ကားအင်ဂျင်သံ ထွက်ရသည့်အကြောင်းအရင်း


အင်ဂျင်အပူတက်နေခြင်း၊ ကားအတွင်းပိုင်းမှ ညှော်နံရနေခြင်း၊ ထူးခြားသောအသံများ ထွက်နေခြင်း၊ ကားမှ တုန်ခါနေခြင်း စသည်တို့ကို အမြဲဂရုစိုက်နေရပါမည်။

မော်တော်ကားဆိုသည်မှာ စနစ်ပေါင်းများစွာနှင့် ဖွဲစည်းထားသော ယန္တရားအစုအဝေးကြီးဖြစ်သောကြောင့် ကားကို ဂရုစိုက်ထိန်းသိမ်းတက်မှသာလျှင် ကားသက်တမ်းရှည်မည်ဖြစ်ပါသည်။

စနစ်တစ်ခု ချွတ်ယွင်းပျက်စီးသွားလျှင် ကျန်သော ဆက်နွှယ်နေသော စနစ်တစ်ခုကို သွားပြီး ထိခိုက်တက်ပါသည်။

ထို စက်ယန္တရားအစုအဝေးကြီးသည် အချိန်တန်လျှင် ပွန်းစားပျက်စီးသွားခြင်းမှာ သဘာဝဖြစ်ပါသည်။

ကားအင်ဂျင်တစ်လုံး ချောမွေ့စွာလည်ပတ်ရန် ချောဆီပို့စနစ်က အင်ဂျင်ဝိုင်များကို ဖိအားတစ်ခုနှင့် ဆီလိုင်းများအားလုံးကို ရောက်အောင်တွန်းပို့ပါသည်။

အကြောင်းတစ်ခုခုကြောင့် ချောဆီပို့စနစ်မှာ ချွတ်ယွင်းအားနည်းမှုများ ဖြစ်လာခဲ့လျှင် အင်ဂျင်ဆီငတ်သောပြဿနာဖြစ်လာပါသည်။

ချောဆီငတ်ရာမှ အင်ဂျင်အစိတ်အပိုင်းများ ပွတ်တိုက် ပွန်းစားသွားတက်ပါသည်။

လည်ပတ်စေခိုင်းနေသော အင်ဂျင်တစ်လုံးက ထူးခြားသော ဆူညံသံများ ကြားရလျှင် သတိထားပြီး စစ်ဆေးရပါမည်။

အင်ဂျင်အသံပုံမှန်ရှိနေရာမှ အသံပြောင်းသွားခြင်းသည် ထူးခြားမှုတစ်ခုခု ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအသံ မည်သည့်နေရာမှလာသည်၊ မည်သည့်အချိန်မျိုးတွင် ကြားရသည်ကို သိရှိစေရန် အင်ဂျင်လည်ပတ်နှုန်း (Speed) ကို အမျိုးမျိုး ပြောင်းပြီး လှည့်ကြည့်သည့်ပါသည်။

အင်ဂျင် Clicking Noise ဆူညံသံ

ကားစက်နှိုးပြီး လီဗာတဖြည်းဖြည်းနင်း၍ အင်ဂျင် Speed ကို မြှင့်လိုက်ပါက ဗားတိုက်ပစ်တိုက်သံ (ကလစ်) ဟူသော မြည်သံထွက်နေလျှင် မူမမှန်သော အသံဖြစ်ပါသည်။

ပထမဆုံးစစ်ဆေးကြည်ရမှာက Camshaft နှင့် Valve များအထိ အင်ဂျင်ဝိုင်တက်ခြင်း မတက်ခြင်းကို ဖြစ်ပါသည်။

Oil Pump မှ တွန်းပို့သော ဆီဖိအား နည်းနေသလား၊ အင်ဂျင်ဆီခံခွက် (Oil Pan) ထဲတွင် အင်ဂျင်ဝိုင် Level ကျနေသလားဆိုသည်ကို ဆီတိုင်းသော ထောက်တံနှင့် တိုင်းကြည့်ပါ။

