သင်တန်းဆင်း လက်မှတ်မလိုအပ်ဘဲ “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ပြု


ရန်ကုန်တိုင်းဒေသကြီးတွင် "ခ" ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် မလိုအပ်တော့ဘဲ ကညနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းအား တက်ရောက်ပြီး ဖြေဆိုနိုင်သည့်စနစ်အား ပြောင်းလဲလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကညနမှ သတင်းရရှိပါသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးတွင် "ခ" ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်သင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသော သင်တန်းဆင်းလက်မှတ်တင်ပြနိုင်မှသာ ဖြေဆိုခွင့် ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မော်တော်ယာဉ်မောင်း သင်တန်းဆင်းလက်မှတ်မလိုတော့ဘဲ ကညနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းအား တက်ရောက်ပြီး ဖြေဆိုနိုင်သည့်စနစ်အား ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

“အရင်က ယာဉ်မောင်းလိုင်စင်ဖြေဖို့အတွက် သင်တန်းကျောင်းတစ်ခုခုက ထုတ်ပေးတဲ့ သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူကိုသာ ဖြေဆိုခွင့် ပြုခဲ့တာဖြစ်ပါတယ်။ အခုအစီအစဉ်က ကညနမှာ ပညာပေးသင်တန်းတက်ပြီး လိုင်စင်ဖြေလို့ရတဲ့စနစ်ကို ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူတွေ ပိုပြီးအဆင်ပြေဖို့အတွက် ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းတက်ဖို့အတွက်လည်း အွန်လိုင်းနဲ့စာရင်းသွင်းပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကညနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ကညနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းအား အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်ပိုင်း ၈ နာရီခွဲမှ မွန်းလွဲ ၁၂နာရီခွဲ အထိ တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ တစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး မိမိနှင့် အဆင်ပြေသည့် အချိန်ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရယူနိုင်မည်ဖြစ်ပြီး သင်တန်းကြေးအနေဖြင့် ကျပ်ငါးထောင် ပေးသွင်းတက်ရောက်နိုင်ကြောင်း သိရပါသည်။

ပညာပေးသင်တန်းတက်ရောက်ရန် အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရယူရာတွင် အနည်းဆုံးသုံးရက်မှ အများဆုံးရက် ၃၀ အထိ ကြိုတင်ရယူနိုင်မည်ဖြစ်ပြီး Google Chrome Browser မှတစ်ဆင့် www.rtad.gov.mm website တွင် လွယ်ကူစွာ ဝင်ရောက်ရယူနိုင်မည်ဖြစ်ပြီး ယင်းသို့ အွန်လိုင်းဘိုကင်ရယူရန် အခက်အခဲရှိသူများအနေဖြင့် မြင်သာလိုင်စင်ရုံးရှိ Online Booking Section တွင် လာရောက်ရယူနိုင်ကြောင်း သိရပါသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်း (ONLINE BOOKING SYSTEM) လျှောက်ထား ခြင်း ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

၁။ လျှောက်ထားလိုသူများသည်-

(က) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်) တွင် “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့် လျှောက်ထားသူများအား ယခင်က ယာဉ်မောင်း သင်တန်းဆင်းလက်မှတ်တင်ပြနိုင်မှသာဖြေဆိုခွင့်ပြုမည်ဖြစ်ပြီးယခုသင်တန်းဆင်း လက်မှတ်မလိုအပ်ဘဲဖြေနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး သင်တန်းကို လက်ခံဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

 

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ (Online Booking System)လျှောက်ထားခြင်း 

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

၂။ လျှောက်ထားလိုသူများသည်-

(က) “ခ” ယာဉ်မောင်းလိုင်စင်ရယူလိုသူများ

(၁) အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(၂) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) “က” ယာဉ်မောင်းလိုင်စင်သက်တမ်း(၃)လပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

(၃) ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မောင်းသင်တန်း ကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

(၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းများမှ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်လျှင် တိုင်းဒေသကြီးရုံး(ရန်ကုန်) မြင်သာ Online Booking ဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက် ရက်ချိန်း ရယူရမည်။


Source;logisticsguide

Read 1346 times