အင်ဂျင်တစ်လုံးသည် ရှိသင့်သော အပူချိန်တစ်ခုအတွင်း၌ အလုပ်လုပ်ရပါသည်။
Overheat ဖြစ်ပြီး အင်ဂျင်အပူချိန်လွန်ကဲစွာမြင့်တက်ခြင်းမဖြစ်စေရန် အအေးခံစနစ် (Cooling System) မှ ဆောင်ရွက်ပေးပါသည်။
အင်ဂျင်အအေးခံစနစ် (Cooling System) မှ စွန့်ထုတ်ပစ်သော အပူပမာဏသည် အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲရာမှ ထွက်လာသော အပူပမာဏ၏ သုံးပုံတစ်ပုံမျှ ရှိပါသည်။
အအေးခံစနစ်တွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုခု ပျက်စီးပါက သို့မဟုတ် ပုံမှန် အလုပ်မလုပ်ပါက အင်ဂျင်မှ စွန့်ပစ်အပူများကို နိုင်နင်းအောင် ဖယ်ထုတ်မပေးနိုင်ပေ။
ထိုအခါ အပူချိန်ဒီဂရီ တဖြည်းဖြည်းတက်လာပြီး နောက်ဆုံးတွင် ရေတိုင်ကီရေဆူမည်။
ရေဆူအမှတ်ကို ကျော်လွန်ပြီး အပူချိန် အလွန်အမင်းမြင့်တက်ပါက အင်ဂျင်လုပ်ဆောင်ချက်များကို ထိခိုက်လာပြီးနောက် အင်ဂျင်စက်ထိုးရပ်သွားပါမည်။
အင်ဂျင်ရေဆူခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများစွာရှိပါသည်။
၁။ ရေဆူရာမှ Overheat ဖြစ်ပြီး အင်ဂျင်ကျပ်သွားမည်။
၂။ အပူချိန်မြင့်မားလွန်းလျှင် အင်ဂျင်ဟတ် (Head) ကွဲတက်သည်။
၃။ ဂတ်(စ်) ကတ်ပြတ်ပြီး အင်ဂျင်ဝိုင်နှင့် ရေများရောနှောသွားမည်။
၄။ အပူချိန်မြင့်မား၍ အင်ဂျင်ဝိုင်အရည်အသွေးကျဆင်းသည်။
၅။ အပူချိန်မြင့်မားလွန်း၍ အင်ဂျင်ခန်းတွင် တပ်ဆင်ထားသော ရော်ဘာနှင့် ပလတ်စတစ် ပစ္စည်းများ ပျက်စီးမည်။
၆။ နောက်ဆုံးအဆင့် ကားပါ မီးထလောင်နိုင်သောကြောင့် ကားတစ်စီးလုံး ဆုံးရှုံးတက်ပါသည်။
အင်ဂျင်အအေးခံစနစ်
ကားအင်ဂျင်၊ စက်ယန္တရားအင်ဂျင်၊ မရိန်းအင်ဂျင်၊ မီးစက်အင်ဂျင်ကြီးများသည် Water Cool စနစ်ဖြစ်ပါသည်။ Water Cool စနစ်တွင် အင်ဂျင်ဘလောက်တုံးပြုလုပ်စဉ်ကတည်းက ရေလိုင်းများ ပါဝင်ပါသည်။ အင်ဂျင်ဟတ် (Head) တွင်လည်း ရေလိုင်းများ ပါဝင်ပါသည်။
အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အပူများကို စွန့်ထုတ်ပစ်ရန် ရေလိုင်းများက တာဝန်ယူရသည်။ ရေလိုင်းများတွင် ရေများလည်ပတ်နေစေရန် ရေလည်အုံ (Water Pump) က ဆောင်ရွက်ပေးပါသည်။ အင်ဂျင်စွန့်ပစ်အပူများကို သယ်ဆောင်လာသော ရေနွေးပူများသည် ရေတိုင်ကီနှင့် ရေလိုင်းများတွင် ပြင်ပလေအေးနှင့် အအေးခံခြင်းဖြင့် အပူချိန်ကျဆင်းသွားသည်။
