ကားတစ်စီးရဲ့ လျှပ်စစ်စနစ်


ကားတစ်စီးရဲ့ လျှပ်စစ်စနစ်မှာ ဆားကစ် ဓာတ်စီးပတ်လမ်း အုပ်စုတွေ ပါဝင်နေပြီး လျှပ်စစ်ဓာတ်စီး ပတ်လမ်းမှာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတွေ ရှိနေပါတယ်။

ဘက်ထရီနဲ့ ဒိုင်နမို (ကားရဲ့ လျှပ်စစ် အရင်းအမြစ်တွေ ဖြစ်ပါတယ်)

လျှပ်ကူး (များသောအားဖြင့် ဝါယာဖြစ်ပြီး လျှပ်စီး စီးဆင်းထားကို သယ်ဆောင်ပေးပါတယ်)

လျှပ်စစ်ဝန် (လျှပ်စစ်ကို သုံးစွဲတဲ့ ကိရိယာ ဥပမာ မီးလုံး၊ ရေဒီယို၊ မော်တာ)

ခလုတ် (လျှပ်စစ်ဓာတ် စီးဆင်းတာကို ဖြတ်တောက်ခြင်း/ ချိတ်ဆက်ခြင်း ပြုပေးပါတယ်)

ဂရောင်း (ဓာတ်စီးပတ်လမ်း ပြီးပြည့်စုံအောင် လုပ်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ် စီးဆင်းနိုင်စေတယ်)

ဖြူးစ် (အန္တရာယ် ဖြစ်စေနိုင်တဲ့ လျှပ်စစ်ဓာတ် အလွန်အကျွံ စီးတာကို ကာကွယ် တားဆီးရန် ဓာတ်စီးပတ်လမ်းကို ဖြတ်တောက်ပစ်ပေးပါတယ်)

လျှပ်စစ်ဝန်မပါဘဲ ဝါယာကြိုးက လျှပ်စစ် အရင်းအမြစ်နဲ့ ချိတ်ဆက်မိရင် ရှော့ဆားကစ် ဖြစ်ပွားပါတယ်။ လျှပ်စစ်ကို သုံးစွဲပေးမယ့် လျှပ်စစ်ဝန် မရှိတော့ ဝါယာကြိုးကိုယ်၌က လျှပ်စစ်ဝန် တစ်ခုအဖြစ်ကို ခံယူရတဲ့အခါ ဝါယာကြိုး ပူတက်လာမယ်။ နီရဲလာမယ်။ ပေါက်ကွဲထွက်တဲ့အထိ ဖြစ်ပွားနိုင်တယ်။

အဲဒီလို ရှော့ဆားကစ် ဖြစ်ပွားရာမှ မီးထလောင်တာ၊ ပျက်စီးတာတွေ မဖြစ်ရအောင် ဖြူးက ဓာတ်စီးပတ်လမ်းကို ဖြတ်တောက်ပစ်ပြီး လျှပ်စစ်စီးဆင်းမှုကို ရပ်တန့်စေပါတယ်။

ကားမှာ လျှပ်စစ် ဓာတ်စီးပတ်လမ်းတွေ တသီးတခြားစီ တည်ရှိနေကြပြီး လျှပ်စစ်စနစ်တစ်ခုလုံး အနေဖြင့် ကြည့်ရင် ယင်းတို့ အချင်းချင်းအကြား ဆက်စပ်မှုတွေ ရှိနေပါတယ်။

လျှပ်စစ်စနစ်က ကားရဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေဖို့ကို ထောက်ကူပေးတယ်။

