မော်တော်ကားတွေကင်းမဲ့တဲ့ Car-free City ဆိုတာ မြို့တွင်း ခရီးသွားလာရေးအတွက် ကိုယ်ပိုင်စက်တပ်ယာဉ်တွေ အသုံးမပြုဘဲ
အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်နဲ့ စက်ဘီး ဒါမှမဟုတ် လမ်းလျှောက်သွားတာမျိုးကိုပဲ အဓိကထားတဲ့ လူနေအရပ်ဒေသတွေ ဖြစ်ပါတယ်။
အဲဒီလို Car-free City တွေဟာ ရေနံအသုံးပြုရမှု၊ လေထုညစ်ညမ်းမှု၊ ယာဉ်တိုက်မှု၊ စက်သံဆူညံမှုနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ အတော်လေး နည်းပါးပါတယ်။
၁၉၉၆ ခုနှစ်မှာ J.H.Crawford ဆိုသူက လူတစ်သန်းအတွက် Car-free City ဒီဇိုင်းအယူအဆကို ပထမဆုံးအနေဖြင့် အဆိုပြုခဲ့ပြီး အဲဒီအကြောင်းတွေကို သူရဲ့စာအုပ်တွေဖြစ်တဲ့ Car-free City နဲ့ Car-free Design Manual တို့မှာ မွမ်းမံထည့်သွင်း ရေးသားခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ အဘူဒါဘီမြို့ရဲ့ Masdar City စီမံကိန်းကို ထုတ်ပြန်ခဲ့ရာမှာလည်း မြေပြင်ညီလမ်းတွေပေါ် ကိုယ်ပိုင်ယာဉ်သွားလာမှုကိုမြို့တော်နယ်နိမိတ်အတွင်း ပိတ်ပင်ပြီး လမ်းလျှောက်သွားလာသူတွေအတွက်ပဲ ထားရှိဖို့ စီစဉ်ထားတာမျိုး ပါဝင်ပါတယ်။
မြို့တော်ကောင်စီရဲ့ ၂၀၁၄ ခုနှစ် မြို့ပြသွားလာမှုစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စပိန်နိုင်ငံ၊ ဘာဆီလိုနာမြို့မှာလည်း လမ်းလျှောက်သွားလာမှုကိုပဲ ခွင့်ပြုထားတဲ့ Superblock ဧရိယာဒီဇိုင်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပြီး The Venus Project လို မြို့တွေကိုတော့ ပုဂ္ဂလိကအနေနဲ့ ဖန်တီးတည်ဆောက်တာ ဖြစ်ပါတယ်။
Car-free City အနေနဲ့ပြနိုင်တဲ့ အကောင်းဆုံးနမူနာကတော့ အီတလီနိုင်ငံက သာယာလှပတဲ့ နာမည်ကျော် Venice မြို့ဖြစ်ပြီး ကားမရှိဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လည်ပတ်နေတဲ့ ခေတ်မီမြို့လေးတစ်မြို့လို့လည်း ဆိုနိုင်ပါတယ်။
မော်တော်ကားတွေ မပေါ်ပေါက်မီ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်ကတည်းက ပေါ်ပေါက်လာတဲ့ ၎င်းမြို့လေးရဲ့ ဒီဇိုင်းဟာ မရည်ရွယ်ဘဲ Car-free City ဖြစ်သွားခဲ့တာပါ။
ဧည့်သည်ပဲဖြစ်ဖြစ် ဒေသခံလူတွေပဲဖြစ်ဖြစ် သူတို့ရဲ့ကားတွေကို မြို့တော်အပြင်ဘက်က ကားပါကင်မှာ ရပ်ထားခဲ့ရပြီး မြို့အတွင်းကို ခြေကျင် ဒါမှမဟုတ် ရထားနဲ့ ဝင်ရောက်နိုင်ပါတယ်။
မြို့ရဲ့အဓိကခရီးသွားလာရေးနည်းလမ်းကတော့ ခြေကျင်ခရီးသွားတာဖြစ်ပြီး ဒေသခံအများစုက စက်တပ်ယာဉ်တွေနဲ့ မြို့တွင်းက လှပတဲ့ တူးမြောင်းတွေကို ဖြတ်သန်းသွားလာကြပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ Ghent မြို့မှာလည်း မြို့လယ်ကောင်တစ်ခုလုံးဟာ ကားလွတ်နယ်မြေဖြစ်ပြီး အများသုံးယာဉ်တွေ၊ အငှားယာဉ်တွေနဲ့ ခွင့်ပြုချက်ရယာဉ်တစ်ချို့ပဲ ဝင်ရောက်ခွင့်ရပေမဲ့ တစ်နာရီ ၅ ကီလိုမီတာနှုန်းထက် ပိုမောင်းလို့မရပါဘူး။