အေးသောရေများသည် ပိုက်လိုင်းမှတစ်ဆင့် အင်ဂျင်ဘလောက်၊ အင်ဂျင်ဟတ်အတွင်းသို့ ပြန်လည်စီးဝင်သည်။ ထိုနည်းဖြင့် အအေးခံရည်သည် Cooling System တွင် လည်ပတ်လျက်ရှိပါသည်။ အင်ဂျင်ဒီဇိုင်းပြုလုပ်ရာတွင် အင်ဂျင်မှ စွန့်ထုတ်သော အပူပမာဏကို အခြေခံပြီး ရေတိုင်ကီမှ အအေးခံပေးနိုင်သော အပူပမာဏကို တွက်ချက်သည်။
ရေတိုင်ကီဒီဇိုင်းသည် အပူပိုင်းဒေသ မြင့်မားသော အခြေအနေ၌ပင် အပူလုံလောက်စွာ စွန့်ထုတ်နိုင်ရန် စီမံထားသည်။ Cooling System တွင် ရေတိုင်ကီ၊ ရေလည်အုံ၊ Cooling Fan၊ ဝါးတားပိုက်၊ သာမိုစတက်နှင့် ရေတိုင်ကီအဖုံးတို့သည် အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြသည်။ ထိုအစိတ်အပိုင်းများသည် သူ့တာဝန်နှင့်သူ ကိုယ်စီ ပုံမှန်တာဝန်ထမ်းဆောင်နေလျှင် အအေးခံစန်စတစ်ခုလုံးသည် ကောင်းစွာ အလုပ်လုပ်သည်။
တစ်ခုခုချို့ယွင်းအားနည်းနေလျှင် အအေးခံစနစ် ပုံမှန်မလုပ်နိုင်ဘဲ အပူချိန်တက်လာမည်။ အင်ဂျင်အအေးခံစနစ်၏ အခြေအနေကို ယာဉ်မောင်းသူ သိရှိသတိပြုမိရန် Temperature Gauge ဖြင့် ဖော်ပြပါသည်။ အင်ဂျင်အပူချိန်မြင့်တက်နေခြင်းကို သတိမထားဘဲ ဆက်လက်မောင်းနှင်နေပါက ရေဆူပြီး အင်ဂျင် ထိုးရပ်သွားတက်သည်။
ပြုပြင်ထိန်းသိမ်းခြင်း
(၁) ရေတိုင်ကီ ရေလျော့နည်းနှုန်း မြန်လွန်လျှင် အပြစ်တစ်ခုခု ရှိနိုင်သည်။ စစ်ဆေးပါ။
(၂) ခရီးမိုင် နှစ်သောင်းခွဲခန့် မောင်းပြီးတိုင်း အအေးခံစနစ်တစ်ခုလုံးကို ဆေးကြောပါ။
(၃) ရေတိုင်ကီ လေဝင်လိုင်းများကို ကပ်နေသော ဖုန်မှုန့်၊ သဲ၊ အမှိုက်များကို လေပြင်းမှုတ်၍ သန့်ရှင်းပေးပါ။
(၄) ဝါးတားပိုက်အဆက်များ ရေလုံပါစေ။
(၅) ရေလျှံဘူးတွင် အအေးခံရည် အပြည့်ရှိနေပါစေ။ Anti-freeze Coolant အရည် ၅၀ ရာခိုင်နှုန်းနှင့် ပေါင်းခံရည် ၅၀ ရာခိုင်နှုန်း ရောစပ်ပြီး သုံးပါ။
(၆) ပန်ကာကြိုးများ ကောင်းမကောင်းစစ်ဆေးပါ။ တင်းအားမှန်ပါစေ။
(၇) ရေတိုင်ကီ အဖုံး Cap ကောင်းမှ ရေဆူအမှတ်မြင့်မည်။
(၈) သာမိုစတက် ကောင်းမကောင်း စစ်ဆေးပေးပါ။
(၉) အင်ဂျင်အပူချိန်တိုင်း Heat Guage ကောင်း၊ မကောင်းစစ်ဆေးပါ။
(၁၀) လျှပ်စစ်ပန်ကာ ပုံမှန်လုပ်၊ မလုပ် စစ်ဆေးပေးပါ။
(၁၁) မီးတိုင်မင် မှန်ပါစေ။
(၁၂) ဘရိတ်ရှူးမငြိပါစေနှင့်။
(၁၃) အင်ဂျင်အပူတက်လာပါက အကြောင်းအရင်းကို ရှာဖွေပါ။ ချွတ်ယွင်းအားနည်းချက်ကို သိလျှင် ပြုပြင်နိုင်မည်။
အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီရေဆူခြင်း ပြဿနာသည် အသေးအဖွဲ့မဟုတ်ပါ။ အင်ဂျင်ကွဲထွက် ပျက်စီးနိုင်သည်။ ကံမကောင်းပါက ကားပါ မီးလောင်နိုင်သည်ကို သတိပြုပါ။
Source:Automobile