လျှပ်စစ်စနစ်မှာ အဓိကကျတဲ့ အပိုင်းတွေ ရှိနေပါတယ်။

ဘက်ထရီ

စက်နှိုးစတင်ခြင်းစနစ်

အားသွင်းခြင်း စနစ်

မီးကျွေးစနစ်

မီးလုံးများ

ကွန်ပျူတာများ

သက်သောင့်သက်သာ ဖြစ်ခြင်းနှင့် ဖျော်ဖြေရေး

ဘက်ထရီ

Battery

ဘက်ထရီက အင်ဂျင်ကို နှိုးပြီး စလည်ဖို့ ပါဝါ ပေးတယ်။ အင်ဂျင်နိုးပြီး လည်ပတ်တဲ့အခါ ဒိုင်နမိုက လျှပ်စစ်ဓာတ်အား ထုတ်ပေးပြီး ကားမှာ သုံးစွဲဖို့ လိုအပ်တဲ့ ဓာတ်အားကို ထုတ်လုပ်ပေးတယ်။ လိုအပ်ရင် ဘက်ထရီကိုလည်း အားပြန်သွင်းပေးတယ်။ အဲဒီလို အဖြစ်ကို မရောက်ခင်မှာ ဘက်ထရီက အင်ဂျင် စလည်ဖို့အတွက် လျှပ်စစ်စွမ်းအင်တွေ လုံလုံလောက်လောက် ထုတ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဘက်ထရီက စွမ်းအင်ကို ဓာတုစွမ်းအင်အဖြစ် သိမ်းဆည်းပေးထားပြီး ဓာတုဓာတ်ပြုခြင်းဖြင့် ဓာတ်အားကို ထုတ်လုပ်ပေးတယ်။

အရင်တုန်းက ကားတွေမှာ ဘက်ထရီအိုး အစိုကို သုံးခဲ့ကြတယ်။ ရေနဲ့အက်စစ် သတ်မှတ်ထားတဲ့အတိုင်း အချိုးကိုက် ရောပြီး ဘက်ထရီအိုးထဲ ထည့်ပေးထားတယ်။ အက်စစ်ပြင်းအား မှန်နေဖို့ စစ်ဆေးရတယ်။ အက်စစ်ရည် ပမာဏ လိုအပ်တဲ့အတိုင်း ဘက်ထရီ အိုးထဲ ရှိနေဖို့ကိုလည်း ဂရုစိုက်ရတယ်။ ကိုင်တွယ်တဲ့အခါ အက်စစ်နဲ့ မထိမိအောင် ဂရုစိုက်ရတယ်။ အဲဒီ ဘက်ထရီအိုး အစိုအမျိုးအစား တိမ်ကောသွားခဲ့ပါတယ်။

လျှပ်လိုက်ရည် (electrolyte)ကို အက်စစ်အရည်အစား အနှစ်အခဲပျော့ကို သုံးထားပြီး လျှပ်စစ်စီးသာရုံ အစိုဓာတ် ဖန်တီးပေးထားတယ်။ ဓာတ်အိုးခြောက်တွေက ပတ်ဝန်းကျင်ကို ဖိတ်ဖက်ကျတယ်။ အက်စစ်အရည် ဓာတ်အိုးလို အက်စစ်အငွေ့တွေ အပြင်ကို ထွက်မလာဘူး။ တိမ်းစောင်းတဲ့အခါမှာလည်း အက်စစ်အရည် ဓာတ်အိုးလို အက်စစ်အရည် ဖိတ်စင်ကျတာ မဖြစ်ပွားဘူး။

နောက်ထပ် ကောင်းချက်က သက်တမ်းမကုန်ခင်မှာ အက်ဆစ်အရည် လျော့နေလား၊ အက်စစ်ဓာတ် ပါဝင်မှု သတ်မှတ်ချက်အတိုင်း ရှိရဲ့လား စတာတွေ စစ်ဆေးပြီး လိုအပ်သလို ဆောင်ရွက်ပေးနေဖို့ မလိုအပ်ဘူး။

အလေးချိန်က အက်စစ်အရည်အိုးလောက် မလေးဘူး။

 

ဓာတ်အိုး အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် အိုးမှာ ငုတ်နှစ်ခုပါတယ်။ တစ်ခုက အဖို ပေါ့စတစ် (+) ဖြစ်ပြီး ကျန်တစ်ခုက အမ နဂ္ဂတစ် (-) ဖြစ်ပါတယ်။

လျှပ်စစ်အရင်းအမြစ်က အမလား အဖိုလား ဆိုတာနဲ့ ပတ်သက်လို့ နည်းပညာရှင်တွေက အဖိုငုတ်ဟာ လျှပ်စစ်အရင်းအမြစ်လို့ ဆိုကြတယ်။ အဲဒါက ရှေးကျတဲ့ သီအိုရီအရ ပြောဆိုတာ ဖြစ်ပါတယ်။ လျှပ်စစ်ဟာ အဖိုငုတ်ကနေ အမငုတ်ဆီသို့ စီးဆင်းတယ်လို့ ဆိုထားတဲ့ သီအိုရီ ဖြစ်ပါတယ်။

