Nissanဟာ နည်းပညာဟောင်း တစ်ခုကို ပြန်လည် ဆန်းသစ်ပြီး ကားတွေ ထဲမှာ ဖုန်းဆက်သွယ်မှု ကင်းမဲ့ဇုန်တစ်ခု ဖန်တီးသွားဖို့ ပြင်ဆင်နေပါတယ်။
ကားမောင်းနေတုန်း ဖုန်းလာတဲ့အခါ မောင်းနှင်မှုအပေါ် အာရုံစူးစိုက်မှု လျော့ကျ သွားနိုင်တဲ့ အခြေအနေကို ဟန့်တားဖို့အတွက် ဒီနည်းပညာကို ဂျပန်ကားကုမ္ပဏီက ဖန်တီးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခြေခံ သဘောတရားကတော့ အသစ်အဆန်း မဟုတ်ပါဘူး။
Nissanဟာ တစ်ချိန်က Faraday Cageလို့ နာမည်ကြီးခဲ့တဲ့ ဖုန်းထားဖို့ သေတ္တာငယ်လေးတွေကို လာမယ့် Juke မော်ဒယ်လ်သစ်တွေမှာ ထည့်သွင်းပေးသွားဖွယ် ရှိနေပါတယ်။ အဲဒီခွက်လေးတွေကို Nissan Signal Shieldလို့ နာမည်ပေးထားတယ်။
တကယ်လို့ အဲဒီထဲမှာ စမတ်ဖုန်းကို ထည့်ထားလိုက်မယ်ဆိုရင် ဖုန်းဆီ လာချိတ်ဆက်မယ့် ရေဒီယို လှိုင်းတွေကို ဖြတ်တောက်ပေးထားပြီး ဖုန်းဝင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Bluetoothနဲ့ Wifi ကွန်ရက်တွေကိုပါ အဆက်ဖြတ်ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။
လောလောဆယ်တော့ Nissan Signal Shieldဟာ အဆင့်မြှင့်တင် ဖန်တီးဆဲ Prototype အဆင့်မှာသာ ရှိပါသေးတယ်။
Faraday Cageဟာ ရေဒီယိုလှိုင်း ဆက်သွယ်မှုတွေကို ဖြတ်တောက်ပေးတဲ့ ဇုန်နေရာ တစ်ခုကို ဖန်တီးပေးပြီး Nissanရဲ့ နည်းပညာမှာ ပိုကောင်းမွန် သာလွန်တဲ့ တစ်ချက်က လှိုင်းတွေကို ဖြတ်ထားပေး မပေး ဆိုတာကို ယာဉ်ပိုင်ရှင်က ရွေးချယ် စေခိုင်းလို့ ရတာပါပဲ။
ဒါ့အပြင် ဖုန်းကို အဆက်အသွယ် ဖြတ်ထားပေမယ့် ဖုန်းထဲမှာ ပါရှိတဲ့ သီချင်းနဲ့ ဗီဒီယိုတွေကို ကား ရဲ့ မီဒီယာ ဖျော်ဖြေရေး စနစ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ဖို့လည်း ခွင့်ပြုပေးထားပါတယ်။ Nissan Signal Shieldဟာ ကားမောင်းနေစဉ် အတောအတွင်း စမတ်ဖုန်းကို အဆက်အသွယ် ဖြတ်ထား မလား၊ ဆက်သွယ်ခွင့် ပေးထားမလား ဆိုတာကို အလွယ်တကူ ရွေးချယ်ဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
စစ်တမ်းတွေရဲ့ အဆိုအရ အမေရိကန်မှာ ကားမောင်းနေရင်း ဖုန်းသုံးမိတယ်လို့ ဝန်ခံသူ ဦးရေဟာ ၂၀၁၄ မှာ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၂၀၁၆ မှာတော့ ၃၁ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရပါတယ်။
Nissanက သီးခြားကောက်ယူတဲ့ စစ်တမ်းမှာတော့ ယာဉ်မောင်းသူ ပျမ်းမျှ ၅ ဦးမှာ ၁ ဦး လောက်က ကားမောင်းနေရင်း ဖုန်းနဲ့ Message ပို့ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။