ကားမောင်းနှင်သူများသိထားသင့်သည့် အတွင်းခန်းအကြောင်း အစုံအလင်


ကားမောင်းရာတွင် ကားခေါင်းခန်းတွင် ထိုင်၍ သော့ဖွင့်ပြီးလျှင် မိမိအနေဖြင့် ကားဒက်ရှ်ဘုတ်မှ အချက်ပြမီးများကို သတိတရဖြင့် ကြည့်စေချင်ပါသည်။

ကားဒက်ချ်ဘုတ်မှမီးများသည် မိမိကားတွင် ဖြစ်ပေါ်တက်သော ချို့ယွင်းချက်များကို ဖော်ပြပေးလေ့ရှိပါသည်။

ထိုသို့ကြည့်ခြင်းအားဖြင့် မမျှော်လင့်သည့်ဘက်မှ ဖြစ်လာနိုင်သော အန္တရာယ်များကို ဖယ်ရှားပေးပါသည်။

မည်သည့်မီးလင်းလာလျှင် ဆက်မောင်းနှင်၍ ရသည် ၊ မည်သည့်မီးလင်းလာလျှင် ဆက်မောင်းနှင်၍ မရဘူးဆိုသည်ကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

(၁) အင်ဂျင်ဝိုင်မီးလင်းခြင်း (Oil warning light)

ဆီကတော့ပုံလေး သဏ္ဍာန်ရှိသောပုံသည် အင်ဂျင်ဝိုင်မီးဖြစ်ပါသည်။

ထိုမီးအနီရောင်လေးလင်းခြင်းသည် အင်ဂျင်ဝိုင် Level နည်းခြင်း သို့မဟုတ် အင်ဂျင်ဝိုင် pressure နည်းသောကြောင့်ဖြစ်ပါသည်။

ထိုမီးလင်းလာခဲ့ပါက ကားကိုချက်ချင်းရပ်၍ နီးစပ်ရာဝပ်ရှော့မှ မက္ကင်းနစ်ကို ခေါ်ယူ၍ ကားကို စစ်ဆေးသင့်ပါသည်။

ထိုအချက်ပြမီးလင်းနေခြင်းသည် အင်ဂျင်ဝိုင်မရှိသောကြောင့်ဖြစ်ပြီး ထိုကဲ့သို့ဆက်မောင်းသွားပါက အင်ဂျင်တစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။

(၂) ဘက်ထရီပုံအချက်ပေးမီးလင်းခြင်း ( The electrical fault light)

ကားမောင်းနေစဉ် ဘက်ထရီပုံ အချက်ပေးမီးလင်းလာခြင်းသည် ဘက်ထရီမဝင်သောကြောင့်ဖြစ်ပါသည်။

ထိုသို့လင်းရခြင်းသည် ဒိုင်နမိုမှ ဘက်ထရီကို အားပြန်မသွင်းပေးသောကြောင့်လင်းလာခြင်းဖြစ်ပါသည်။

ထိုသို့ဖြစ်လာပါက နီးစပ်ရာဝပ်ရှော့ကိုဝင်၍ ဒိုင်နမိုကို မဖြစ်မနေ ပြုပြင်ရမည်ဖြစ်ပါသည်။

ဒိုင်နမိုကို ပြုပြင်ပြီးဘက်ထရီအားပြန်ဝင်မှသာလျှင် ခရီးဝေးသွားသင့်ပါသည်။

ထိုသို့မဟုတ်ဘဲ မပြုပြင်ဘဲ အားကုန်သွားလျှင် ကားချက်ချင်းစက်ရပ်သွားပြီး စက်နှိုး၍ပင်မရနိုင်ပဲဖြစ်သွားပါလိမ့်မည်။

(၃) အင်ဂျင်တုံးပုံမီးလင်းခြင်း (The check engine light)

