မော်တော်ယာဉ်များအပေါ်ကောက်ခံသည့် အထူးကုန်စည်ခွန်ကို လက်ရှိနှုန်းထားများအတိုင်း ဆက်လက်ကောက်ခံမည်


ကားအသင်းများမှ တင်ပြထားသော်လည်း မော်တော်ယာဉ်များအပေါ်ကောက်ခံသည့် အထူးကုန်စည်ခွန်ကို လက်ရှိနှုန်းထားများအတိုင်း ဆက်လက်ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။

မော်တော်ယာဉ်များအပေါ် ကောက်ခံနေသည့် အထူးကုန်စည်ခွန်များ ဖြေလျှော့ပေးရန်အတွက် ကားအသင်းများမှ တင်ပြထားသော်လည်း အစိုးရဘဏ္ဍာနှစ် မကုန်မီအထိ လက်ရှိနှုန်းထားအတိုင်းသာ ကောက်ခံမှာဖြစ်ပါတယ်။

“အခွန်ဥပဒေကို အစိုးရ ဘဏ္ဍာနှစ်အတိုင်း အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက် အထိ ပြောင်းလဲကျင့်သုံးမှာ မဟုတ်တဲ့အတွက် အရင်နှစ်တွေကလို ဧပြီလမှာ အခွန်ဥပဒေသစ်ကိုထုတ်ပြန်ဖို့ မရှိပါဘူး၊ ဒါကြောင့် အောက်တို ဘာ ၁ ရက် မတိုင်ခင်အထိ မော်တော်ယာဉ်တွေအပေါ် ကောက်ခံနေတဲ့ အထူးကုန်စည်ခွန်ကို လက်ရှိသတ်မှတ်ထားတဲ့နှုန်းထားတွေအတိုင်း ဆက်လက်ကောက်ခံမှာ ဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကို အောက်တိုဘာ ၁ ရက်မှ စ၍ အကျိုးသက်ရောက်မည်ဖြစ်ရာ မော်တော်ယာဉ်များအပေါ် ကောက်ခံနေသည့် ဝင်ငွေခွန်နှင့် အထူးကုန်စည်ခွန်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခွန်ဥပဒေအတိုင်း ဆက်လက်ကောက်ခံမှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ မော်တော်ယာဉ်တင်သွင်းမှုအပေါ် ကောက်ခံနေတဲ့အခွန်နှုန်းထားတွေက အရမ်းများနေတဲ့အတွက် ဖြေလျှော့ပေးဖို့ အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်၊ ကားတစ်စီးတင်သွင်းမယ်ဆိုရင် ကားတန်ဖိုးရဲ့ ၆၇ ကနေ ၂၄၇ ရာခိုင် နှုန်းအထိ ပေးဆောင်နေရတဲ့အတွက် ကားတန်ဖိုးက အရမ်းများသွားပါတယ်၊ အထူးကုန်စည်ခွန်အပြင် ကညနခွန်ကိုလည်း ဖြေလျှော့ပေး ဖို့အတွက် အသင်းအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို တင်ပြခဲ့ဖူးပါတယ်”ဟု “Automotive Association of Myanmar အသင်း” ဒုဥက္ကဋ္ဌ ဦးအေးထွန်းက ပြောကြားခဲ့ပါတယ်။

ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အင်ဂျင်ပါဝါအလိုက် အထူးကုန်စည်ခွန် ကောက်ခံရာတွင် ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိကို ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိကို ၃၀ ရာခိုင်နှုန်း နှင့် ၄၀၀၁ စီစီနှင့် အထက်ကို ၅၀ ရာခိုင်နှုန်း ကောက်ခံနေပြီး လာမည့်စက်တင်ဘာလကုန်အထိ လက်ရှိနှုန်းထားဖြင့်သာ ဆက်လက်ကောက်ခံမှာဖြစ်ပါတယ်။

Read 1030 times