အဲဒီ သီအိုရီကို မေ့ထားလိုက်ပါ။

လျှပ်စစ်စီးဆင်းတယ်ဆိုတာ အမဓာတ်ဆောင် အီလက်ထရွန်တွေ စီးဆင်းတာ ဖြစ်ပါတယ်။ ပိုလျှံနေတဲ့ အီလက်ထရွန် အပိုတွေက အမငုတ်ကနေ စတင်ထွက်ခွာပြီး အီလက်ထရွန် လိုအပ်နေလို့ တောင့်တနေတဲ့ အဖိုငုတ်ဆီကို သွားပါတယ်။ အဲဒီလို အီလက်ထရွန်တွေ တသီတတန်း စီးဆင်းတာက လျှပ်စစ်လျှပ်စီးကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒီတော့ အီလက်ထရွန်သီအိုရီအရ ရှင်းလင်းတင်ပြပေးသွားမှာ ဖြစ်လို့ လျှပ်စစ်အရင်းအမြစ်ဟာ အမငုတ် ဖြစ်ပါတယ်။

ကားတစ်စီးမှာ လျှပ်စစ်ပါဝါအတွက် ရင်းမြစ်တစ်ခုဖြစ်တဲ့ ဘက်ထရီက ကားမှာ ရှိတဲ့ လျှပ်စစ်စနစ်ကို ဓာတ်အားပေးတဲ့အခါ ပတ်လမ်း တစ်ပတ်အပြည့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ပတ်လမ်းမှာ လျှပ်စစ်ဝန် ရှိဖို့လည်း လိုပါတယ်။ (ဝန်မရှိရင် ရှော့ဆားကစ် ဖြစ်နေမယ်ဆိုတာ ရှင်းပြခဲ့ပြီးပါပြီ)

ဘက်ထရီကနေ လျှပ်စစ်ဝါယာကြိုး သွယ်တန်းတဲ့အခါ ဘက်ထရီကနေ ဝန်အထိ ဝါယာသွယ်တန်းပေးပြီး ဝန်ကနေ ဘက်ထရီဆီ ပြန်လာဖို့ကိုတော့ ဝါယာကြိုး သွယ်တန်းပေးခြင်း မပြုကြဘူး။ ဝါယာတစ်ကြောင်းပဲ သုံးလို့ “one wire” လျှပ်စစ်စနစ်လို့ ခေါ်ဝေါ်ကြတယ်။

ဘက်ထရီရဲ့ အဖိုငုတ်ကနေ ဝန်အထိ ဝါယာသွယ်တန်းပေးထားပြီး အမငုတ်ကိုတော့ ကားရဲ့ ကိုယ်ထည်၊ ကားရဲ့ အင်ဂျင်ကိုယ်ထည်ကို သွယ်တန်းပေးထားတယ်။ ကားကိုယ်ထည်နဲ့ အင်ဂျင်ကိုယ်ထည်တို့ဟာ ကားရဲ့ မြေစိုက် ground စီးကြောင်း ဖြစ်ပါတယ်။

တကယ်လို့ ကားကိုယ်ထည်က လျှပ်စစ်စီးတဲ့ သတ္တုသားမျိုး မဟုတ်ရင် (ဥပမာ ဖိုင်ဘာဂလပ်စ်ကိုယ်ထည် ကျတော့ ဝန်ကနေ အမငုတ်ဆီ ဝါယာကြိုး သွယ်တန်းပေးထားပါတယ်။

ဝါယာကြိုး တစ်ကြောင်းစာပဲ သွယ်တန်းထားတာ တွေ့နိုင်ပါတယ်။ အဲဒီပုံမှာ အချွန်အောက်စိုက် တြိဂံပုံလေးတွေ တွေ့နိုင်ပါတယ်။ မြေစိုက် ground ကို သင်္ကေတ ပြုထားတာဖြစ်ပြီး ကားကိုယ်ထည်နဲ့ ထိဆက်ပေးထားတာကို ဆိုလိုပါတယ်။

ဘက်ထရီတစ်လုံးရဲ့ သက်တမ်း ဘယ်လောက်ကြာသလဲဆိုတာ ဘက်ထရီ ဝယ်တဲ့အခါ ပေးတဲ့ အာမခံသက်တမ်းကို အတည်ယူပါ။ ၆ လ သက်တမ်း အာမခံလို့ ပြောရင် အဲဒီဘက်ထရီသက်တမ်းဟာ ၆ လ ဖြစ်ပါတယ်။ သက်ဆိုးရှည်ရင် ၈လ ၁၀ လ စသဖြင့် သက်တမ်းကြာပါလိမ့်မယ်။ ဓာတ်အိုးခြောက်တွေမှာ ချောင်းကြည့်ပေါက် ပါတယ်။ အဝိုင်းပေါက်ကလေးဖြစ်ပြီး အကြည်သားနဲ့ ပိတ်ကာထားလို့ အထဲကို မြင်ရတယ်။ အစိမ်းရောင် အပြည့် မြင်နေရရင် အခြေအနေကောင်းတယ်။ အနီရောင်ကို စမြင်ရပြီဆိုရင် ဘက်ထရီ လစ်တော့မယ့် အရိပ်အယောင် စတင်ပြသတာ ဖြစ်ပါတယ်။ အနီအပြည့်ပြနေရင် ဘက်ထရီက အပြီးအပိုင် လစ်တော့မယ်။ အသစ်လဲဖို့ လုပ်ပါ။

