ကားသက်တမ်းမစေ့ခင် ကားအင်ဂျင်ကို ညည်းသံထွက်စေမည့် အချက်များ


မည်သည့်ကားအင်ဂျင်မဆို သက်တမ်းစေ့ပါက အင်ဂျင်ကျလာမည် ဖြစ်ပြီး ဆူညံသံပေးလာမည် ဖြစ်ပါသည်။

သို့သော် အချိန်မတန်ခင် ဆူညံသံပေးသည့် ဖြစ်ရပ်မျိုးတွင် ဘာကြောင့် ဖြစ်ရသည် ကိုဖော်ပြပေးလိုက်ပါသည်။

အိမ်စီးကားဆိုသည်မှာ ဇိမ်ခံမော်ဒယ်လည်း မဟုတ်၊ ပြိုင်ကားလည်း မဟုတ်၊ တန်ကြေး နည်းနည်းနှင့် စီးနင်းနိုင်စေရန် ထုတ်လုပ်ထားသည့် မော်ဒယ်များကို ဆိုလိုခြင်း ဖြစ်ပါသည်။

ယနေ့ပြည်တွင်းတွင် ခေတ်စားနေသည့် သိန်း ၁၀၀ ကျော်တန် မော်ဒယ်များကို ဆိုလိုခြင်းဖြစ်ပါသည်။

ယင်းထဲမှ ကားတစ်စီး၏ သက်တမ်း ကီလို ၂ သိန်း၊ နှစ် ၂၀ မတိုင်ခင် အင်ဂျင်ကျပြီး ညည်းသံထွက်ခြင်းမှာ မောင်းနှင်သူ၏ နည်းလမ်းမကျမှုကြောင့် ဖြစ်ပါသည်။

ဖြစ်နိုင်ချေအများဆုံးမှာ သတ်မှတ်နှုန်းထက် ပိုမိုခိုင်းသောကြောင့် အင်ဂျင် ညည်းသံ အထွက် မြန်စေနိုင်ပါသည်။

သတ်မှတ်နှုန်းဆိုသည်မှာ ၀န်ပိုတင်ဆောင်မောင်းနှင်ခြင်း၊ ခရီးဝေးမောင်းနှင်မှုတွင် မိုင် ၁၀၀ တဆက်တည်း မောင်းနှင်နိုင်မှုကို မိုင် ၁၅၀ ကျော်မျိုး တစ်ဆက်တည်း မောင်းနှင်မှု၊ လမ်းကြမ်းမောင်း မော်ဒယ်မဟုတ်သော်လည်း လမ်းကြမ်းပိုင်း မောင်းနှင်မှု၊ တောင်တက်လမ်းများတွင် ဂီယာချက်မှန်ကန်အောင် ပြောင်းလဲ မောင်းနှင်မှု မရှိခြင်း၊ လေအေးပေးစနစ်ကို အချိန်ကြာ အနားမပေးဘဲ သုံးစွဲမှု စသည့်အချက်များကြောင့် အင်ဂျင်ကို ညည်းသံပေးမှု မြန်ဆန်စေပါသည်။

ထို့ပြင် ယာဉ်မောင်းဘက်မှ ပစ္စည်းထည့်သွင်းမှု အားနည်းခြင်းကြောင့် လည်း အင်ဂျင် ညည်းသံပေး မြန်ဆန်နိုင်ပါသည်။

Coolant အရည်ပုံမှန်လဲလှယ်ပေးမှု မရှိခြင်း၊ (ရေတိုင်ကီရေ မလဲပေးခြင်း)၊ လေစစ် စစ်ဆေးမှု၊ သန့်စင်ပေးမှု၊ လဲလှယ်ပေးမှု မရှိခြင်း၊ အင်ဂျင်ဝိုင် စစ်ဆေး လဲလှယ်မှု မရှိခြင်း၊ ဂီယာဝိုင် စစ်ဆေး လဲလှယ်ပေးမှု မရှိခြင်း၊ လေပေါင်ချိန် လျော့နည်းနေစေခြင်း၊ အနားပေးမောင်းနှင်မှု မရှိခြင်းများ စသည်အချက်များသည် အင်ဂျင် ညည်းသံ အပေးမြန်စေသည့် အချက်ဖြစ်ပါသည်။

နောက်ဆုံးဖြစ်နိုင်ချေမှာ ယာဉ်မောင်းသူ၏အမှားဖြစ်ပါသည်။

မောင်းနှင်မှုပုံစံ အမှားမျိုး ဖြစ်ပါသည်။

Sport ကားတင်သွင်းမှု ပိတ်ထားသည့် ပြည်တွင်းအနေအထားတွင် Sedan နှင့် တစ်ချို့သော Supermini များကို ပြိုင်ကားပုံစံ ပြင်ဆင် စီးနင်းလာကြပါသည်။

သို့သော် မော်ဒယ်ကို ပြင်ဆင်လိုက်ရုံနှင့် ရုပ်ထွက်မှသာ ပြောင်းလဲ သွားသော်လည်း အင်ဂျင်မှာ မူရင်းဖြစ်ပါသည်။

သို့သော် sport တစီးကဲ့သို့ အပြိုင်မောင်းနှင်မှုများ၊ ခိုင်းစေမှုများ လုပ်ဆောင်လာပြီး ဆိုပါက အနှေးနှင့် အမြန် အင်ဂျင်က ညည်းသံထွက်လာတော့မည် ဖြစ်ပါသည်။

 

Read 4262 times