ကားများသည် ယနေ့ခေတ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် အရေးပါဆုံးသော ကဏ္ဍတွင် ပါဝင်နေပါသည်။
ထို့နည်းတူစွာ ကားကဏ္ဍမှာ အရေးပါလာသည်နှင့်အမျှ ယာဉ်မတော်တဆမှုကာကွယ်ရန်နှင့် လုံခြုံမှုရှိစေရန်အတွက် ကားများ၏ ကြံ့ခိုင်မှုမှာလည်း အလွန်အရေးပါလှပါသည်။
ထို့ကြောင့် ယာဉ်မောင်းသူတိုင်း အန္တရာယ်ကင်းစေရန် ကား၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အထောက်အကူပြုပေးနိုင်သော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။
ကားမမောင်းနှင်မီ အရင် ကားစက်ဖုံးဖွင့်၍ စစ်ဆေးသင့်ပါသည်။
(၁) အင်ဂျင်ဝိုင်စစ်ဆေးခြင်း
အင်ဂျင်ဝိုင်တိုင်းသော ဂိတ်တိုင်ကို ထုတ်၍ အင်ဂျင်ဝိုင်ရှိမရှိစစ်ဆေးသင့်ပါသည်။
အင်ဂျင်ဝိုင်စစ်ဆေးသည့်နေရာတွင် Tissue စက္ကူမှာ မရှိမဖြစ်လိုအပ်ပါသည်။
ထိုအခါထုတ်ထားသော အင်ဂျင်ဝိုင်ဂိတ်တိုင်ကို Tissue စက္ကူဖြင့် အင်ဂျင်ဝိုင်ပြောင်သွားသည်အထိ သုတ်ပြီးလျှင် ထိုဂိတ်တိုင်ကို အင်ဂျင်ဝိုင်ကန်ထဲသို့ အဆုံးထိ ထည့်လိုက်ပြီး အင်ဂျင်ဝိုင်ပြည့်မပြည့်စစ်ဆေးသင့်ပါသည်။
ပြန်ထုတ်သည့်အခါ အင်ဂျင်တိုင်းသည့် ဂိတ်တိုင်တွင် ပါဝင်သော အမှတ်အသားဖြစ်သည့် Low မှတ်နှင့် Full အမှတ်ကိုကြည့်၍ အင်ဂျင်ဝိုင်ပြည့်မပြည့်ကို သိရှိနိုင်ပါသည်။
အင်ဂျင်ဝိုင်သည့် Full အမှတ်တွင် ရှိနေရပါမည်။ အကယ်၍ အင်ဂျင်ဝိုင်သည် Low အမှတ်တွင် ရောက်နေသည်ဆိုပါက အင်ဂျင်လုံးဝမမောင်းသင့်ပေ။
အင်ဂျင်ဝိုင်သည် လျော့နည်းလေ့မရှိပေ။ အင်ဂျင်ဝိုင်သည် လျော့နည်းနေပါက နီးစပ်ရာ ကျွမ်းကျင်သော ဝပ်ရှော့ပ်ဆိုင်များတွင် အင်ဂျင်ဝိုင်လျော့နည်းရသည့် အကြောင်းအရင်းကို စစ်ဆေးသင့်ပါသည်။
အင်ဂျင်ဝိုင်လျော့နည်းနေချိန်တွင် ပြန်ဖြည့်၍ သုံးနိုင်သော်လည်း ရည်ရှည်ဆိုလျှင် မသင့်သော်ပေ။
အကယ်၍ အင်ဂျင်ဝိုင်ခမ်းသွားသည်ကို သတိမထားမိဘဲ မောင်းနှင်နေပါက အင်ဂျင်ပျက်စီးနိုင်ပါသည်။
(၂) အော်တိုဆီရှိမရှိ စစ်ဆေးခြင်း