အကြောင်းကြောင်းကြောင့် ဘက်ထရီခေါင်းကို ဖြုတ်ရမယ်ဆိုရင် နဂ္ဂတစ် အရင်ဖြုတ်၊ ပြန်တပ်မယ်ဆိုရင် ပေါ့စတစ် အရင်တပ်။

ဘယ်ငုတ်က အဖို ဘယ်ငုတ်က အမ ဆိုတာ သိဖို့ လွယ်ပါတယ်။ ဘက်ထရီငုတ်အနီးမှာ အိုးကိုယ်ထည်ပေါ်မှာ သင်္ကေတတွေ အထင်အရှား ဖောင်းကြွဖြင့် ပြသပေးထားလေ့ရှိပါတယ်။ (+) အပေါင်းလက္ခဏာ ပြထားတာ အဖို ငုတ် ဖြစ်ပါတယ်။ (-) အနုတ်လက္ခဏာ ပြထားတာ အမငုတ် ဖြစ်ပါတယ်။

နောက်ထပ်တစ်နည်း သိနိုင်ပုံက ငုတ်နှစ်ခုမှာ အရွယ်ပိုနည်းနည်းလေးကြီးတာက အဖိုငုတ် ဖြစ်ပြီး အရွယ်နည်းနည်းလေး ပိုသေးတာက အမငုတ် ဖြစ်ပါတယ်။

ဘက်ထရီကလည်း ကောင်းတယ်၊ အားသွင်းစနစ်ကလည်း ကောင်းတယ်ဆိုရင် ကားစက်နှိုးထားစဉ်မှာ ဘက်ထရီကို အားပြန်ဝင်တယ်။ ကားစက်နှိုးပြီးရင် အားသွင်းစနစ်က တောက်လျှောက်အားသွင်းပေးနေတယ်။ ကားကို တစ်နာရီသာသာလောက် မောင်းပြီးချိန်မှာ ဘက်ထရီ အားပြန်ပြည့်ပြီ။ စက်သတ်ပြီး စက်ပြန်နှိုးဖို့ လုံလောက်တာထက် ပိုတဲ့အား ဘက်ထရီမှာ ရှိနေပြီ။

တကယ်လို့ ကားစက်ကို ဘက်ထရီက နှိုးမပေးနိုင်လောက်အောင် ဖြစ်နေရင် အားပြည့်တဲ့ ဘက်ထရီအိုး တပ်ထားတဲ့ကားနဲ့ ဘက်ထရီအိုးချင်း ချိတ်ဆက်ပြီး နှိုးလို့ရတယ်။ အခုခေတ်မှာတော့ ကားစက်နှိုးဖို့အတွက် ပါဝါဘဏ် powerbank တွေ ပေါ်နေပြီ။

ဘက်ထရီထဲ အားပြန်မဝင်ရင် စဉ်းစားစရာ အချက်တွေ ရှိတယ်။

ဘက်ထရီကိုယ်၌က ကောင်းကောင်း အလုပ်မလုပ်တော့တာလည်း ဖြစ်နိုင်တယ်။

အားသွင်းတဲ့စနစ်မှာ အဓိကအားဖြင့် ဒိုင်နမို ကောင်းကောင်း အလုပ်မလုပ်တော့တာလည်း ဖြစ်နိုင်တယ်။ ဘက်ထရီရော ဒိုင်နမိုရော နှစ်ခုစလုံး ကောင်းကောင်း အလုပ်မလုပ်တာလည်း ဖြစ်နိုင်တယ်။

တခြားဘာအချက်တွေ ရှိသေးလဲ။

အားသွင်းစနစ်မှာပါဝင်တဲ့ ဗို့အားထိန်းမှာ ချို့ယွင်းချက် ရှိတာ ဖြစ်နိုင်တယ်။

လျှပ်စစ်စနစ်မှာ လျှပ်စီး စီးထွက်နေတဲ့နေရာ ရှိနေတာကြောင့် ဘက်ထရီကို အားကုန်အောင် တစ်ချိန်လုံး လုပ်နေတာမို့ ဘက်ထရီ အားနည်းနေရတာလည်း ဖြစ်နိုင်တယ်။

