ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် စက်လည်ပတ်မှုမမှန်တော့ဘဲ အင်ဂျင်ဆွဲအားကျခြင်း ၊ Slow တွင် အင်ဂျင် တုန်ခြင်း ၊ ရုတ်တရက် စက်သေသွားခြင်း၊ စက်သံမမှန်ခြင်းစသော ပြဿနာမျိုးကို ကားသမားတိုင်း ကြုံဖူးပါလိမ့်မည်။
ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ မီးပျောက်၊ ဆီပျောက်ဖြစ်လျှင် ထိုကဲ့သို့ ဖြစ်တတ်ပါသည်။ အင်ဂျင် စွမ်းဆောင်ချက် ကျဆင်းလာပါသည်။ စက်သံမမှန်တော့ဘဲ အင်ဂျင်ပါဝါစွမ်းအားလည်း ကျဆင်းသွားပါသည်။
လီဗာနင်းသလောက် အင်ဂျင်တက်မလာတော့သောကြောင့် ဆီကုန် သလောက် ခရီးမရောက်တော့ဘဲ ဆီစားနှုန်းမြင့်လာပါသည်။
အင်ဂျင်မှန်နေတုန်းက ဆီတစ်ဂါလန်ကို မိုင် (၃၀) ကျော်လောက်ရပြီး ယခုအခါ (၂၅) မိုင်တောင် မရတော့ခြင်းကို တွေ့ရတတ်ပါသည်။
ကားအိတ်ဇောပိုက်ကလည်း အီမစ်ရှင်းထုတ်လွှတ်မှုများ များနေသည်။ ကားမောင်းရတာ စိတ်တိုင်းကျ မဖြစ်ဘဲ အင်ဂျင်ကလိုချင် သလောက် မပို့နိုင်တော့သဖြင့် ကားစက်နှိုးရခြင်းလည်း ခက်ခဲပါသည်။
ထိုကဲ့သို့ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့် အပြစ်ချက်များ ရှာဖွေမည်ဆိုလျှင် ကား အင်ဂျင်တစ်လုံးဖွဲ့စည်းတည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံသဘောတရားကို နားလည်ထားပါက လွယ်ကူပါသည်။
အင်ဂျင်တစ်လုံး လုပ်ဆောင်လည်ပတ်မှုဖြစ်စဉ် မူမမှန် ဖြစ်စေသည့် အခြေခံအကြောင်းတရား သုံးမျိုးရှိပါတယ်။
၎င်းတို့မှာ (က) လောင်စာဆီပို့စနစ်မှာ ချွတ်ယွင်းချက်အပြစ်များရှိနေခြင်းကြောင့် ဆီပို့မှု မမှန်ခြင်း။ (ခ) မီးမမှန်ခြင်း၊လေနှင့် လောင်စာဆီ အရောအနှောများ အင်ဂျင်ထဲတွင် မီးလောင်ပေါက်ကွဲမှု ပုံမှန်ဖြစ်ဖို့ မီးပေးခြင်းမှန်ရပါသည်။ မီးမမှန်တာ မီးပျောက်တာမျိုးမရှိရပါ။ (ဂ) အင်ဂျင် Compression ကျသောအခြေအနေမျိုးဆိုပြီး ဓာတ်ဆီ အင်ဂျင်ကောင်းကောင်း အလုပ်မလုပ်နိုင်သည့် အရင်းခံအကြောင်းတရားများ ဖြစ်ပါသည်။
ခေတ်ပေါ် ကားများတွင် ကွန်ပျူတာစနစ်နှင့် ထိန်းကျောင်းသည့် EFI အင်ဂျင်ဖြစ်ခြင်းကြောင့် ကား ဒတ်ချ်ဘုတ်တွင် အင်ဂျင် Check မီးလင်းလာခြင်းကို မြင်ရပါလိမ့်မည်။