အော်တိုဆီဂိတ်မှ ဂိတ်တံကို ဆွဲထုတ်ပြီး Tissue စက္ကူဖြင့်သုတ်၍မည်ဖြစ်ပါသည်။
အော်တိုဆီ ဂိတ်တံအဖျားပိုင်းတွင်ရှိသောအမှတ်သည် Cool Level ဖြစ်ပြီး အမြင့်ပိုင်းတွင် ရှိသောအမှတ်သည် Hot Level ဖြစ်ပါသည်။
မနက်အစောပိုင်း စက်နှိုးပြီးတိုင်းသည့်အချိန်တွင် အော်တိုဆီသည် Cool Level တွင် ရှိရမည်ဖြစ်ပြီး စက်ရပ်ပြီးတိုင်းသည့်အချိန်တွင် Hot Level တွင်ရှိနေရမည်ဖြစ်ပါသည်။
အော်တိုဆီကို Hot Level ထက်ကျော်၍ ဖြည့်၍မရပေ။ အကယ်၍ Hot Level ထက်ကျော်နေပါက ဆီပူနိုင်ပါသည်။
အော်တိုဆီအရောင်အသွေးကို စစ်ဆေးကြည့်သည့်အခါ အရမ်းညစ်ပတ်နေပါက အော်တိုဆီကိုလဲလှယ်သင့်ပါသည်။
ထို့အပြင် အော်တိုဆီဂိတ်တံသည် ကားတိုင်းတွင်မပါဝင်ပေ။ အကယ်၍ အော်တိုဆီဂိတ်တံမပါသည့်ကားဖြစ်နေပါက ဝပ်ရှော့ပ်တွင် စစ်ဆေးရမည်ဖြစ်ပါသည်။
(၃) ရေတိုင်ကီနှင့် ရေပြန်ဘူးကို စစ်ဆေးခြင်း
ရေတိုင်ကီကို စစ်ဆေးမည်ဆိုလျှင် ရေတိုင်ကီတွင် ရေရှိမရှိကို ရေတိုင်ကီဘူးကိုဖွင့်၍ စစ်ဆေးရမည်ဖြစ်ပါသည်။
ရေအပြည့်ရှိပါက ရေထပ်ဖြည့်စရာမလိုအပ်ပေ။ အထဲမှ Coolant ကို စစ်ဆေးသည့်နေရာတွင် Coolant က အနီရောင်ဆိုပါက ရေရော၍မရနိုင်ပေ။ Coolant ကိုသာ ထည့်သုံးရပါမည်။
Coolant မရှိသောနေရာတွင် ရေသန့်ရောသုံးနိုင်သော်လည်း Coolant ကိုသာ ပြန်လည်ထည့်သင့်ပါသည်။
ရေတိုင်ကီစစ်ဆေးပြီးသည့်အခါ အဖုံးကိုသေချာပြန်ပိတ်ရပါမည်။
ထိုနောက် ရေပြန်ဘူးစစ်ဆေးရပါမည်။ ထိုသို့စစ်ဆေးရာတွင် အဖုံးဖွင့်စရာမလိုဘဲ ဘေးတွင် ပါသော Level ကိုကြည့်၍ စစ်ဆေးနိုင်ပါသည်။
ရေပြန်ဘူးထဲမှရေသည် အနိမ့်ဆုံး Low Level တွင် ရှိရမည်ဖြစ်ပြီး အမြင့်ဆုံး Full Level တွင်ရှိရမည်ဖြစ်ပါသည်။
ထိုထက်ပို၍မရနိုင်ပေ။ အကယ်၍ ပိုနေပါက ကားမောင်းသည့်အချိန်တွင် ရေတိုင်ကီထဲမှ ရေများက ပူ၍ ရေပြန်ဘူးထဲသို့ရောက်လာသည့်အခါ ရေများလျှံ၍ ထွက်လာတက်ပါသည်။
(၄) ဘရိတ်ဆီစစ်ဆေးခြင်း