ဒိုင်နမိုကို လှည့်တဲ့ ပန်ကာကြိုး ချောင်နေတာလည်း ဖြစ်နိုင်တယ်။ ကြိုးချောင်နေတော့ ဒိုင်နမိုက အပြည့်အဝ မလည်တော့တဲ့အတွက် အားထုတ်ပေးတာမှာ ယုတ်လျော့နေလို့ ဘက်ထရီက အားအပြည့် မရတော့တာကို ဆိုလိုပါတယ်။

စက်နှိုးမော်တာမှာ ချို့ယွင်းချက် ရှိနေလို့ အင်ဂျင်ကို နှိုးမပေးနိုင်ဘဲ ဘက်ထရီ အားကုန်ရတာ အချည်းနှီးဖြစ်နေရတာလည်း ဖြစ်နိုင်တယ်။

 

စက်နှိုးစနစ်

Starting System

စက်နှိုးစနစ် စတင်လုပ်ကိုင်တဲ့အခါ အင်ဂျင်မှ ကရိုင်းရှပ်ကို လှည့်ပေးတယ်။ ခရိုင်းရှပ် စလည်တော့ ကရိုင်းရှပ်မှာ တပ်ထားတဲ့ ပစ္စတင်တွေ ရွေ့လျားတယ်။ ဗားတွေ ပွင့်တယ်။ ပိတ်တယ်။ လေ/လောင်စာဆီအရောအနှောကို ဆွဲသွင်းလိုက်တယ်။ စပတ်ပလပ်က အချိန်ကိုက် မီးခတ်ပေးလို့ မီးပွားထွက်တယ်။ လေ/လောင်စာဆီအနှောကို မီးကူးပြီး မီးလောင်ပေါက်ကွဲတယ်။ အင်ဂျင်နိုးသွားတယ်။

စက်နှိုးစနစ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေက ဘာတွေလဲ။

ဘက်ထရီ

စက်နှိုးခလုတ်

စက်နှိုးဆိုလင်နွိုက်

စက်နှိုးမော်တာ

စက်နှိုးပင်နယံ ဂီယာ

ဟန်ဘီး (Flywheel) ဂီယာ

 

သော့လှည့်ပြီးတော့ဖြစ်ဖြစ် ခလုတ်နှိပ်ပြီးတော့ဖြစ်ဖြစ် စက်နှိုးဖို့ ခလုတ်ဖွင့်လိုက်တဲ့အခါ စက်နှိုးမော်တာအတွက် ထားရှိတဲ့ ဓာတ်စီးပတ်လမ်းမှာ လျှပ်စစ် စတင်စီးဆင်းတယ်။

သော့ကို START မှာ ရောက်နေအောင် လှည့်ပြီး ကိုင်ပေးထားလိုက်တဲ့အခါ လျှပ်စီးပမာဏ အနည်းငယ်က စက်နှိုးမော်တာရဲ့ ဆိုလင်နွိုက်ကို အလုပ်လုပ်စေပြီး တာဝန်နှစ်ရပ်ကို ထမ်းဆောင်စေတယ်။

၁။ ဖလိုင်းဝှီးဂီယာကို လှည့်ပေးတဲ့ ပင်နယံကို လည်စေမယ့် အစိတ်အပိုင်းကို အလုပ်လုပ်ခိုင်းတယ်။

၂။ စက်နှိုးမော်တာရဲ့ ဆိုလင်နွိုက်မှာ ပါတဲ့ ရီလေး(relay)က ကြီးမားတဲ့ ပမာဏရှိတဲ့ လျှပ်စီးကို စက်နှိုးမော်တာထံ ပေးပို့တယ်။ ဒီအခါမှာ မော်တာစလည်ပြီး ဖလိုင်းဝှီးနဲ့ ကရိုင်းရှပ်တို့ကို လှည့်ပေးတယ်။

