ကားကို မီးမလောင်စေရန် ကားအပူချိန်ကို လျော့ကျအောင် ပြုလုပ်နည်း


ယခုနှစ်၏ အပူဆုံးလများတွင် မိုးတစ်ကြိမ် နှစ်ကြိမ်ရွာသော်လည်း အပူချိန်က လျော့ကျမသွားသေးပါဘူး။ ထိုကဲ့သို့ အချိန်များတွင် မိမိကား၏ အပူရှိန်ကို လျော့ကျအောင်ပြုလုပ်ပေးရန် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

အဲကွန်းစစ်ပါ

ကားအတွင်းခန်းမှာ အဲကွန်းစနစ်ကိုအသုံးပြုသည့်အခါ ပြင်ပအပူချိန်နှင့် ကားအတွင်းခန်းအပူချိန်ကို သိပ်ကွာခြားစေခြင်းမျိုး မဖြစ်သင့်ပေ။ အရေပြားထိခိုက်ခြင်းမျိုး မဖြစ်အောင် မျက်နှာနှင့် ခန္ဓာကိုယ်တည့်တည့်ကို အဲကွန်းလေတိုက်ရိုက်မကျရောက်စေရန် လေထွက်ပေါက်များကိုလွှဲထားသင့်ပါသည်။

အဲကွန်းမဖွင့်ရကြာလျှင် ဂက်စ်နှင့် စက်ကိရိယာအစိတ်အပိုင်းများ အလုပ်မလုပ်ခြင်း၊ ဂက်စ်စီးဆင်းသည့် လမ်းကြောင်းများ ပိတ်ဆို့နေခြင်းမျိုး ဖြစ်တတ်သဖြင့် အမြဲစစ်ဆေးသင့်ပါသည်။

ထိုကဲ့သို့ ပိတ်ဆို့မှုများဖြစ်လျှင် အဲကွန်းစနစ်သည် အင်ဂျင်ပါဝါကို ပိုမိုရယူအသုံးပြုသည့်အတွက် ကားအင်ဂျင်သည် သာမန်ထက်ပိုပူလာပြီး အင်ဂျင်အပူလွန်ကဲတတ်ပါသည်။

အဲကွန်းမအေးတော့ဘူးဆိုလျှင် ကွန်ဒင်ဆာ (condenser) ပျက်စီးခြင်း၊ ကွန်ပရက်ဆာ (compresser)အက်ကွဲခြင်း၊ လည်ပတ်စေသောကြိုး (belt) ပျက်စီးခြင်း၊ ကလပ် (clutch)ချို့ယွင်းတာ၊ ဖိအားပေးစနစ်ချို့ယွင်းခြင်း၊ ဗားကအလုပ်မလုပ်ခြင်း စသည့်ပြဿနာများ ရှိနိုင်ပါသည်။

အဲကွန်းဖွင့်လိုက်သည်နှင့် ကား၏အတွင်းခန်းက စိုထိုင်းထိုင်းဖြစ်နေသော လေများကို ခံစားရလျှင် အဲကွန်းစနစ်အတွင်းတွင် စိုထိုင်းဆများနေခြင်း သို့မဟုတ် အကျိုးအပဲ့ပစ္စည်းအစအနများနှင့် အမှိုက်သရိုက်များ အဲကွန်းထဲတွင် ရှိနေခြင်း ဖြစ်ပါသည်။

ကားအဲကွန်း ယိုစိမ့်ခြင်းမျိုး တစ်ခုခုဖြစ်နေသလားဆိုသည်ကိုလည်း စစ်ဆေးရပြီး ယိုစိမ့်ရာမှ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပျော်ဝင်ပါရှိလာနိုင်ခြင်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေနိုင်သလို ကားအင်ဂျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။

အင်ဂျင်အအေးပေးစနစ်ဖြစ်သည့် ရေဒီယေတာ ချို့ယွင်းခြင်းကြောင့် အပူလွန်ကဲခြင်းအဖြစ်များပါသည်။ ရေတိုင်ကီဟုခေါ်သော ရေဒီယေတာစနစ်နှင့် အအေးပေးပန်ကာများကို စစ်ဆေးရပါမည်။ အင်ဂျင်အပူလွန်ကဲခြင်းကို ထိန်းပေးနိုင်လျှင် ကားအတွင်းခန်းကလည်း အေးနေစေမည် ဖြစ်ပါသည်။