(၁၉၉၆) ခုနှစ်နှင့်အထက် မော်ဒယ်မြင့် ကားများတွင် OBD II စနစ်နှင့် ကားတစ်စီးမှာ မည်သည့်ရောဂါများဖြစ်နေသလဲဆိုတာ ရှာဖွေစစ်ဆေးကြည့်လို့ရပါသည်။
OBD ဆိုသည်မှာ On-Board Diagnosic ၏ အတိုကောက်စကားလုံးဖြစ်ပြီး OBD II Scan Toolနှင့်ထိုး၍ စစ်ဆေးကြည့်လျှင် ကုတ်နံပါတ်များ ပေါ်လာပါသည်။
ကုတ်နံပါတ်တွေကို ကြည့်ပြီး မည်သည့်အစိတ်အပိုင်းမှာ အားနည်းချက် ဖြစ်နေသလဲဆိုတာ သိနိုင်ပါသည်။
ကာပရိုက်တာများ၊ ဒစ်စတြီဗြူတာများ ပါဝင်သော ခေတ်ဟောင်းကားများတွင် အင်ဂျင်လုပ်ဆောင် ချက်မမှန်ခြင်းကို ဒတ်ချ်ဘုတ်မှာ သတိမပေးပါဘဲ ဆီပျောက်၊ မီး ပျောက်ဖြစ်နေတာကို ဉာဏ်မျက်စိနှင့် အတွေ့အကြုံ ပေါင်းစပ်ပြီး စစ်ဆေးရှာဖွေကြည့်ရပါသည်။
စမ်းသပ် စစ်ဆေးရတာလွယ်ပါတယ်။ အပြစ်တွေ့လို့ ပြင်ရတာလည်း မခက်ပါဘူး။ ကျွမ်းကျင်သော ကားသမားဆိုရင် ပြဿနာ အသေးအဖွဲလေးများကို မိမိဘာသာမိမိပြင်တတ်ပါသည့်အပြင် ကားဝပ်ရှော့ပ်ဆရာ ကိုလည်း မိမိကား ဘာဖြစ်နေပါတယ်ဆိုသည်ကို ရှင်းပြနိုင်ပါသည်။
မက္ကင်းနစ်ဆရာများက အပြစ်ရှိသည့်နေရာကိုရှာ၍ စမ်းသပ်စစ်ဆေးကြည့်ပြီး မကောင်းသည့်အစိတ်အပိုင်းကို ပြန်ပြင်ပြီး ပြင်မရသည့် အစိတ်အပိုင်းကို အသစ်တစ်လုံးနှင့် အစားထိုးလဲပေးပြီးနောက် အင်ဂျင်ကျူးနင်း ပြန်လုပ်လိုက်လျှင် အားလုံးအဆင်ပြေသွားနိုင်ပါသည်။
ခေတ်ဟောင်းကားများတွင် လောင်စာဆီပို့စနစ်က ရိုးရှင်းသောကြောင့် ကာပရိုက်တာ မကောင်း ပါက ဖြုတ်ဆေးပြုပြင်၍ ဆီစစ်ဘူးပိတ်နေပါကအသစ်လဲပေးပါ။ မီးပေးစနစ်မှာလည်း ပလပ်များ၊ ပလပ်ကြိုးများ၊ ဒစ်စတြီဗြူတာများ၊ မီးပေးကွိုင်များ ကောင်း မကောင်း စစ်ဆေး စမ်းသပ်ကြည့်နိုင်ပါသည်။
မီးပွားပွင့်ခြင်း ကောင်း မကောင်း ပလပ်တစ်လုံးချင်းကို စမ်းသပ်ကြည့်နိုင်ပြီး မကောင်းတဲ့ပလပ်ကို ဆေးကြောသန့် ရှင်းပြီး ပလပ်ထိပ်က Gap အကွာအဝေးကို တိုင်းကြည့်ပါ။
ဒစ်စတြီ ဗြူတာက Breaker Point ကိုစစ်ဆေးပါ။ ပွိုင့်မျက်နှာပြင် မီးစားနေပါက ပွိုင့်အသစ်တစ်လုံးလဲပေးပါ။ ပွိုင့်ကို ပြန်ချိန်ပါ။ ဒစ်စတြီဗြူတာ Cap ဖုံးနှင့် မီးကွိုင်ကလာတဲ့ High Tension Wire ကောင်းသည်ဆိုလျှင် Advanced မီးတိုင်မင်ကို ကစားပေးသည့်စနစ်ကို စစ်ဆေးပါ။ မီးတိုင်မင်စောပေးသည့် စနစ်ကို Advanced Firing Timing လို့ခေါ်ပါသည်။