ရီလေးဟာ သံလိုက်ဓာတ်ဖြင့် အဝေးထိန်းခလုတ်ကို လုပ်ကိုင်ပေးတယ်။ ရီလေးထဲမှာ လျှပ်စစ်နန်းကြိုးခွေ ကွိုင်တစ်ခု ပါတယ်။ ကွိုင်ထဲကို သေးငယ်တဲ့ပမာဏ ရှိတဲ့ လျှပ်စီး စီးဆင်းတဲ့အခါ သံလိုက်စက်ကွင်း ဖြစ်ပေါ်တယ်။ အဲဒီ သံလိုက်စက်ကွင်းက စပရိန်တပ်ထားတဲ့ အကြမ်းခံလျှပ်စစ်ခလုတ်ကို ရွေ့စေပြီး ထိဆက်သွားစေတယ်။ ဒီတော့ ရီလေး လုပ်ကိုင်ပေးထားစဉ်မှာ နောက်ထပ် ဓာတ်စီးပတ်လမ်းတစ်ခု ခလုတ်ပွင့်နေတယ်။ အဲဒီဓာတ်စီးပတ်လမ်းမှာ ဘက်ထရီ၊ ဘက်ထရီ ဝါယာကြိုးတွေနဲ့ စက်နှိုးမော်တာတို့ ပါဝင်တယ်။

စက်နှိုးမော်တာဟာ အားကောင်းတဲ့ လျှပ်စစ်မော်တာဖြစ်ပြီး အင်ဂျင်ရဲ့ ခရိုင်းရှပ်ကို လှည့်ပေးဖို့ လုံလောက်တဲ့ လှည့်အားကို ပေးနိုင်စွမ်း ရှိတယ်။ ဆလင်ဒါထဲမှ ပစ္စတင်တွေ ဖိသိပ်ပေးတဲ့ ထိုးချက်တစ်လျှောက်လုံး တွန်းကန်နေတာကို ဆန့်ကျင်ပြီး ဆက်လက်ဖိသပ်အောင် ခရိုင်းရှပ်ကို လှည့်ပေးဖို့အတွက် လှည့်အားက ကြီးမားတဲ့ပမာဏ ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို လှည့်အားမျိုးဖြင့် စက်နှိုးမော်တာက လှည့်ပေးနေရတာ ဖြစ်ပါတယ်။

စက်နိုးပြီး အင်ဂျင်စလည်တဲ့အခါ သော့ကို STARTမှာ ရှိနေအောင် ကိုင်‌ပေးထားတာကို လက်လွှတ်လိုက်တဲ့အခါ သော့က ON ဆိုတဲ့ နေရာကို ပြန်ရောက်သွားတယ်။ အဲဒါဟာ စက်နှိုးစနစ်ရဲ့ ဓာတ်စီးပတ်လမ်းကို ခလုတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ စက်နှိုးမော်တာ အလည်ရပ်သွားတယ်။

သော့ကို STARTမှာ ရှိနေအောင် ကိုင်‌ပေးထားပြီး စက်နှိုးမော်တာကို လှည့်ပေးပြီး စက်နိုးအောင် ပြုတဲ့အခါ စက္ကန့် ၃၀ ထက် ပိုမကြာစေသင့်ဘူး။ မနိုးရင် သော့ကို ပြန်လွှတ်၊ ပြီးမှ နောက်တစ်ကြိမ် ထပ်နှိုးကြည့်ရမယ်။

မနှိုးသေးသရွေ့ သော့ကို STARTမှာ ရှိနေအောင် ကိုင်‌ပေးထားရင် စက်နှိုးမော်တာ ဆက်လည်နေမယ်။ ခရိုင်းရှပ်လည်း လည်နေမယ်။ စက်က နိုးမလာဘူး။ စက်နှိုးမော်တာ အလွန်အကျွံ ပူတက်လာမယ်။ ဘက်ထရီလည်း အားအင်ကုန်ခန်းသွားမယ်။ စက်နှိုးစနစ် ပျက်စီးရာပျက်စီးကြောင်းကို ပြုနေတာ ဖြစ်ပါတယ်။

 

အားသွင်းစနစ်

Charging System

အားသွင်းစနစ်ရဲ့ အဓိက လုပ်ငန်းတာဝန်က လျှပ်စစ်ပါဝါကို ပေးအပ်ဖို့ ဖြစ်ပြီး အင်ဂျင်လည်ပတ်နေချိန်မှာ အဲဒီတာဝန်ကို ထမ်းဆောင်ပါတယ်။ ဘက်ထရီကို အားပြန်သွင်းပေးတာအဖြစ် ကားမှာ လိုအပ်တဲ့ လျှပ်စစ်ပါဝါကိုပါ ပေးအပ်တာ ဖြစ်ပါတယ်။

အားသွင်းစနစ်မှာ ဘာတွေ ပါဝင်သလဲ။

ဒိုင်နမို

ဘက်ထရီ

ဗို့အားထိန်း (များသောအားဖြင့် ဒိုင်နမိုနဲ့ ပေါင်းစည်းထားတယ်)