နောက်တစ်မျိုးမှာတော့ အင်ဂျင်တုံးပုံရှိသော အင်ဂျင်ချက်မီးလင်းလားခြင်းဖြစ်ပါသည်။

အင်ဂျင်ချက်မီးလင်းရသည့်အကြောင်းအရင်းမှာ EFI Control၊ Computer Control Box နှင့် Sensor များ အင်ဂျင်ပိုင်းဆိုင်ရများ ချို့ယွင်းချက်ရှိသောကြောင့် လင်းလာရခြင်းဖြစ်ပါသည်။

ထိုမီးလေးလင်းလာသည်ဆိုပါက ဆက်မောင်းနှင်၍ ရသော်လည်း ကျွမ်းကျင်သော ဝပ်ရှော့တွင် ပြသသင့်ပါသည်။

ထိုမီးလင်းလာလျှင် အင်ဂျင်မှာ ပုံမှန်မဟုတ်တော့ဘဲ ဆီပိုစားလာခြင်း အဆွဲအရုန်းမကောင်းခြင်းများ ဖြစ်လာတက်ပါသည်။

(၄) လေအိတ်မီးလင်းလာခြင်း (Air Bag Light)

လေအိတ်ဆိုသည်မှာ ယာဉ်အန္တရာယ်မတော်တဆကြုံတွေ့လာသောအခြေအနေမျိုးတွင် ယာဉ်မောင်းသူကို ဆိုးရွားသည့် အန္တရာယ်မှ ကာကွယ်ပေးရန်အတွက် ထည့်ထားခြင်းဖြစ်ပါသည်။

ထို လေအိတ်မီးလင်းနေခြင်းသည် လေအိတ်အလုပ်မလုပ်ခြင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။

ထို့ကြောင့် ထိုမီးလင်းလာလျှင် ဆက်မောင်းနှင်၍ ရသော်လည်း ဂရုတစိုက်နှင့်ပြုပြင်သင့်ပါသည်။

(၅) ABS မီးလင်းလာခြင်း (Anti Brake lock system )

ထိုမီးသည် ကားမောင်းနှင်းနေစဉ် ကားဘရိတ်နင်းလိုက်သည့်အချိန် ကားကို လျောတိုက်မပါသွားစေရန် ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။

အကယ်၍ ထိုမီးလင်းနေသည်ဆိုပါက အန္တရာယ်တစ်ခုခုကြုံလာသည့်အချိန် ဘရိတ်နင်းလိုက်သည့်အခါ ABS System အလုပ်မလုပ်တော့ဘဲ ကားကို လျောတိုက်ပါသွားစေပါသည်။

ABS မီးလင်းလာလျှင် မိမိအားသည့်အချိန်တွင် ဝပ်ရှော့ပ်တွင် သွား၍ ပြုပြင်သင့်ပါသည်။

(၆)Brake မီးလင်းလာခြင်း (Brake warning light)

အဝိုင်းထဲတွင် အာမေဋ္ဌိတ်ပုံပါသော မီးလင်းလာခြင်းသည် ဘရိတ်မီးလင်းလာခြင်းဖြစ်ပါသည်။

ထိုမီးသည် Parking Brake ၊ Hand Brake ပြုလုပ်သည့်အခါမှသာ လင်းပါသည်။

ထိုသို့မဟုတ်ဘဲ ကားမောင်းနေစဉ်လင်းလာပါက ဘရိတ်ရူးပါးလာခြင်းဖြစ်နိုင်သလို ဘရိတ်ဆီနည်းနေသောကြောင့်ဖြစ်နိုင်ပါသည်။

ထို့ကြောင့် မီးအနီလေးလင်းလာပါက ကားရပ်၍ ဘရိတ်ဆီရှိမရှိစစ်ဆေးကြည့်သင့်ပါသည်။

အကယ်၍ ဘရိတ်ဆီရှိသည်ဆိုပါက ကားဝပ်ရှော့ပ်ဆိုင်သို့သွား၍ ဘရိတ်ရူးပါး မပါးဆိုသည်ကို စစ်ဆေးကြည့်ရမည်ဖြစ်ပါသည်။

ထိုမီးများ စစ်ဆေးပြီးသည့်အခါ စက်နှိုးရမည်ဖြစ်ပါသည်။

(၇) ဆီ ၊ ရေ စစ်ဆေးခြင်း (Oil Level / Water Temperature Level)

