ကားစီးရေ ၁ သန်း ပြည်ပတင်ပို့ရန် ထိုင်းရည်မှန်း
ကိုဗစ်နှင့် ကမ္ဘာ့ချစ်ပ် မလုံလောက်မှုကြောင့် ထိုင်းနိုင်ငံ မော်တော်ယာဉ် စက်မှုလုပ်ငန်းကဏ္ဍတွင် ပြည်ပတင်ပို့သည့် စီးရေ ၂ နှစ်တိုင်တိုင် လျော့ကျနေခဲ့ပြီး ယခုနှစ်တွင် စီးရေ ၁ သန်း ပြည်ပသို့ တင်ပို့ရန် မျှော်မှန်းထားကြောင်း Federation of Thai Industries (FTI) က ပြောကြားသည်။
ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်က စီးရေ ၁ သန်း နီးပါးတင်ပို့ခဲ့သည်။
၂၀၂၀ တွင် ထိုင်းနိုင်ငံသည် Covid-19 ပထမဆုံးအကြိမ် ထိခိုက်ခဲ့သဖြင့် ပြည်ပတင်ပို့ရန် ကားထုတ်လုပ်မှု လျော့ကျခဲ့ပြီး စီးရေ ၇၀၄,၆၂၆ စီးမျှသာ တင်ပို့နိုင်ခဲ့သည်။
၂၀၂၁ တွင် စီးရေ ပြန်တိုးလာပြီး ၉၅၆,၅၃၀ စီး တင်ပို့နိုင်ခဲ့သည်။
"ကျွန်တော်တို့ ပြည်ပသို့ တင်ပို့ရန် ကားထုတ်လုပ်မှု ၄.၅၄% တက်လာမယ်လို့ မှန်းထားပါသတယ်။ ယခုနှစ်မှဦ စီးရေ ၁ သန်းဝန်းကျင် တင်ပို့နိုင်ပါလိမ့်မယ်" ဟု FTI ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရသူ Surapong Paisitpatanapong က ပြောကြားသည်။
လန်ချာဘံ ရေနက်ဆိပ်ကမ်းတွင် ပြည်ပတင်ပို့မည့် ပစ်ကပ်များ သင်္ဘောတင်ရန် နေရာယူနေပုံ
ပြည်ပဈေးကွက်တွင် ဝယ်လိုအား မြင့်တက်လာနေကြောင်း ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံသည် အဓိက ကားထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အထူးသဖြင့် ပစ်ကပ်ကားများ ထုတ်လုပ်တင်ပို့သည်။
ပြီးခဲ့သည့်နှစ်တွင် ကားထုတ်လုပ်မှု စုစုပေါင်းသည် ၁.၆၈ သန်း ဖြစ်ပြီး ၂၀၂၀ ခုနှစ်ထက် ၁၈.၁၂ % ပိုများခဲ့သည်။ ပြည်တွင်းဈေးကွက်အတွက် စီးရေ ၇၂၉, ၁၇၅ စီး ထုတ်လုပ်ခဲ့သည်။
၂၀၂၁ တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်မှာ စီးရေ ၁.၅၅~၁.၆၀ သန်း ဖြစ်သည်။ ယခုနှစ်တွင် စီးရေ ၁.၈ သန်း အထိ ရှိနိုင်သည်။ စီးရေ ၁ သန်းကို ပြည်ပသို့ တင်ပို့မည် ဖြစ်ပြီး စီးရေ ၈ သိန်းကို ပြည်တွင်းမှာ ရောင်းချမည် ဖြစ်သည်။
၂၀၂၁ ဒီဇင်ဘာလတွင် ကား စီးရေ ၁၅၄,၃၆၈ စီး ထုတ်လုပ်ခဲ့ပြီး မော်တော်ဆိုင်ကယ်စီးရေ ၂၁၇,၄၂၃ စီး ထုတ်လုပ်ခဲ့သည်။