ကားတစ်စီးကို မောင်းပြီး လိုရာခရီး တစ်ခုကို သွားရတာဟာ တွေးကြည့်ရင် ဘဝတစ်ခုကို ဖြတ်သန်းရသလိုပါပဲ။
ရန်ကုန်လို နေရာတကာ ကားကျပ်နေတဲ့မြို့မှာ မောင်းရတော့ အကျပ်အတည်းတွေ ကြားထဲမှာ ရှင်သန် ရပ်တည်နေရတဲ့ ဘဝတစ်ခုနဲ့ ပိုလို့တောင် တူနေပါသေးတယ်။ အဲဒီလို ကားမောင်းရင်းနဲ့ မြင်နေ တွေ့နေရတာတွေဟာ ကျွန်တော်တို့ ဘဝအတွက် ယူတတ်ရင် သင်ခန်းစာတွေချည်းပါပဲ။
၁။ ရည်မှန်းချက်ရှိဖို့ လိုတယ်
ကားပေါ် စတက်ပြီး စက်နှိုးတော့မယ် ဆိုတာနဲ့ အရင်ဆုံး သိထားဖို့ လိုတာက “ဘယ်သွားချင်တာလဲ” ဆိုတာပါပဲ။ ကိုယ်ဘယ်ကို အရောက်သွားချင်တယ်ဆိုတာ သိထားတော့မှ ဘယ်လမ်းကြောင်းတွေက သွားလို့ရတယ်၊ ဘယ်လမ်းကတော့ အမြန်ဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်မယ်ဆိုတာကို ရွေးချယ်လို့ ရတာပါ။ ရှောင်ကိုဗေးရဲ့ စကားနဲ့ ပြောရရင်တော့ “Begin with the end in mind” စိတ်ထဲမှာ ကိုယ်နောက်ဆုံး ရောက်ချင်တဲ့ ပန်းတိုင်ကို မှတ်ပြီး ကိုယ့်ရဲ့ ခရီးကို စတင်နိုင်ဖို့ လိုပါတယ်။
၂။ Early bird catches the worms
စောစောထတဲ့ ငှက်က အစာ ပိုရတယ် ဆိုတဲ့ စကားပုံလိုပါပဲ။ ရုံးကို ၉ နာရီ တက်ရမယ် ဆိုရင် အနားနီးမှ ကပ်ထွက်လို့ မရပါဘူး။ စောစောထွက်မှ ရပါတယ်။ ၁၅ မိနစ်စာလောက် နောက်ကျ သွားလိုက်တာနဲ့ ရုံးတက်ချိန် တစ်နာရီလောက်ထိ နောက်ကျသွားနိုင်ပါတယ်။ ဘဝမှာလည်း ဒီလိုပါပဲ။ အထူးသဖြင့်တော့ ဒီလို အပြိုင်အဆိုင် များလှတဲ့ အချိန်မျိုးမှာ ဝီရိယအား ပိုသာတဲ့သူက အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
၃။ မှားသွားမှာ မကြောက်နဲ့
ကိုယ်သွားချင်တဲ့ နေရာကို ရောက်ဖို့ အဆင်ပြေဆုံးလို့ ထင်ရတဲ့ လမ်းကြောင်းကို ရွေးပြီး သွားလိုက်ပေမယ့် မမျှော်လင့်တဲ့ အကြောင်း တစ်ခုခုကြောင့် ကားပိတ်နေတာမျိုးတွေ ကြုံရဖူးမှာပါ။ အဲဒီအခါ ‘ငါတော့ ဒီလမ်းက လာမိတာ မှားပြီ’ ဆိုပြီး နောင်တရနေလို့ မထူးပါဘူး။ လက်ရှိ ဒီအနေအထားကနေ အမြန်ဆုံးရောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ စဉ်းစားကြရမှာပါ။
ရွေးချယ်မှု ဆိုတာ အဖြေတစ်ခု ထွက်လာပြီးမှ လုပ်ရတာ မဟုတ်ပါဘူး။ အဖြေ မထွက်ခင်မှာ အကောင်းဆုံးလို့ ထင်ရတဲ့ အရာတစ်ခုအတွက် လောင်းကြေးထပ်ရတာဟာ “ရွေးချယ်မှု” ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ သေချာပါတယ် ပြောပြော၊ အချိန်မရွေး အကြောင်းပြချက် မျိုးစုံနဲ့ လွဲချော်သွားနိုင်ပါတယ်။ အဲဒီအတွက် စိတ်ပျက်နေစရာ မလိုပါဘူး။ ရွေးချယ်တဲ့ အချိန်တုန်းက ကိုယ်တိုင် အကောင်းဆုံး ရွေးချယ်မှုတစ်ခု လုပ်ခဲ့ဖို့နဲ့၊ လမ်းမှားခဲ့တဲ့အတွက် သွားရတဲ့အချိန် ကြာရင်သာ ကြာသွားပါစေ၊ တစ်နေ့ ရောက်ကိုရောက်ရမယ် ဆိုတဲ့ စိတ်မျိုး ရှိနေဖို့ကသာ အရေးကြီးတာပါ။