သတိပေးအချက်ပြမီး

ဒိုင်နမိုက မီးစက်တစ်မျိုး ဖြစ်ပါတယ်။ ကားအကြောင်း စာအုပ်တွေမှာ alternator လို့ ခေါ်ဝေါ်ကြတာ ပြန်လှန်လျှပ်စီး alternating current (AC)ကို အတိုကောက် ခေါ်ဝေါ်တာ ဖြစ်ပြီး ထွက်လာတဲ့ အေစီကို

တစ်လမ်းသွား လျှပ်စီး direct current (DC) အဖြစ်သို့ ပြောင်းလဲပြီး သုံးစွဲတယ်။ ဘက်ထရီ အားသွင်းတယ်။ ကားရဲ့ လျှပ်စစ်စနစ်မှာ သုံးစွဲတယ်။

အင်ဂျင်ရဲ့ ခရိုင်းရှပ်နဲ့ ဒိုင်နမိုတို့ကို ပန်ကာကြိုးဖြင့် တွဲပေးထားတယ်။ ခရိုင်းရှပ် လည်တဲ့အခါ ဒိုင်နမိုလည်း လိုက်လည်တယ်။ အဲဒီလို လည်ပြီး လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးတယ်။ ဒီတော့ စက်နှိုးထားချိန်မှာ ဒိုင်နမိုက ဘက်ထရီကို အားသွင်းတယ်။ လျှပ်စစ်စနစ်ကိုလည်း တည်ငြိမ်တဲ့ ဗို့အားဖြင့် လျှပ်စစ်ဓာတ်အား ပေးတယ်။

ဒိုင်နမို တာဝန်မကျေရင် ဘက်ထရီထဲ အားမဝင်တဲ့အပြင် ကားရဲ့ လျှပ်စစ်စနစ်က ဒိုင်နမိုထံမှ ဓာတ်အား မရတဲ့အတွက် ဘက်ထရီထံမှ ရယူသုံးစွဲတာမို့ ဘက်ထရီ ဝပ်ကျသွားမယ်။ အားကုန်သွားမယ်။

တည်ငြိမ်တဲ့ ဗို့အား ပေးနေစေဖို့အတွက် ဗို့အားထိန်းကို ဒိုင်နမိုထဲမှာ တပ်ဆင်ပေးထားတယ်။ ဒီတော့ ဒိုင်နမို လစ်သွားလို့ အသစ်လဲရင် အထဲမှာရှိတဲ့ ဗို့အားထိန်းလည်း တစ်ပါတည်း အသစ်လဲပြီးသား ဖြစ်လိမ့်မယ်။

ဘက်ထရီကို အားသွင်းမယ့် လျှပ်စစ်ရဲ့ ဗို့အား တည်ငြိမ်နေအောင် ထိန်းကျောင်းပေးတယ်။

တချို့ကားတွေမှာတော့ Powertrain Control Module (PCM) က ထိန်းကျောင်းပေးတယ်။

PCM က စွမ်းပကားကြီးမားတဲ့ ကွန်ပျူတာဖြစ်ပြီး အင်ဂျင်မီးပေးစနစ်ကို စောင့်ကြည့်ထိန်းကျောင်းတယ်။ ဆီထိုးကျွေးတာကိုလည်း စောင့်ကြည့်ထိန်းကျောင်းတယ်။ ဓာတ်ငွေ့စွန့်ပစ်စနစ်၊ ဂီယာ၊ အိပ်ဇော စတာတွေကိုလည်း စောင့်ကြည့်ထိန်းကျောင်းတယ်။ အားသွင်းစနစ်ကိုလည်း စောင့်ကြည့်ထိန်းကျောင်းတယ်။

ကားရဲ့ ဉီးနှောက်လို့တောင် တင်စားပြီး ခေါ်ဝေါ်ကြတယ်။

သတိပေး အချက်ပြမီး

Warning Light

ကားရဲ့ ဒက်ရှ်ဘုတ်မှာ သတိပေးအချက်ပြမီးတွေ ရှိတာမှာ အားသွင်းစနစ် အခြေအနေကို ပြသတာလည်း ပါတယ်။ သတိပေးအချက်ပြမီးတစ်ခုအဖြစ် အသုံးပြုထားတယ်။ ဘက်ထရီပုံ ကောက်ကြောင်း ဆွဲပြထားတဲ့ မီးနီလေးဖြင့် ပြသတာမှာ စက်နှိုးတဲ့အခါ မီးလင်းနေပြီး စက်နိုးသွားတဲ့အခါ မီးငြိမ်းသွားတယ်။ တကယ်လို့ မီးမငြိမ်းဘဲ ဆက်လင်းနေရင် အားသွင်းစနစ်မှာ ပြဿနာ ရှိနေပြီလို့ သတိပေးနေတာ ဖြစ်ပါတယ်။