အင်ဂျင် Compression ကောင်းခြင်းဆိုသည်မှာ အင်ဂျင်လုံမှုကိုပြောခြင်းကြောင့် အင်ဂျင်လုံရန် Intake Valve များ၊ Exhaust Valve များလုံရန်လိုပါသည်။
ပစ္စတင်ရိန်းကွင်းများ စားပြီး ချောင်နေလျှင် ဆလင်ဒါစလစ်နှင့် ပစ္စတင်ကြားက လေထွက်နိုင်ပါသည်။
ပစ္စတင်ရိန်းကွင်းများစားသွားသည့်နောက်ဆက်တွဲ ပြဿနာကတော့ အင်ဂျင်ဝိုင်စားသည့် အချက်ဖြစ်ပြီး ဆလင်ဒါနံရံမှာ ကပ်ငြိနေသောအင်ဂျင်ဝိုင်ချောဆီများကို ပစ္စတင်ရိန်းက ကုန်စင်အောင်ခြစ် မပေးနိုင်တော့ပေ။
အထူးသဖြင့် အိတ်ဇောဗားလည်တိုင်ခြေရင်းမှာ မီးမလောင်နိုင်သည့် ကာဗွန်ချိုးများ ထောက်ပြီး အိတ်ဇောဗားမလုံတော့သည့် ပြစ်ချက်သာ ဖြစ်ပါသည်။
ဗားဆီး၊ ဗားဂိုက်များလည်းမကောင်း၊ ဗားတွေလည်းမလုံတော့ပါက အင်ဂျင် Head ဖွင့်ပြီး ပြုပြင်သင့်ပါသည်။
အင်ဂျင် Head သီးသန့်ပြုပြင်ပေးသည့်ဝပ်ရှော့ပ်တွင် လိုအပ်နေသည်များကို စစ်ဆေးပြုပြင်ပါ။
အင်ဂျင် Head တွင်ရှိသော Combustion Chamber မှာ ကာဗွန်ချိုးများ အနည်ထိုင်ပြီး ချိုးကပ် နေတတ်ပါသည်။
အင်ဂျင် Compression မကောင်းသည့် နောက်ဆုံးအပြစ်မှာ အင်ဂျင်ဂတ်စ်ကတ်ဖြစ်ပြီး အင်ဂျင်ဘလောက်နှင့် အင်ဂျင် Head ကြားတွင် Seal ဖြစ်ပြီးလုံနေအောင် ဂတ်စ်ကတ်က ဆောင်ရွက်ပေးပါသည်။
အင်ဂျင် Head ဖွင့်ကြည့်လိုက်သည်နှင့် ဂတ်စ်ကတ်အသစ်တစ်ချပ်လဲပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
Air Cleaner လေစစ်ဇကာ ပိတ်နေပါက လေမှုတ်သန့်ရှင်းပေးပါ။ ဟောင်းနွမ်းစုတ်ပြတ်နေပြီဆိုလျှင် လေစစ် ၤ Filter တစ်ခုအသစ်လဲပေးပါ။ အင်ဂျင်လည်းလုံသွားပြီး မီးတိုင်မင်လဲမှန် ကာပရိုက်တာက
လောင်စာဆီပို့ခြင်းကလည်း မှန်တယ်ဆိုလျှင် စက်နှိုးကြည့်ပြီး ချိန်ညှိပေးရပါသည်။
ဘက်ထရီများ စက်နှိုးမော်တာစနစ်များကောင်းပါက ကားသော့တစ်ချက်လှည့်လိုက်သည်နှင့် အင်ဂျင်စက် ချက်ချင်းနှိုးနိုင်ရမည်ဖြစ်ပြီး စက်နှိုးသွားလျှင် အင်ဂျင် Slow လည်ပတ် နှုန်းငြိမ်နေအောင် ချိန်ညှိပေးရပါသည်။
အားလုံးချွတ်ယွင်းချက်အပြစ်များ ဖယ်ထုတ်ပြီးပြုပြင်ချိန်ညှိပြီးပြီဆိုလျှင် အင်ဂျင်စက်သံပုံမှန်ဖြစ်လာမည်။