၄။ အခွင့်အလမ်းကို ရအောင်ယူ
အဝိုင်းပတ်တွေ ရောက်တဲ့အခါ လုံးလုံးလျားလျား ကားရှင်းမှ ထွက်မယ် ဆိုရင်တော့ အဲဒီနေရာမှာတင် တစ်နေကုန်သွားဖို့ ရှိပါတယ်။ ဟိုဘက်ကလာနေတဲ့ ကားတွေရဲ့ အရိပ်အခြည်ကို ကြည့်ပြီး ပေါ်လာတဲ့ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ တစ်ခါတလေ စွန့်စားသင့်ရင်လည်း စွန့်စားရပါတယ်။ အရာရာ အဆင်ပြေနေတဲ့ Comfort Zone ထဲမှာပဲ တစ်သက်လုံး နေချင်လို့ မရပါဘူး။ အခွင့်အရေးဆိုတာ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မလာတတ်ပါဘူး။ လိုချင်တဲ့ ကိုယ်ကသာ မတွေ့တွေ့အောင် လိုက်ရှာယူရတာ ဖြစ်ပါတယ်။
၅။ ကိုယ့်အတွက် အလျှော့ပေးပါ
တစ်ခါတလေကျ ဟိုဘက်ကလာတဲ့ ကားနဲ့ ဒီဘက်ကလာတဲ့ကား ခေါင်းချင်း ဆိုင်နေကြပြီး သူလည်း သွားမရ၊ ကိုယ်လည်း ကွေ့မရ ဖြစ်နေကြတာတွေလည်း တွေ့ဖူးမယ် ထင်ပါတယ်။ အဲဒီ သင်ခန်းစာလေးက မပြေလည်တဲ့ ချစ်သူ ရည်းစားတွေကနေ နိုင်ငံရေး ပြဿနာတွေထိ အသုံးချလို့ ရပါတယ်။
လူတွေဟာ ပြဿနာတစ်ခုကို အဖြေရှာတဲ့ နေရာမှာ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်တတ် ကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုက အဲဒီလို အတ္တကို ရှေ့တန်းတင်ထားပေမယ့် သူလိုချင်တာရော ရရဲ့လားဆိုတော့ မရပါဘူး။ ငါမှ ငါလို့သာ မာန်တင်းထားပေမယ့် သူကိုယ်တိုင်လည်း ရှေ့ဆက်သွားလို့ မရပါဘူး။ ငါမသွားရသလို မင်းလည်းမသွားနဲ့ ဆိုတဲ့ အနေအထားဟာ နှစ်ဦးနှစ်ဖက် ဘယ်သူမှ အကျိုးမရှိတဲ့ အနေအထားမျိုးပါ။ ညှိနှိုင်း အဖြေရှာတတ်ဖို့ လိုပါတယ်။ တစ်ခါတလေကျ သဘောထားကြီးကြီးနဲ့ အလျှော့ပေးလိုက်ရလို့ ငါရှုံးနိမ့်သွားပြီလို့တော့ မထင်လိုက်ပါနဲ့၊ အဲဒါက သူ့အတွက်တင် မဟုတ်ဘဲ ကိုယ့်အတွက်လည်း အကျိုးရှိသွားစေတယ်၊ တက်လမ်း ပွင့်သွားစေပါတယ်။
၆။ လမ်းသစ်ဖောက်သူ ဖြစ်ပါစေ
ကိုယ်လိုချင်တဲ့ ခရီးကို သွားတဲ့အခါမှာ ခုဆိုရင် အဓိက လမ်းမကြီးတွေမှာ ခုံးကျော်တံတားတွေ ဆောက်နေကြသလို လူသုံးများတဲ့ လမ်းတွေလည်းဖြစ်တော့ ကားအရမ်း ကျပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လမ်းကျဉ်းလေးတွေ၊ လူသိပ်မသိ၊ သိပ်မသုံးတဲ့ လမ်းတွေကနေ သွားတတ်မယ် ဆိုရင်တော့ ကားသိပ်မပိတ်ဘဲ စိတ်အေးသက်သာစွာနဲ့ လိုရာခရီးကို သွားနိုင်မှာ ဖြစ်ပါတယ်။