အပူဒဏ်ကိုကာကွယ်ရန် ကားတံခါးမှန်များ၏ နောက်မှာလိုက်ကာများ တပ်ဆင်ထားရန် လိုအပ်သလို လေကာမှန်အပေါ်မှာဖုံးအုပ်ရန် နေကာများကို ကားထဲတွင် အမြဲဆောင်ထားသင့်ပါသည်။

ပူပြင်းသည့် နေရောင်အောက်တွင် လေကာမှန်မှတစ်ဆင့် ရှေ့မြင်ကွင်းများကို အာရုံစိုက်ရခြင်းဖြစ်၍ အညစ်အကြေးများနှင့် မှုန်ဝါးနေသော လေကာမှန်သည် အမြင်အာရုံကိုရှုပ်ထွေးစေသဖြင့် လေကာမှန်ကို ကြည်လင်နေအောင်သန့်ရှင်းပေးသင့်ပါသည်။

နေပူသည့်အချိန် ကားကို အရိပ်ကောင်းသော နေရာများတွင် ရွေးချယ်ရပ်တန့်ရန် လိုအပ်ပါသည်။

ကားကို   နေပူထဲမှာမဖြစ်မနေ ရပ်တန့်ထားရတော့မည်ဆိုလျှင်   ကားကိုယ်ထည်ပေါ်တွင် ရေဖျန်းထားပြီး အတွင်းခန်းအပူချိန်ကို လျှော့ချပေးနိုင်ပါသည်။

ထို့အတွက် ရေဘုံဘိုင်နှင့် အနီးဆုံးအနေအထားဖြစ်ရပါမည်။ သယ်ယူသွားနိုင်သော ကားရေဆေးကိရိယာကို ဆောင်ထားသင့်ပါသည်။ လက်ကိုင်စပရေးဘူးကို အသုံးပြုပြီးလည်း ရေဖျန်းနိုင်ပါသည်။

တံခါးဖွင့်

ကားကို နေပူထဲထားခဲ့ပြီး ပြန်ရောက်သည့်အခါ ချက်ချင်းဝင်မမောင်းဘဲ ပထမဆုံး ကားတံခါးအားလုံးဖွင့်လိုက်ပြီး စက်နှိုးထားပါ။ အဲကွန်းကိုအမြင့်ဆုံးမြှင့်တင်ထားပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ဖွင့်ပြီးရပ်တန့်လိုက်သည့်အခါ ကားအတွင်းခန်းထဲတွင် အပူဓာတ်များ ထွက်သွားပြီး လတ်ဆတ်သည့်အပြင်လေနှင့် လဲလှယ်ပြီးသားဖြစ်သွားပါမည်။

အဝေးပြေးလမ်းများတွင် ခရီးသွားသည့်အခါ ရပ်နားသည့်အခါတိုင်းတွင်လည်း ကားတံခါးများ အကုန်ဖွင့်ပြီး ပြင်ပလေနှင့် အတွင်းခန်းလေကို လဲလှယ်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်ပါသည်။

ကားဘီးတာယာများ ပွိုင့်မရှိတော့ဘဲ သက်တမ်းလွန်တာယာများဖြစ်နေလျှင် ပူပြင်းသည့် ရာသီတွင် တာယာကွဲထွက်ပြီး ယာဉ်အန္တရာယ် ဖြစ်စေနိုင်ပါသည်။

ခရီးဝေးမသွားခင်တွင် တာယာများကို စစ်ဆေးလဲလှယ်သင့်ပါသည်။

တာယာလေပေါင်ချိန်သည် ပူပြင်းသောရာသီမှာ ပုံမှန်ထက်လေပေါင်ချိန် ပိုတိုးလေ့ရှိပါသည်။

ထို့ကြောင့် လေပေါင်ချိန်သည် အုံနာဘုတ်တွင် ပါသည့်အတိုင်းဖြစ်သင့်ပြီး ယာဉ်မောင်းသူအနေနှင့် လေပေါင်ချိန်အနေအထားကို အမြဲစောင့်ကြည့်သတိပြုသင့်ပါသည်။

ရာသီဥတုပူနေသည့်အချိန် ကားအတွင်းခန်းကို အေးနေအောင်လုပ်တတ်ရမည်ဖြစ်သလို အင်ဂျင်အပူရှိန်လွန်ကဲပြီး ကားမီးလောင်နိုင်သည်ဆိုခြင်းကိုလည်း သတိထားသင့်ပါသည်။