ဆီလိုင်းတစ်လျှောက်တစ်နေရာတွင် ဆီပိတ်နေခြင်း၊ Oil Pump မကောင်း၍ ဆီတွန်းပို့ပေးသော Pressure မပြည့်ခြင်း၊ အင်ဂျင်ဝိုင်များ စေးပျစ်လွန်းနေခြင်း၊ အင်ဂျင်ဝိုင်စစ်ဘူးတွင် ပိတ်နေခြင်း၊သို့မဟုတ် Oil Cooler သုံးသော အင်ဂျင်ဆိုလျှင် Oil Cooler တွင် ဆီချေးများ အနယ်ထိုင်ပြီး ပိတ်ဆို့နေခြင်းများ ဖြစ်တက်ပါသည်။

OHC အင်ဂျင်များတွင် Camshaft နှင့် Valve Train ကို အင်ဂျင်ဝိုင် အရောက်နည်းခြင်း၊ အင်ဂျင်ဝိုင်ရောက် နောက်ကျလွန်းခြင်းများကြောင့် ကြာလာလျှင် ပွန်းစားမှုများပြီး ချောင်လာတက်ပါသည်။

Valve Lifter နှင့် ဗားတိုင်ကြားလွတ်အကွာအဝေးကို ပြန်ချိန်ပေးရပါသည်။

တစ်ခါတစ်ရံ ဗားစပရိန်ကျိုးနေခြင်း၊ Pushrod ကောက်နေခြင်းကြောင့်လည်း အသံထွက်နိုင်ပါသည်။

ခရီးမိုင် (၃၀၀၀၀) ခန့်မောင်းပြီးတိုင်း Valve Lash အကွာအဝေးကို ပြန်ချိန်ပေးသင့်ပါသည်။

ဗားအကွာအဝေးအလွတ် ကစားခြင်းကို တိုင်းရန် Feeler Gauge ကို သုံးရပသါည်။

ဘယ်လောက်အကွာအဝေးထားရမည်ဆိုသည်ကို အင်ဂျင်အမျိုးအစားအလိုက် ထုတ်လုပ်သူက Shop Manual တွင် ဖော်ပြထားပါသည်။

အင်ဂျင်ထဲတွင် ဖြစ်ပေါ်နေသော မူမမှန်သည့် အသံများကို သာမန်နားနှင့် မကြားနိုင်ပါပေ။

ဘာကြောင့်ဖြစ်သည်၊ ဘယ်နေရာကဖြစ်နေသည်ဆိုခြင်းမျိုး စုံစမ်းလို့ရအောင် Listening Rod (or) Stethoscope နားကြပ်သုံး ရပါသည်။

ဆရာဝန်ကိုင်တဲ့ နားကြပ်နဲ့တော့ မတူဘဲ မက္ကင်း နစ်ဆရာကိုင်တဲ့နားကြပ်က ထောက် တံ အရှည်ကြီးပါနေပါသည်။

လူနာ တစ်ယောက်၏ ကိုယ်ခန္ဓာထဲတွင် ဖြစ်ပေါ်နေသော အသံများကို ဆရာဝန်က နားကြပ်နဲ့နားထောင်ပြီး စမ်းသပ် စစ်ဆေးသကဲ့သို့ မက္ကင်းနစ်ဆရာများလည်း အင်ဂျင်တစ်လုံး၏ အသံများကိုစမ်းသပ်စစ်ဆေးရန် Stethoscope ကို သုံးရပါသည်။

အင်ဂျင်မီးခေါက်သံ (Detonation)

တောင်ကုန်းတက်လမ်းများတွင် ဝန်ကုန်ချိန် (Load) ကိုရုန်းတက်ရသည့် အခြေအနေမျိုးမှာ ဂီယာမပြောင်းဘဲ ဆက်မောင်းရင် အင်ဂျင်မီးခေါက်သံ ထွက်လာပြီး ထိုမီးခေါက်သံကို အင်ဂျင်ပျက်စီးနိုင် ပါသည်။

အင်ဂျင်ပူလွန်းလျှင်၊ ဖိအားများလွန်းလျှင် မီးခေါက်သံ ထွက်တတ်ပြီး အောက်တိန်းနံပါတ် နိမ့်လွန်းသော သာမန်ဓာတ်ဆီများကြောင့်လည်း မီးခေါက်သံထွက်နိုင်ပါသည်။

ပစ္စတင်ရိန်းအသံ (Ring Noise)

အင်ဂျင်ထဲတွင် အပေါ်တက် အောက်ဆင်းလှုပ်ရှားနေသည်မှာ ပစ္စတင်ဖြစ်ပြီး ပစ္စတင်
နှင့် ဆလင်ဒါကြားမှာ Ring များရှိပါသည်။