အင်ဂျင်အဆွဲအရုန်းများ ကောင်းလာပြီး အင်ဂျင်မီးခေါက်သံလည်း မကြားရတော့သော်လည်း အရေးကြီးသည့် အချက်က အင်ဂျင်ကကောင်းနေပါလျက် ဓာတ်ဆီညံ့ပြီး မသန့်ရှင်းလျှင် မီးသံကြားနေရပါလိမ့်မည်။
အောက်တိန်းဆီအမှန်ကို ထည့်သုံးပါ။ အရည်အသွေးမြင့်သည့် လောင်စာဓာတ်ဆီသုံးမှ အင်ဂျင်စွမ်း ဆောင်ချက်အကောင်းဆုံးကို ရနိုင်ပါသည်။
EFI စနစ်သုံး ခေတ်ပေါ်ကား အင်ဂျင်များတွင် ကွန်ပျူတာစနစ်နှင့် ထိန်းကျောင်းခြင်းကြောင့် အင်ဂျင်မူမမှန်သည့် ပြဿနာဖြစ်လျှင် OBD II Scan Tool နှင့် ရောဂါရှာရပါသည်။
Scan Tool မှာ ရောဂါဖြစ်နေသည့် နေရာ၏ ကုတ်နံပါတ်နှင့် ဖော်ပြပါသည်။ ဥပမာ ကုတ်နံပါတ် P0301 ဆိုလျှင် ပစ္စတင်၊ ဆလင်ဒါ နံပါတ်တစ်ကို ရည်ညွှန်းတာဖြစ်ပြီး P0302 ကုတ်နံပါတ်ဆိုရင် နံပါတ်နှစ် ဆလင် ဒါကို ဆိုလိုသကဲ့သို့ အကယ်၍ P0303 ကုတ်နံပါတ်ဆိုရင် ဆလင်ဒါ နံပါတ်သုံးမှာ ပြစ်ချက် တစ်ခုခုရှိနေပြီလို့ အဓိပ္ပာယ်ရပါသည်။ အပြစ်ရှိတဲ့နေရာကို တိတိကျကျ သိဖို့ OBD II Scan Tool နဲ့ စစ်ဆေးစမ်းသပ် ရပါသည်။
အင်ဂျင်စက်သံ မမှန်တာ မီးပျောက်နေလို့လား ပလပ်တွေကို တစ်လုံးချင်း ပလပ်ကြိုးနဲ့ခွာပြီး စစ်ဆေးကြည့်ပါ။ ပလပ်ကြိုးဖြုတ်လိုက်သည်နှင့် အင်ဂျင် Slow မှာ ငြိမ်နေရာကနေ တုန်ခါလာပြီဆိုရင်တော့ ထိုပလပ် အလုပ်လုပ်နေတယ်ဟု မှတ်ယူနိုင်ပါသည်။
သို့သော်နဂိုကတည်းက အင်ဂျင်စက်သံမမှန်ဘဲ Slow မှာ တုန်ခါနေတယ်ဆိုရင်တော့ ပလပ်ကို ဖြုတ်ပြီးစစ်ဆေးဖို့လိုပါသည်။
ပလပ်ကို မီးပို့ပေးသည့် ပလပ်ဝါယာကြိုး ကာဘာ ကွဲအတ်နေခြင်း၊ ပေါက်ပြဲနေခြင်းမျိုးဖြစ်ရင် ပလပ်ကို မီးမရောက်နိုင်သည့်အပြင် ပလပ်ကြိုးထဲက ကာဗွန်ကြိုးပြတ်နေရင်လည်း ပလပ်ကို မီးမရောက်နိုင်ပေ။
မီးကွိုင်ကိုလည်း မီးထွက်အား ကောင်း မကောင်းစမ်းသပ်စစ်ဆေးဖို့ လိုပါသည်။ ခေတ်ဟောင်းကားများတွင် မီးကွိုင်တစ်လုံးတည်း သုံးသော်လည်း ခေတ်ပေါ်ကားတွေမှာ ပလပ်တစ်လုံး ကို Ignitor တစ်လုံးစီမီးပေး ပါသည်။
Ignitor တစ်လုံးချင်းစီကို မီးစမ်း ကြည့်ဖို့လိုပါသည်။ EFI စနစ်မှာ ဆလင်ဒါတစ်လုံးချင်းအတွက် Injector တစ်လုံးစီက ဆီဖျန်းပေးပါသည်။
ဆီ ပမာဏနှင့် တိုင်မင်ကို ကွန်ပျူတာက ထိန်းချုပ်အမိန့်ပေးပါသည်။ Injector တွေ သုံးတာ ကြာလာလျှင် ချေးပိတ်ခြင်း ၊ ကာဗွန်ချိုးကပ်ခြင်း၊ ထိပ်ဖျားမှာ ဗားနစ်ကပ်နေခြင်းများကြောင့် Injector က ဆီဖျန်းပေးသည့် Spray ပုံစံမမှန်တော့ပေ။