အင်ဂျင်အပူရှိန်လွန်ကဲသည့်အခါ အင်ဂျင်ကိုဆီပေးသောစနစ်များ၏ ချို့ယွင်းချက်ကြောင့် ကားမီးလောင်ခြင်း အဖြစ်များပါသည်။

ယာဉ်တိုက်မှုကြောင့် ဆီတိုင်ကီကွဲပြီး မီးလောင်နိုင်သလို ဆီတိုင်ကီအနားတွင် ပွတ်တိုက်မှုကြောင့်   ဖြစ်ပေါ်လာသည့် မီးပွားလေးများကြောင့်လည်း ဓာတ်ဆီကပေါက်ကွဲစေနိုင်ပါသည်။

ယာဉ်မောင်းသူအနေနှင့် အင်ဂျင်အပူလွန်ကဲနေပြီလား၊ အင်ဂျင်အအေးပေးစနစ်များ ပုံမှန်အလုပ်လုပ်ရဲ့လား အမြဲစစ်ဆေးနေရပါမည်။

တစ်ပတ်ရစ်ကား သုံးစွဲသူများအနေနှင့် အေးသောအရပ်နိုင်ငံများတွင် သုံးသော ကားများကို ဝယ်သုံးနေကြသည်ဆိုခြင်းကိုလည်း ခေါင်းထဲတွင်ထည့်ထားရမည်ဖြစ်ပါသည်။

အအေးခံစနစ်

ကားအင်ဂျင်သည် ရှိသင့်သော အပူချိန်တစ်ခုအတွင်းမှာသာ အလုပ်လုပ်ရပါသည်။

ရာသီဥတုအပူချိန် မြင့်တက်လာသည်နှင့်အမျှ over heat ဖြစ်လာနိုင်ပြီး ထိုကဲ့သို့ အင်ဂျင်အပူရှိန်လွန်ကဲခြင်းမဖြစ်အောင် အင်ဂျင်အအေးခံစနစ်များနှင့် ထိန်းချုပ်ပါသည်။ ပထမအအေးခံစနစ်ကတော့ အင်ဂျင်ဝိုင်ပဲဖြစ်သည်။ အင်ဂျင်ဝိုင်သည် အင်ဂျင်အတွင်းတွင် လည်ပတ်စီးဆင်းရင်း အင်ဂျင်၏ ပွတ်တိုက်မှုများကထွက်လာသော အပူများကို စုပ်ယူနိုင်ရုံသာမက လည်ပတ်မှုများကိုလည်း ချောမွေ့စေပါသည်။

ထို့ကြောင့် အင်ဂျင်ဝိုင်၏ အရည်အသွေးသည် ပြည့်မီနေရမည်ဖြစ်သကဲ့သို့ သတ်မှတ်ထားသည့် ပမာဏရှိနေရန် လိုအပ်ပါသည်။

အင်ဂျင်ထဲတွင် အင်ဂျင်ဝိုင်လျော့နည်းနေခြင်း သို့မဟုတ် အင်ဂျင်ဝိုင်ညစ်ညမ်းနေခြင်းများသည် အင်ဂျင်ကို   over heat ဖြစ်စေပါသည်။

နောက်ထပ်အအေးခံစနစ်မှာ ကားရေတိုင်ကီ(ရေဒီယေတာ) ဖြစ်ပြီး ထိုစနစ်သည် အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲရာမှ ထွက်လာသော အပူပမာဏ၏ သုံးပုံတစ်ပုံကိုစွန့်ထုတ်နိုင်သည်။

အအေးခံစနစ်ချို့ယွင်းသည်နှင့် အင်ဂျင်အပူရှိန်လွန်ကဲပြီး ရေတိုင်ကီက ရေဆူခြင်းမှ အင်ဂျင်ကွဲထွက်ပြီး ကားမီးလောင်သည်အထိဖြစ်နိုင်ပါသည်။

အင်ဂျင်အတွင်းမှာ ရေလိုင်းများပါရှိသကဲ့သို့ အင်ဂျင်ခေါင်းတွင်လည်း ရေလိုင်းများပါရှိသည်။

အင်ဂျင်ပေါက်ကွဲခန်းထဲတွင် မီးလောင်ပေါက်ကွဲရာမှထွက်လာသော အပူများကို ထိုရေလိုင်းများက လျှော့ချပေးပါသည်။