Ring ကျိုးနေ မည်၊ Ring ချောင်နေမည်ဆိုလျှင် ရိန်း မြည်သံထွက်နိုင်ပြီး Ring ကွင်းများကြောင့် အသံထွက်ခြင်းဟုတ် မဟုတ် စမ်းသပ်နည်းကတော့ ပလပ်များ ဖြုတ်ပြီး အင်ဂျင်ဝိုင် (15 CC) ခန့်ကို ဆင်လင်ဒါတိုင်းတွင် လောင်းထည့်ပေးပါ။

ထို့နောက် ပလပ်များ ပြန်တပ်ပြီး စက်နိုးကြည့်သည့်အခါ ဆူညံသံများ လျော့သွားသည်ဆိုလျှင် Ring ကြောင့်ထွက်သော အသံဆိုတာ သေချာပြီး ပိုပြီးသေချာအောင် အင်ဂျင် Compression Test လုပ်ကြည့်ပါ။

Connecting Rod မြည်သံ

ကွန်နတ်တိန်းဘယ်ရင် စားပြီး ချောင်နေခြင်းကြောင့် ထိုအသံမျိုးများ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ပစ္စတင် (၄) လုံးထိုးအင်ဂျင်ဆိုလျှင် ကွန်နတ်တိန်းရော့တ် ဘယ်နံပါတ်မှာ ဖြစ်နေသလဲ ဆိုတာစုံစမ်းဖို့လိုပါသည်။

Spark Plug (၁) လုံးချင်းကို မီးမပေးဘဲ စမ်းသပ်ကြည့်နိုင်ပြီး Plug ထိပ်ဖျား မှာ ဝက်အူလှဲ့ တစ်ချောင်းနှင့် ထောက်ပြီး Short လုပ်ကြည့်သည့်အခါ ဆူညံသံ လျော့သွားခဲ့လျှင် ထိုပစ္စတင်နှင့်တွဲထားသော ကွန်နတ်တိန် ဘယ်ရင် မကောင်းခြင်းမှာ သေချာပါသည်။

Plug မီးမပွင့်သည့်အတွက် ပါဝါ စတုတ်မှာ အလုပ်မလုပ်တော့သည့်အချိန်မှာ ဆူညံသံလျော့သွားလျှင် ထိုနေရာက Connecting Rod ဘယ်ရင်များစားပြီး ချောင်နေသည်ဟု ယူဆ၍ ရပါသည်။

ပစ္စတင် Pin မှ ဆူညံသံ

ပစ္စတင်နဲ့ ကွန်နတ်တိန်းရော့ ကို Pin နှင့်ဆက်ထားပါသောကြောင့် ပစ္စတင် Pin ရော၊ ဘွတ်ပါ ပွန်းစားပြီးချောင် နေခဲ့လျှင် အင်ဂျင်လည်သည့်အချိန်တွင် ဆူညံသံထွက်ပြီး အင်ဂျင် Slow လည်တအချိန်မှာပိုပြီးသိသာပါသည်။

ထိုကဲ့သို့ ပစ္စတင် Pin ပွန်းစားသွားခြင်းမှာ အင်ဂျင်ဝိုင် အတက်နည်းနေ၍ဖြစ်ပြီး ကားမောင်းနေသည့် အမြန်နှုန်း 30 mph ခန့်တွင် ထိုအသံကို ပိုပြီးကြားရပါသည်။

ပစ္စတင်ရိုက်သံ (Piston Slop)

ပစ္စတင်အပေါ် အောက်ရွေ့ လျားနေစဉ်မှာပဲ ဘေးတိုက်ရှေ့တိုး၊ နောက်ဆုတ်ရွေ့လျားခြင်းကြောင့် ဆလင်ဒါနှင့် ရိုက်သည့်အသံ ထွက်လာခြင်းဖြစ်ပါသည်။

ပစ္စတင်ပွန်းစားခြင်းသည် ဆလင်ဒါစလစ်ပွန်းစားပြီး ချောင်နေခြင်း၊ ကွန်နတ်တိန်းရှော့ကောက်နေခြင်း၊ ပစ္စတင်စကပ်လိမ်နေခြင်းများကြောင့် ထိုကဲ့သို့ ရိုက်သံထွက်လာရခြင်း ဖြစ်ပါသည်။

