ကားဟောင်း၍အင်ဂျင်ကျလာပါကယာဉ်မောင်းအများစုကြုံတွေ့ရတတ်သည့်ပြဿနာမှစက်နှိုးမရခြင်း ဖြစ်သည်။
လောင်စာစနစ်၊ မီးပေးစနစ်(Ignition System) ကောင်းသော်လည်းမော်တာမကောင်းသည့်ပြဿနာအများစုမှာ
(၁)ဘက်ထရီအားအဝင်နည်းခြင်း
(၂)starter switch အိုးပင်း(န်)ဆားကစ်ဖြစ်နေခြင်း
(၃)မော်တာအာမေချာရှော့ခ်ဖြစ်နေခြင်း
(၄)မော်တာကာဗွန်စားပြီးတိုနေခြင်း
(၅)ကာဗွန်ကျိုးနေတတ်ခြင်း
(၆)မော်တာကာဗွန်အထိုင်ရှော့ခ်ရှိခြင်း၊အထိုင်ချောင်နေခြင်း
(၇)Field Coil အိုးပင်း(န်)ဖြစ်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း
(၈)အာမေချာရှပ်အထိုင်ဘောလ်များစားနေခြင်း
(၉)အာမေချာကြေးခေါင်းများပွန်းစားပြီးမညီမညာဖြစ်နေခြင်း
(၁၀)Drive ပင်နီယမ်အသွားများစားသွား၍ ဖလိုင်းဝှီးပင်နီယံအသွားနှင့်ချိတ်ဆက်ရာတွင်ချော်နေတတ်ခြင်း
(၁၁)ဆိုလိုနွိုက်ကြေးပွိုင့်များမီးစားနေခြင်းကြောင့်ထိတွေ့မှုအားနည်းနေတတ်ခြင်း
စက်နှိုးမော်တာလှည့်အားမကောင်းဘဲမော်တာအီနေပါကစက်နှိုးရခက်သည်။
ဖြစ်နိုင်ချေရှိသည့်အားနည်းချက်များကိုတစ်ဆင့်ပြီးတစ်ဆင့်စဉ်းစား၍ရှာဖွေပါ။
ဘက်ထရီအခြေအနေအားစစ်ဆေးပါ။
ကေဘယ်ဝါယာအဆက်များကောင်းကောင်းစစ်ပါ။
ဘက်ထရီနှင့်ဝါယာများကောင်းနေလျှင်မော်တာမကောင်း၍ဖြစ်နိုင်သည်။
ဒိုင်နမိုမော်တာဆားဗစ်ဆိုင်တွင်မော်တာ၏ အပြစ်ကိုရှာဖွေပြီးပြုပြင်ပါ။ဒီဇယ်ကားများတွင်သုံးသော မော်တာသည်ပိုမိုအားကောင်းရန်လိုအပ်သောကြောင့်မော်တာအားအမြဲဂရုတစိုက်စစ်ဆေးရန်လိုအပ်ပါသည်။
12volt မော်တာအား 24 Volt အားသုံး၍မနှိုးသင့်ပါမော်တာလောင်တတ်ပါသည်။
မြင့်မားသောဗို့လ်အားကြောင့်အခြားလျှပ်စစ်ပစ္စည်းများကိုပျက်စီးသွားစေသည်။
စက်နှိုးထိုင်းသောအင်ဂျင်များကိုအကြိမ်ရေများစွာမော်တာကိုဆွဲပါကမော်တာအပူလွန်ပြီး၊ကွိုင်များလောင်တတ်သည်။
ကားတွင်သုံးသောစက်နှိုးမော်တာသည်စက္ကန့်ပိုင်းမျှသာသုံးစွဲရန်ဒီဇိုင်းပြုလုပ်ထားပါသည်။
အချိန်ကြာကြာဆက်သုံးပါကမော်တာကွိုင်များအပူချိန်တက်လာပြီးလောင်ကျွမ်းတတ်သည်ကိုသတိပြုပါ။
မော်တာအားကောင်းစွာလည်ပြီးစက်မနိုးပါကအင်ဂျင်တွင်အခြားအပြစ်အားနည်းချက်များရှိနေသောကြောင့်ဖြစ်သည်။
လောင်စာပို့စနစ်၊မီးစနစ်များကောင်း၊မကောင်းအပြစ်ရှာကြည့်ပါ။
ပြည်ပမှယခုဝင်ရောက်လာသောမော်ဒယ်လ်မြင့်ကားသစ်များတွင်စက်နိုးမော်တာပြဿနာများရှိသော်လည်းယခင်ကားဟောင်းများနှင့်ဒီဇယ်အင်ဂျင်များတွင်မော်တာကိုပုံမှန်စစ်ဆေးပြုပြင်ထိန်းသိမ်းရန်လိုအပ်ပါသည်။
Taxi အငှားယာဉ်များနှင့်ခရီးသည်တင်ဘတ်စ်ကားများသည်မော်တာဒုက္ခပေး၍ခရီးသည်များပါဝိုင်းပြီးတွန်းပေး နေရသည့်မြင်ကွင်းသည်မဖြစ်သင့်တော့ပါ။
ဘက်ထရီနှင့်မော်တာကိုပုံမှန်စစ်ဆေးထိန်းသိမ်းထားပါကစက်နိုးမရသည့်ဒုက္ခမှကင်းဝေးပါမည်။