စက်နှိုးပြီးနောက် အင်ဂျင်လည်ပတ်နေချိန်မှာ ဘက်ထရီဗို့အားဟာ ၁၃.၂ မှ ၁၅.၂ ဗို့ ဖြစ်သင့်တယ်။

တကယ်လို့ ဗို့အားက ၁၃.၂ ဗို့အောက်မှာ ကျနေရင် အားသွင်းစနစ် ပြဿနာ ရှိနေပြီ။

တကယ်လို့ ဗို့အားက ၁၅.၂ ဗို့ အထက်မှာ ရှိနေရင် ဗို့အားထိန်းမှာ ပြဿနာ ရှိနေပြီ။

 

ကားရဲ့ ဂျင်နရေတာ မီးစက်ဖြစ်တဲ့ ဒိုင်နမို ပုံမှန်လည်နေဖို့အတွက် အင်ဂျင်မှ ခရိုင်းရှပ်နဲ့ တွဲပေးထားတဲ့ ခါးပတ်ကြိုး အခြေအနေ ကောင်းမွန်ဖို့ လိုအပ်တယ်။ ခါးပတ်ကြိုးကို လိမ်လှည့်ပြီး ကြိုးရဲ့ အတွင်းဘက် အခြေအနေကို ကြည့်ရှုစစ်ဆေးပါ။ အက်ရာ၊ ဖွာနေတာ တွေ့ရင် ခါးပတ်ကြိုး အသစ်လဲပေးလိုက်ပါ။

ကြိုးတင်းအားကိုလည်း စမ်းသပ်စစ်ဆေးပေးပါ။ ပူလီနှစ်ခုကြား အလယ်နေရာကို လက်မနဲ့ ဖိကြည့်ပါ။

ကြိုးဆန့်ထွက်တာ များနေတာ တွေ့ရင် အသစ်လဲပေးလိုက်ပါ။

ကြိုးလျော့နေရင် ပူလီမှာ တင်အားအပြည့်မဖြစ်ပေါ်ဘဲ ကြိုးချော်မယ်။ ဒီတော့ ဒိုင်နမိုကို အပြည့်အဝ လည်အောင် လှည့်မပေးနိုင်တော့လို့ ဓာတ်အား ပြည့်ပြည့်ဝဝ မထုတ်ပေးနိုင်တော့ဘူး။ ချော်ပြီး ပွတ်ဖန်များရင် ကြိုးမျက်နှာပြင်မှာ ပြောင်ချောချောဖြစ်နေမယ်။ စလည်လိုက်ချိန်၊ အရှိန်တက်ချိန်တွေမှာ အသံတကျွီကျွီ မြည်နေမယ်။

ကြိုးပတ်လည်တစ်လျှောက်မှာ ပူလီတွေ ရှိနေတယ်။ အဲဒီပူလီတွေမှာ ကြိုးချော်ပြီး ပွတ်တဲ့အတွက် အပူတွေ ပူလီတွေထံမှာ ထွက်ပေါ်တယ်။ အဲဒီအပူတွေက ခါးပတ်ကြိုးကို မီးကင်တယ်။ ကြိုးရော်ဘာသား မာကြွပ်ပြီး အက်ကြောင်းတွေ ပေါ်မယ်။ နောက်ဆုံးမှာ ကြိုးပြတ်ထွက်မယ်။

ကြိုးတင်းလွန်းရင်လည်း ပြဿနာ ရှိတယ်။ ဘယ်ရင်တွေကို ပျက်စီးစေတတ်တယ်။ ခါးပတ်ကြိုးက ဒိုင်နမိုပူလီအပြင် ရေပန့်ရဲ့ ပူလီကိုလည်း တွဲထားတာမို့ ရေပန့်မှာရှိတဲ့ ဘယ်ရင်ကိုလည်း ထိခိုက်စေတယ်။

ကြိုးအတင်းအလျော့ကို ချိန်ပေးတဲ့ ကြိုးတင်းထိန်းတံ ပါပေမဲ့လည်း အတိုင်းအတာ တစ်ခုအထိပဲ လုပ်ပေးနိုင်မယ်။ ကြိုးဆန့်ထွက်တာ များတဲ့အခါ တင်းအားကို ဆက်ထိန်းပေးထားနိုင်တော့မှာ မဟုတ်ဘူး။

Read 606 times