အဲဒါဟာ စီးပွားရေး သဘောနဲ့ ပြောရရင်တော့ Blue Ocean Strategy ပေါ့။ ဘုရားပွဲတွေမှာ ကြည့်လိုက်ပါ။ သူများတွေ ဒီမုန့်ရောင်းတယ် ဆိုကိုယ်လည်း ဒါမျိုး လိုက်ရောင်းတယ်။ အဲဒီအခါ ဒီစားသုံးသူ တစ်စုကိုပဲ သူရကိုယ်ရ အပြိုင်လုနေရတယ်။ အဲဒီလို မဟုတ်ဘဲ သူက အသားကင်ရောင်း၊ ကိုယ်က အအေးရောင်းမယ် ဆိုရင်တော့ သူနဲ့ကိုယ်နဲ့ အပြိုင်လုစရာ မလိုဘဲ အေးအေးချမ်းချမ်း စီးပွားရှာနိုင်မှာ ဖြစ်ပါတယ်။ Profession တစ်ခု ရွေးချယ်တော့မယ် ဆိုလည်း ဒီအတိုင်းပါပဲ။ လိုအပ်ချက်လည်း ရှိနေပြီး လူအများ သိပ်မလုပ်ကြတဲ့ အလုပ်မျိုးကို ကိုယ်ကလည်း တကယ် ဝါသနာ ပါခဲ့မယ်ဆိုရင် ရဲရဲ ရွေးချယ်ကြဖို့ လိုပါတယ်။
၇။ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
ရုပ်ရှင် တစ်ကားထဲမှာ ပြောဖူးသလိုပါပဲ။ အိမ်ထောင်သည်ဆိုတာ ကားဒရိုင်ဘာလိုပဲ ကိုယ့်ဘက်က မမှားအောင်လည်း သတိထားရသလို တစ်ဖက်က မှားလာမှာကိုလည်း သတိထား ရှောင်တတ်ရတယ်တဲ့။ တကယ်တော့ အိမ်ထောင်သည်မှ မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ မြတ်စွာဘုရားဟောတဲ့ ၃၈ ဖြာ မင်္ဂလာထဲက ထိပ်ဆုံးမှာ ပါတာ “အသေဝနာစ ဗာလာနံ” လူမိုက်ကို မပေါင်းသင်းရ။ ဒီမင်္ဂလာတရားက ကလေးဘဝကတည်းက စကျင့်သုံးရမယ့် မင်္ဂလာတရားပါ။ လူငယ်ဘဝမှာလည်း အပေါင်းအသင်း မမှားဖို့ အရေးကြီးတယ်။ အဲဒီလိုပဲ လူကြီးဘဝမှာလည်း နောက်ကျော ဓားနဲ့ထိုးတတ်သူကို မယုံမိဖို့ အရေးကြီးပါတယ်။
၈။ ကမ္ဘာကြည့် ကြည့်တတ်ပါစေ
တစ်ရက် ရန်ကင်းစင်တာရှေ့မှာ ဘတ်စ်ကားကြီး တစ်စီးက တော်တော်နဲ့ မထွက်ဘဲ ပိတ်ရပ်ထားပြီး ခရီးသည် စောင့်တင်နေတယ်။ သူ့နောက်မှာ တန်းစီနေတဲ့ ကားသေးတွေက ရှေ့ကိုလည်း ဘာမှမမြင်ရတော့ ကားပိတ်နေတယ် အမှတ်နဲ့ စောင့်နေကြတာပေါ့။ တော်တော်ကြာလာတော့ မသင်္ကာလို့ ကျော်တက်ပြီး သွားလိုက်တော့မှ ရှေ့မှာ ဘာကားမှ မရှိဘဲ ရှင်းရှင်းလင်းလင်း သွားလာနေကြတာကို တွေ့လိုက်ရတော့တယ်။
ကျွန်တော်တို့ ပြည်သူတွေရဲ့ အဖြစ်ကလည်း အဲဒီ ကားလေးတွေ လိုပါပဲ။ အာဏာရှင်တွေက ကျောင်းသားတွေ ပညာတတ်သွားရင်၊ ပြည်သူတွေ အသိအမြင် ရှိသွားရင် သူတို့ ထင်သလို အုပ်ချုပ်လို့ မရတော့မှာ စိတ်ပူပြီး ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းကို ဖျက်ဆီးခဲ့ကြတယ်။ အသိပိတ် အမြင်ပိတ် ဖြစ်နေအောင် နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ် ခဲ့ကြတယ်။ အဲဒီလို နွားခြေရာခွက်ထဲ အနေကြာလာတော့ အပြင်မှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိတော့ဘူး။ ဖုန်းဆင်းမ်ကတ် တစ်ခုကို ၁၅၀၀ လောက်နဲ့ ကိုင်လာနိုင်တာကို တိုးတက်လှပြီ ထင်လာတယ်။ ကားဈေးတွေ ကျလာတာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့်လို့ ထင်နေကြသူတွေကလည်း မနည်းဘူး။ ဒီလို ကိုယ့်ရှေ့ ပိတ်ရပ်ထားပြီး သူတို့ အကျိုးအတွက်ပဲ လုပ်နေတဲ့ ဘတ်စ်ကားကြီးတွေရဲ့နောက် ပျော်ပျော်ကြီး တန်းစီရင်း သေဖော်သေဖက် ညှိနေလိုက်ကြတာ အီသီယိုးပီးယားက ကိုယ့်ကို ကျော်တက်သွားတာတောင် မသိလိုက်ကြဘူး။