ဆီ မသန့်လျှင် Injector တွေ ဒုက္ခပေးပါသည်။ Injector များကို ဖြုတ်ပြီး စမ်းသပ်စစ်ဆေး ကြည့်ဖို့လိုပါသည်။
ဆေးရည်နဲ့သန့်ရှင်းပြီးပြန်သုံးကြည့်ပါ။ လုံးဝပြုပြင် မရပါမှ Injector အသစ်လဲပေးပါ။ EFI စနစ်မှာ ဆီတိုင်ကီတွင်းမှ လောင်စာဆီများကို Commond Rail လိုင်းထဲရောက်အောင် Fuel Pump က တွန်းပို့ပေးရပါသည်။
ဆီလိုင်းထဲမှာ သတ်မှတ် ဆီဖိအားအတိုင်း ရှိနေဖို့ Pressure Regulator က ထိန်းညှိပေးပါသည်။ ဝယ်သုံးတဲ့ဆီ မသန့် ရှင်းလျှင် Fuel Filter ပိတ်ပြီး ဆီ Pres- sure ကျနိုင်ပါသည်။ ဆီပန့်မော်တာ တွန်းအား ကျဆင်းနေလျှင်လည်း ဆီလိုင်းထဲမှာ ဆီဖိအားကျနိုင်ပါသည်။ ဆီပန့် အသစ်တစ်လုံး လဲပေးဖို့လိုအပ်ပါသည်။
အင်ဂျင် Compression ကျနေရင် ကားစက်နှိုးရတာ ခက်ခဲစေပါသည်။ Compression ကျသည်ဆိုခြင်းမှာ အင်ဂျင်မလုံသည့် အားနည်းချက် တစ်ခုခုရှိလို့ဖြစ်ပါသည်။
ဗားတွေ အထိုင်မလုံတာလား၊ ပစ္စတင်ရိန်းတွေ စားနေတာလား၊ ဂတ်စ်ကတ်မလုံတာ လား စစ်ဆေးဖို့လိုပါသည်။ အင်ဂျင် မူမမှန်ဖြစ်စေတဲ့ တခြားချွတ်ယွင်း အားနည်းချက်များမှာ သရော်တယ်ဗား အဝင်လေပိုက် အဆက်များ ကွဲအတ်နေခြင်းကြောင့် အင်ဂျင် လေအဝင်ဟာနိုင်ပါသည်။
လေဟာနေရင်လေနဲ့ လောင်စာဆီရောစပ်မှု အချိုးမမှန်နိုင်တော့ဘဲ လေများပြီး ဆီနည်းသည့် ရောစပ်မှုအချိုးဖြစ်နေပါလိမ့်မည်။
ဓာတ်ဆီကားအင်ဂျင် တစ်လုံးတွင် လေနှင့် လောင်စာဆီရောစပ်မှုအချိုးမှန်ဖို့ ကွန်ပျူတာတွက်ချက်သည့်အခါမှ အောက်ဆီဂျင်ဆင်ဆာက သတင်းအချက်များ၊ MAF ဆင်ဆာက အချက်အလက်များကို အသုံးပြုရပါသည်။
ထိုဆင်ဆာများ မကောင်းလျှင် အာရုံခံထောက်လှမ်းသည့်အချက် အလက်များမမှန်နိုင်တော့ပေ။ အချက်အလက်မမှန်သည့်အတွက် ကွန်ပျူတာက တွက်ချက်အမိန့်ပေးခြင်းများလည်း မှားနိုင်ပါသည်။ ဓာတ်ဆီအင်ဂျင်တစ်လုံး မှန်မှန်ကန်ကန်လည်ပတ်ပြီး စွမ်းအားပြည့် အလုပ်လုပ်နိုင်ရန် လောင်စာဆီပို့စနစ်၊ မီးပေးစနစ်များအပြင် အင်ဂျင် Compression ကောင်းဖို့နှင့် အာရုံခံဆင်ဆာများ ကောင်းဖို့လိုပါသည်။ ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းရန် လိုပါသည်။