ဘရိတ်ဆီစစ်ဆေးရာတွင် ပထမဦးစွာ ဘရိတ်ဆီအဖုံးကို ဖွင့်၍ ဘရိတ်ဆီ အရောင်အသွေးကို စစ်ဆေးရမည် ဖြစ်ပါသည်။
အကယ်၍ ဘရိတ်ဆီသည် သန့်နေသည်ဆိုပါက ဘရိတ်ဆီကောင်းသည်ဟု ယေဘုယျ ယူဆ၍ရပါသည်။
ဘရိတ်ဆီ Level စစ်ဆေးသည့်အခါ ဘူးဘေးတွင် မှတ်သားထားနိုင်သော Minimum Level နှင့် Maximum Level ကို ကြည့်ပြီး စစ်ဆေးရပါမည်။
ဘရိတ်ဆီကို Maximum ထက်ပိုပြီးမထည့်သင့်ပေ။ အကယ်၍ ဘရိတ်ဆီလျော့နေလျှင် ထပ်မဖြည့်ဘဲ ဝပ်ရှော့ပ်တွင် ဘရိတ်ဆီယိုနေသလား၊ ဘရိတ်ရှုးပါးသလားဆိုသည်ကို သွားရောက်စစ်ဆေးကြည့်ပါ။
(၅) စတီယာရင် ပါဝါဆီ ရှိမရှိစစ်ဆေးခြင်း
စတီယာရင်ပါဝါဆီစစ်ဆေးရာတွင် ဘူးအဖုံးကိုဖွင့်၍ စစ်ဆေး၍ရသကဲ့သို့ ဘူးဘေးတွင်လည်း စစ်ဆေးနိုင်ပါသည်။
(၆) မှန်ဆေးရည်ဘူး ရေရှိမရှိစစ်ဆေးခြင်း
မှန်ဆေးရည်ဘူးရေရှိမရှိကိုစစ်ဆေးရန်အတွက် ဘူးအဖုံးကိုဖွင့်၍ စစ်ဆေးသည့်အတံကိုလေးကိုဆွဲထုတ်ကာ ကြည့်နိုင်ပါသည်။
အကယ်၍ မှန်ဆေးရည်ဘူးတွင် ရေမရှိပါက ရေထပ်ထည့်ရပါမည်။ မှန်ဆေးရည်ဘူးသည် အရေးမကြီးဘူးဟု ယူဆ၍ ရသော်ငြားလည်း ခရီးကြမ်းသည့်နေရာတွင်မောင်းနှင်နေချိန်တွင်ဖြစ်စေ၊ ဖုန်ထူထပ်သည့်နေရာတွင်မောင်းနှင်သည်ဖြစ်စေ ကားမှန်တွင် ဖုန်များကပ်နေချိန်တွင် မှန်ဆေးရည်မရှိပါက ကားမောင်းရသည်မှာအရမ်းခက်ခဲပြီး အလွန်အန္တရာယ်များပါသည်။
ထို့ကြောင့် မှန်ဆေးရည်ဘူး ရေပြည့်မပြည့်စစ်ဆေးရန်မမေ့သင့်ပေ။
(၇) ကားတာယာစစ်ဆေးပါ။
ကားမောင်းနှင်သည့်အခါ ကားတာယာစစ်ဆေးခြင်းမှာ လွန်စွာအရေးပါလှပါသည်။
ကားတာယာသည် ကားတစ်စီးလုံးကို ထမ်းဆောင်၍ လိုရာခရီးကိုလျောက်လှမ်းရမည့်အရာဖြစ်ပါသည်။
ထို့ကြောင့် ကားမောင်းနှင်ရင် မထွက်ခွာမီ ကားတာယာကိုစစ်ဆေးသင့်ပါသည်။
ကားတာယာတွင် လေပေါင်ချိန်နည်းနေသလား၊ တာယာပွန်းစားမှုများနေသလားဆိုသည်ကို စစ်ဆေးသင့်ပါသည်။
ထိုလုပ်ဆောင်ချက်များလုပ်ဆောင်ပြီးပါက အန္တရာယ်များမှ လုံခြုံစိတ်ချရသော မောင်းနှင်မှုကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။