၉။ တန်ရဲ့လား
ကားကို မြန်မြန်မောင်းလို့ အရှိန်မထိန်းနိုင်ဘဲ လူကို တိုက်မိရင်း၊ ကားအချင်းချင်း တိုက်မိရင်း အသက် ဆုံးရှုံးရတာတွေ မြင်ရတိုင်း တွေးမိပါတယ်။ အဲဒီလို မောင်းလိုက်လို့ ဘယ်လောက်များ စောရောက်သွားမှာ မို့လို့လဲ။ အဲဒီလို နည်းနည်းလေး စောရောက်ဖို့အတွက် ကြီးကြီးမားမား ပေးဆပ်လိုက်ရတာ တန်ရဲ့လား ဆိုတာပါပဲ။
ကျွန်တော်တို့တွေဟာ ဘဝမှာလည်း ဘာမဟုတ်တာလေးတွေ အတွက်နဲ့ အများကြီး ဆုံးရှုံးနေကြရတယ် ဆိုတာကို သတိမထားမိကြဘူး။ စကားလေး အသာရချင်တာနဲ့ တစ်သက်လုံး ခင်မင်လာတဲ့ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတယ်။ မာနလေး မလျှော့ချင်တာနဲ့ပဲ အိမ်ထောင်ရေးတွေ ပျက်စီးကုန်တယ်။ ငါဆိုတဲ့ အတ္တလေးအတွက် ပညာပြရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ပြတ်တောက်ခဲ့ရတယ်။ ဒါကြောင့် တစ်ခုခုကို စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိတော့မယ်၊ လုပ်မိတော့မယ်ဆိုတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်တယ်။ ဒီ အလဲအထပ်ဟာ တန်ရဲ့လားလို့။
၁၀။ အဆုံးသတ်တွေ လှပဖို့
ကားပါကင် ပြဿနာ ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့မှာတော့ တစ်ခါတလေ လိုရာခရီးကို ရောက်နေပေမယ့် အဲဒီ ပါလာတဲ့ ကားကို ရပ်စရာနေရာ မရှိလို့ တဝဲလည်လည် ရှာနေရတဲ့ အဖြစ်မျိုးလည်း ကြုံရပြန်ပါသေးတယ်။ ကိုယ်ပိုင်ကားနဲ့ မလာဘဲ တက္ကစီ စီးလာတာက ရပ်စရာနေရာ ရှားပါးနေတဲ့ ခုလို အချိန်မှာ ပိုအဆင်ပြေတတ်ပါတယ်။
ကျွန်တော့် မိဘများ အပါအဝင် မိဘတိုင်းကို အဲဒါလေး သတိရစေချင်ပါတယ်။ ကိုယ်ပိုင်ကားလို့ ခေါ်တဲ့ အနှောင်အဖွဲ့တစ်ခု ပါလာခဲ့ရင် လိုရာခရီးကို ရောက်ဖို့ အဆုံးသတ်မှာ နှောင့်နှေးနေတတ်သလို သံယောဇဉ်တွေ အစွဲအလမ်းတွေ များနေခဲ့ရင်လည်း လူ့ဘဝရဲ့ အဆုံးသတ်မှာ ဒုက္ခရောက်တတ်ပါတယ်။
လူ့ဘ၀ တစ်ခုကို ဖြတ်သန်းရခြင်းရဲ့ နောက်ဆုံး ပန်းတိုင်က ဘာပါလဲ။ စဉ်းစားကြည့်ပါ။ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ သက်သက်ပဲလား။ ဘဝတစ်လျှောက်လုံး လုပ်ပေးလာခဲ့လို့ သားသမီးတွေလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေနိုင်ကြပြီ ဆိုရင်တော့ ကိုယ့်အတွက် တစ်ချက်တော့ ကြည့်သင့်နေပါပြီ။ သံယောဇဉ်တွေ၊ အစွဲအလမ်းတွေ လျှော့နိုင်သလောက် လျှော့ပြီး ကိုယ့်ဘဝကို လှလှပပ အဆုံးသတ်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်။