ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကားတင်သင်္ဘောနှစ်စင်း ဆိုက်ကပ်ခဲ့ပြီး ကားအစီး ၅၅၀ ကျော် ကမ်းချခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရပါတယ်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ဂျပန်ညာမောင်းကားများ တင်သွင်းခွင့် မရှိတော့သလို ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့်မူဝါဒလည်း ထွက်ပေါ်မလာသေးသည့်အတွက် ပြည်ပမှ ကားတင်သွင်းမှုမှာ ယခင်နှစ်များထက် သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်ကစပြီး ဘယ်မောင်းကားတွေကိုပဲ တင်သွင်းခွင့် ပေးတဲ့အတွက် ပြည်ပကနေ ကားတင်သွင်းမှုက သိသိသာသာလျော့ နည်းသွားပါတယ်၊ နောက်ပြီး မိုဒယ်မြင့်ကားတွေကိုပဲ တင်သွင်းခွင့်ပေးတဲ့အတွက်လည်း ကားတင်သွင်းတဲ့သူ နည်းသွားပါတယ်၊ ဇန်နဝါရီလထဲမှာ ကားတင်သင်္ဘော နှစ်စင်းဆိုက်ကပ်ခဲ့ပြီး ကား ၄၉၈ စီး ကမ်းချခဲ့ပါတယ်၊ ဖေဖော်ဝါရီလအတွင်းမှာတော့ ကားတင်သင်္ဘော နှစ်စင်းဆိုက်ကပ်ခဲ့ပြီး ကား ၅၅၇ စီး ကမ်းချခဲ့ပါတယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ကိုယ်စားလှယ် လုပ်ငန်းဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကားတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်ခဲ့ပြီး ကားအစီး ၃၀,၂၃၅ စီး ကမ်းချခဲ့ရာတွင် ဇန်နဝါရီလ၌ သင်္ဘောခုနစ်စင်းမှ ကား ၅,၁၄၇ စီး၊ ဖေဖော်ဝါရီလတွင် သင်္ဘောရှစ်စင်းမှ ကား ၆,၂၀၇ စီး၊ မတ်လ၌ သင်္ဘောရှစ်စင်းမှ ကား ၅,၇၈၄ စီး၊ ဧပြီလတွင် သင်္ဘောလေးစင်းမှ ကား ၃,၃၅၃ စီး၊ မေလ၌ သင်္ဘောလေးစင်း မှ ကား ၂,၀၀၇ စီး၊ ဇွန်လတွင် သင်္ဘောငါးစင်းမှ ကား ၃,၄၁၈ စီး၊ ဇူလိုင်လ၌ သင်္ဘောသုံးစင်းမှ ကား အစီး ၅၈၀၊ သြဂုတ်လတွင် သင်္ဘောလေးစင်းမှ ကား ၇၄၂ စီး၊ စက်တင်ဘာလ၌ သင်္ဘောသုံးစင်းမှ ကားအစီး ၁,၁၄၀၊ အောက်တိုဘာလတွင် သင်္ဘောနှစ်စင်းမှ ကား ၅၁၃ စီး၊ နိုဝင်ဘာလ၌ သင်္ဘောသုံးစင်းမှ ကား ၆၇၆ စီးနှင့် ဒီဇင်ဘာလတွင် သင်္ဘောလေးစင်းမှ ကား ၆၆၈ စီး တို့ ကမ်းချခဲ့သည်။ ယခုနှစ်အတွင်း ဇန်နဝါရီလ၌ သင်္ဘောနှစ်စင်းမှ ကား ၄၉၈ စီးနှင့် ဖေဖော်ဝါရီလ၌ သင်္ဘောနှစ်စင်းမှ ကား ၅၅၇ စီးတို့ ကမ်းချခဲ့ကြောင်း သိရှိရပါတယ်။
Source;Automobile Journal