ပစ္စည်းအလုံအလောက်မရသဖြင့် ထိုင်း ကားပြည်ပတင်ပို့မှု ထိခိုက်
၂၀၂၂ မတ်လတွင် ထိုင်းနိုင်ငံမှ ကားစီးရေ ၉၃,၈၄၀ တင်ပို့ခဲ့သည်။ ယမန်နှစ် မတ်လထက် ၁၀.၂% လျော့နည်းသည်။ မော်တော်ယာဉ်သုံး ချစ်ပ်များ အလုံအလောက် မရခြင်း၊ ယာဉ်အစိတ်အပိုင်းများလည်း အလုံအလောက်မရခြင်းတို့ကြောင့် ထုတ်လုပ်သည့် စီးရေ လျော့ကျခဲ့သည်။ ရုရှားက ယူကရိန်းကို ကျူးကျော်သည့် စစ်ပွဲကြောင့် အလုံအလောက်မရသည့် ပြဿနာ ပိုဆိုးဝါးလာနိုင်သည်ဟု ထိုင်းစက်မှုအသင်းချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။

ဩစတေးလျ၊ ဥရောပနှင့် အာရှ ဈေးကွက်များသို့ တင်ပို့မည့်မော်ဒယ် အများအပြားတို့သည် ပစ္စည်းပြတ်လပ်မှုကြောင့် ထုတ်လုပ်မှု ထိခိုက်ကြသည်ဟု FTI ဒုဥက္ကဋ္ဌ Surapong Paisitpatanapong က ပြောကြားသည်။
ယာဉ်ပစ္စည်းများ ပြတ်လပ်ရသည့်အကြောင်းတစ်ချက်မှာ တရုတ်နိုင်ငံမှ ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချထားခြင်း ဖြစ်သည်။ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် ကမ္ဘာ့ပစ္စည်းပေးသွင်း ကွင်းဆက်ကို ထိခိုက်သည်ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံဈေးကွက်အပါအဝင် ကမ္ဘာ့ဈေးကွက်များသို့ ယာဉ်ပစ္စည်းများ ပေးသွင်းနေသည့် ပဓာနကျသည့် စက်ရုံ ၂ ရုံသည် ရှန်ဟိုင်းမြို့တွင် တည်ရှိသည်။ ထိုစက်ရုံများထံမှ ယာဉ်ပစ္စည်းများ မရနိုင်ချေ။ "ကပ်ရောဂါ အခြေအနေ များမကြာခင်မှာ ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု Mr Surapong က ပြောကြားသည်။
ယူကရိန်းကို ကျူးကျော်သည့် စစ်ပွဲအခြေအနေများက ထိုင်းနိုင်ငံမှ ကမ္ဘာ့ကားလုပ်ငန်းများအပေါ် သက်ရောက်မှုများကို အသင်းချုပ်က မျက်ခြည်မပြတ်စောင့်ကြည့်နေသည်။ ကားတပ်ဆင်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများ ပေးသွင်းမှုကို ဆက်လက်ထိခိုက်နိုင်သည်။
FTI မှ ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မော်တော်ယာဉ်စီးရေ ၂၄၃,၁၂၄ ထုတ်လုပ်ခဲ့သည်။ ယခင်နှစ် အလားတုကာလထက် ၅.၈၁% လျော့နည်းသည်။ ပြည်ပတင်ပို့သည့် ကားများ၏ တန်ဖိုးစုစုပေါင်းမှာ ၀.၈၆% ပိုများသည်။ ဘတ် ၁၄၄.၁၆ ဘီလျံဖိုး တင်ပို့ခဲ့သည်။
ပြည်တွင်းဈေးကွက် ကားရောင်းအားသည် စီးရေ ၈၇,၂၄၅ ရှိသည်။
ဇန်နဝါရီလမှ မတ်လအထိ ကားစီးရေ ၂၃၁,၁၈၉ ရောင်းရသည်။
မတ်လတွင် ကားစီးရေ ၁၇၂,၆၇၁ ထုတ်လုပ်ခဲ့သည်။ ဇန်နဝါရီလမှ မတ်လအထိ ကားစီးရေ ၄၈၀,၀၇၈ ထုတ်လုပ်ခဲ့သည်။
ထိုင်းပြည်တွင်းဈေးကွက်တွင် ကားရောင်းအား မတ်လတွင် မြင့်တက်ခဲ့သည်။ ကိုဗစ်တားမြစ်ပိတ်ပင်မှုများ ဖြေလျော့လိုက်သဖြင့် စီးပွားရေး လုပ်ကိုင်မှုများ အသက်ပြန်ဝင်လာသည်။
Bangkok International Motor Show ကျေးဇူးကြောင့်လည်း ရောင်းအားတက်သည်။ မတ်လကုန်မှ ဧပြီလဆန်းအထိ ကျင်းပခဲ့သော ကားပြပွဲတွင် အမှာစာများ မျှော်လင့်ထားသည်ထက် ပိုများခဲ့သည်ဟု Surapong Paisitpattanapong က ပြောကြားသည်။
"ပထမ ၃လပတ်မှာ ရောင်းအားကောင်းတာကြောင့် ယခုနှစ် ကားရောင်းအား စီးရေ ကိုးသိန်းအထိ ရောက်သွားနိုင်တယ်" ဟု ၎င်းက ပြောကြားသည်။
FTI က ပြည်တွင်းရောင်းအားကို စီးရေ ၈၀၀,၀၀၀~၈၅၀,၀၀၀ ရှိမည်ဟု မျှော်မှန်းထားသည်။ ပြည်ပတင်ပို့သည့် စီးရေကို ကိုးသိန်းခွဲမှ တစ်သန်းအထိ မျှော်မှန်းထားသည်။
ထိုင်းနိုင်ငံသည် Toyota, Honda, Mitsubishi အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေး လုပ်ငန်းကြီးများက ပြည်ပတင်ပို့ရန် ကားများ ထုတ်လုပ်ရန် အခြေစိုက်ထားသည့် နိုင်ငံ ဖြစ်သည်။
ရင်းမြစ် .bangkokpost.com