အရည်အသွေးညံ့လွန်းသော အင်ဂျင်ဝိုင်သုံးစွဲပြီး အင်ဂျင်ဝိုင် မှန်မှန်မလဲနိုင်ခြင်းကြောင့် အင်ဂျင်အတွင်းပိုင်းတွင် ပွန်းစားသွားခြင်းဖြစ်နိုင်ပါသည်။

Air Cleaner မကောင်းခြင်းကြောင့် လေနှင့်အတူ ဖုန်များ၊ သဲများ အင်ဂျင်ထဲကို ဝင်ရောက်ရာကနေ ပွန်းစားမှုမြန်ခြင်းလည်း ဖြစ်နိုင်ပါသည်။

အင်ဂျင်ဘယ်ရင်အသံ

အသုံးပြုတာကြာလာသော အင်ဂျင်အဟောင်းများမှာ အင်ဂျင်ဘယ်ရင် ခြမ်းများစားပြီး ကရိုင်းရှပ်ခါသည့်အသံ ထွက်လာပါသည်။

ကွန်နတ်တိန်း အတံနှင့် ကရိုင်းရှပ်ဆက်သွယ်သော ဘယ်ရင်ခြမ်းများလည်း ပွန်းစားပြီး ချောင်လာတတ်ပါသည်။

ဘယ်ရင် စားပြီးချောင်နေလျှင် အင်ဂျင်လည်သော အချိန်တွင် ဆူညံသံထွက်လာရခြင်း၏ အဓိကဖြစ်ရသော အကြောင်းရင်းမှာ အင်ဂျင်ဝိုင်ပန့်မကောင်းရာကနေ ချောဆီလိုင်းတွေထဲကို အင်ဂျင်ဝိုင်အလုံအလောက်မရောက်၍ ပွန်းစား ကုန်ခြင်းဖြစ်သောကြောင့် အရည်အသွေးကောင်းသည့် အင်ဂျင်ဝိုင်ကို သုံးပြီး ပုံမှန် ဆီလဲပေးရန် ဆီစစ်ဘူးပါလဲပေးရန်လိုအပ်ပါသည်။

ဘယ်ရင်များ ပွန်းစားပြီး ချောင်လွန်းလျှင် ကွန်နတ်တိန်းထိပ်ဖျားနှင့် ပစ္စတက် Pin အထိအင်ဂျင်ဝိုင် အတတ်နည်းသွားနိုင်ပါသည်။

အင်ဂျင် ဘယ်ရင်များ စားပြီး ချောင်လွန်းလျှင်တော့ အင်ဂျင်ချပြီး အကြီးစားပြင် ရမည်ဖြစ်ပြီးဘဲဥပုံလိုက်နေတဲ့ ကရိုင်းရှပ်ကို စက်စားပေးရန်လိုအပ်သည့်အပြင် ကရိုင်းရှပ် Size ကျန်သလောက် သင့်လျော်သည့်ဘယ်ရင် Size ကို ပြန် သုံးရပါသည်။

အင်ဂျင်တစ်လုံး၏ မူမမှန်သော အသံများသည် အင်ဂျင်ပျက်စီးစေမည့် ရှေ့ပြေး လက္ခဏာများဖြစ်ပါသည်။

ထိုအသံများကို စမ်းသပ်ရှာဖွေစစ်ဆေးပြီး မက္ကင်းနစ်စက်ဆရာနှင့်တိုင်ပင် ဆွေးနွေးရပြီး ထိုအပြစ်ေပျောက်အောင်ဘာတွေပြုပြင်သင့် သလဲ စဉ်းစားဆုံးဖြတ်ရပါသည်။

ကားအင်ဂျင်တစ်လုံး သက်တမ်း ကြာကြာခံသုံးနိုင်ရန် အရေးကြီးသော အချက်ကတော့ ပုံမှန်ပြုပြင်ထိန်းသိမ်းများ ပြုလုပ်ပေးရန်ဖြစ်ပြီး အရည်အသွေးကောင်းသောအင်ဂျင်ဝိုင်ကို အသုံးပြုခြင်း အင်ဂျင်ဝိုင်မှန်မှန်လဲခြင်း၊ အင်ဂျင်အပူချိန်မြင့်တက်မသွားအောင် ဂရုစိုက်ထိန်းသိမ်းပေးခြင်းများ ပြုလုပ်သင့်ပါသည်။

 

Read 11580 times