ရေလိုင်းများထဲတွင် ရေများလည်ပတ်နေစေရန် ရေလည်အုံကဆောင်ရွက်ပေးပါသည်။

သတိပြုရမည့်အချက်များ

ယာဉ်မောင်းသူသည် temperature gauge ကိုအမြဲစောင့်ကြည့်နေရပါမည်။

ထိုမှ အအေးခံစနစ်ချို့ယွင်းချက်ရှိ မရှိသိနိုင်ပြီး အင်ဂျင်အပူရှိန်မြင့်တက်သည်ကိုသတိမထားဘဲ ဆက်မောင်းနေလျှင် အင်ဂျင်ထိုးရပ်ခြင်း၊ ကံဆိုးလျှင် ကားမီးလောင်သည်အထိ ဖြစ်နိုင်ပါသည်။

ရေတိုင်ကီ၏ လေဝင်ပေါက်လေးများပိတ်ဆို့ခြင်း၊ ရေလိုင်းကြောင်းများပိတ်ဆို့ခြင်းကလည်း အအေးခံနိုင်သော စွမ်းဆောင်ရည်ကို ကျဆင်းစေပါသည်။ Coolant အဖြစ် သန့်စင်သောရေ သို့မဟုတ် Anti - freeze coolant ကိုအသုံးပြုသင့်ပါသည်။

သာမိုစတက် ချို့ယွင်းသည့်အတွက်လည်း အင်ဂျင်အပူရှိန်မြင့်တက်စေပါသည်။

သာမိုစတက်သည် အင်ဂျင်အတွင်းလည်ပတ်နေသောရေ၏ အပူချိန်အနိမ့်အမြင့်အလိုက် အဖွင့်အပိတ် လုပ်ပေးနေခြင်း ဖြစ်ပါသည်။

သာမိုစတက်ကအမြဲပိတ်နေလျှင် ရေအေးများအင်ဂျင်ခန်းထဲ မဝင်ရောက်နိုင်တော့ဘဲ အင်ဂျင်အပူရှိန်လွန်ကဲလာနိုင်ပါသည်။

အအေးခံပန်ကာကို ပန်ကာကြိုးနဲ့ဆွဲပြီး လည်ပတ်စေပါသည်။ ထိုပန်ကာကြိုးက စားနေ၊ ချောင်နေလျှင် ပန်ကာလေဆွဲအားကျဆင်းပါသည်။

မော်တာနှင့် လည်ပတ်သည့် နေရာက ချို့ယွင်းရင်လည်းအအေးပေးတာ ပြည့်ပြည့်ဝဝမရနိုင်သည့်အတွက် အင်ဂျင်အပူရှိန်မြင့်တက်လာပါမည်ဖြစ်သောကြောင့် ပန်ကာကြိုးကို စစ်ဆေးသတိပြုရမှာဖြစ်သလိုမော်တာက ချို့ယွင်းမှုရှိ မရှိ စစ်ဆေးပြုပြင်ရမှာဖြစ်သည်။ ရေလည်အုံအပါအဝင် ရေဒီယေတာ အစိတ်အပိုင်း အားလုံးပုံမှန်အလုပ်လုပ်နေစေရမည် ဖြစ်ပါသည်။

အိတ်ဇောစနစ်က ပိတ်ဆို့နေလျှင်လည်း အပူရှိန်များက အတွင်းဘက်ကိုပြန်လာပြီး အင်ဂျင်အပူရှိန်မြင့်တက်ပါသည်။

ကျောက်ဆန်ခါ ပိတ်ဆို့နေသလားစစ်ဆေးရပါမည်။ ကျောက်ဆန်ခါပိတ်ဆို့နေလျှင် ဆေးကြောသန့်စင်ခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်း   ပြုလုပ်ရပါမည်။

မီးတိုင်ပင်မမှန်ခြင်းကြောင့် ခေါက်သံထွက်လာပြီး အင်ဂျင်အပူရှိန်လွန်ကဲခြင်းလည်းဖြစ်တတ်ပါသည်။ အရည်အသွေးပြည့်မီသော လောင်စာဆီကိုသာ အသုံးပြုရမှာဖြစ်သလို အင်ဂျင်ပလတ်များ ချို့ယွင်းနေလျှင်လည်း ကျွမ်းကျင်သော ဝပ်ရှော့ပ်ဆရာနှင့်ပြသပြီးလဲလှယ်သင့်ပါသည်။

 

Read 2027 times