စက်နှိုးပြီးသည့်အခါတွင် စစ်ဆေးရမည့်အချက်များမှာ ဆီတိုင်ကီထဲတွင် ဆီရှိမရှိဆိုသော ဆီ level အမှတ်နှင့် ရေတိုင်ကီထဲမှ ရေအပူချိန် water temperature အမှတ်ကို စစ်ဆေးရမည်ဖြစ်ပါသည်။

ဆီတိုင်ကီစစ်ဆေးရာတွင် ဆီအမှတ်သည် F တွင်ရောက်ရှိနေသည်ဆိုပါက ဆီအပြည့်ရှိနေပြီဖြစ်ပြီး E တွင်ရောက်နေသည်ဆိုပါက ဆီမရှိဘူးဟု ယူဆနိုင်ပါသည်။

ခရီးဝေးသွားမည်ဆိုပါက ဆီ level ကို စစ်ဆေးရန် အလွန်အရေးကြီးပါသည်။

Water Temperature level သည် ဘယ်လောက်ပဲမောင်းမောင်း တစ်ဝက်ခန့်သာရှိရပါမည်။

တစ်ဝက်ထက်ကျော်နေပါက ရေတိုင်ကီထဲတွင်ရှိသော Coolant ပိုင်းဆိုင်ရာပြဿနာရှိသောကြောင့် ရေဆူခြင်းဖြစ်သဖြင့် ကားကို ဆက်မောင်း၍ မရနိုင်ပေ။

နောက်ပိုင်းထုတ်သောကားများတွင် Water Temperature Sensor ၊ Water Temperature ဂိတ်ပါသော ကားရှိသကဲ့သို့ Water Temperature ဂိတ်မပါသော ကားများလည်းရှိပါသည်။

Water Temperature ဂိတ်မပါသောကားများတွင် Water Temperature ကို သာမိုမီတာပုံစံ မီးအပြာလေးဖြင့် အေးနေသောအချိန်တွင်ပြတက်ပြီး ရေဆူလာပါက သာမိုမီတာပုံစံ မီးအနီလေးများနှင့်ပြပါသည်။

(၈) ဘရိတ် (Brake)

အော်တိုဂီယာကားများတွင် စက်နှိုးသည့်အခါ ဘရိတ်နင်းပြီး ဂီယာထည့်ရပါသည်။

ကားမောင်းနှင်ရာတွင် ညာဘက်ခြေတစ်ခုတည်းကိုသာအသုံးပြုပြီး ဘရိတ်ရော လီဘာရောပါ နင်းရမည်ဖြစ်ပါသည်။

ဘရိတ်ကို ဘယ်ဘက်နှင့်နင်းချိန်တွင် လီဘာကို ညာဘက်နှင့်နင်းထားပါက အော်တိုဂီယာများသည် အပျက်မြန်ပါသည်။

(၉) ဂီယာ (Gear)

ထို့ပြင် မီးပွိုင့်မိသည့်အချိန်တွင် အော်တိုဂီယာကားကို Driving Gear ထားပြီး ဘရိတ်ကို မနင်းထားသင့်ပေ။ ဂီယာအပျက်လွယ်ပါသည်။

ထို့ကြောင့် ကားပိတ်၍ ရပ်ရတာကြာလျှင် Parking Gear (P) သို့မဟုတ် Natural (N)တွင်ထားနိုင်ပါသည်။

အကယ်၍ Parking (P) တွင် ဂီယာထားပါက ရှေ့နောက်မရွေ့နိုင်သည့်အတွက် ဘရိတ်နင်းထားစရာမလိုပေ။

အကယ်၍ Natural (N) မြန်မာလိုအခေါ်အဝေါ်အားဖြင့် Free Gear တွင်ထားပါက ရှေ့နောက် ရွေ့နိုင်သောကြောင့် ဘရိတ်နင်းထားရပါမည်။

ထိုမှသာ အော်တိုဂီယာများသည် တာရှည်အသုံးခံမည်ဖြစ်ပါသည်။

 

Read 18398 times