်းပါးခဲ့သည်။

ယခုအခါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ လူစီးမော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ(Mini bus, City bus; Express Bus) များအား ဘယ်မောင်းများသာ တင်သွင်းခွင့်ရရှိတော့မည်ဖြစ်၍ နယ်စပ်မှကားတင်သွင်းမှု လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားမည် ဟုဆိုသည်။

ထိုင်းနိုင်ငံမှ ဘယ်ကိုင်းများ မထုတ်လုပ်သည့်အတွက် ပစ်ကပ်များ တင်သွင်းနိုင်စရာ အကြောင်းမရှိတော့ပါ။

လုပ်ငန်းသုံးကားများ ဘယ်ကိုင်းသာ သွင်းရမည်ဖြစ်သည့်အတွက် Delivery van များတင်သွင်းခွင့်မရှိတော့ဘဲ ဂျပန် Truck, ထိုင်း Truck များလည်းတင်သွင်းနိုင်မည်မဟုတ်တော့ပါ။

လာအို၊ ကမ္ဘောဒီးယား ဘယ်ကိုင်းကားများကိုလညး် ထိုင်းမှ နိုင်ငံဖြတ်ကျော်သွင်းခွင့် မပေးဘူးဟု ကြားရသည့်အတွက် မြဝတီနယ်စပ်ပေါက်မှ မည်သည့်ကားမှ တင်သွင်းနိုင်စရာ အခွင့်အရေးမရှိတော့ပါ။

အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဆုံးရှုံးသွားပါပြီ။

ကားနှင့် ပတ်သက်သည့်တစ်နို်င်တစ်ပိုင် လုပ်ကိုင်စားသောက်နေသူများ၊ အေးဂျင့်များ၊ အလုပ်သမားများအားလုံးလည်း Game Over ဖြစ်သွားပါပြီဟု ကားဝယ်ရောင်းလုပ်သူက ဆက်လက်ပြောကြားသည်။

နယ်စပ်စီးပွားရေးအနေဖြင့် ကားဝယ်ရောင်းလုပ်ငန်း၊ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်း၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းဝယ်ရောင်း လုပ်ငန်းဖြင့် နယ်စပ်ကုန်သွယ်မှုကို လှုပ်ခတ်လျှက်ရှိရာ ယခုအခါ ကားဝယ်ရောင်းတင်သွင်းမှုလုပ်ငန်းမှာ ရပ်ဆို်င်းသွားပြီဟု ဆိုသည်။

Read 6726 times