ကားမောင်းနေရင်း ကားလည်ထွက်သွားသည့်အခါ လုပ်ဆောင်သင့်သည့်အချက်များ


စတီယာရင် ကပ်ပြီးတော့၊ ဒါမှမဟုတ် ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်ကာ ကားလည်သွားတဲ့ အခြေအနေမျိုးဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါသည်။

ထို့ကြောင့် ယင်းအခြေအနေ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများနှင့် ဘယ်လိုဖြေရှင်းရမလဲ  စသည့်အချက်များကို ဖော်ပြပေးလိုက်ပါသည်။

စတီယာရင် ကပ်တယ်ဆိုတာကတော့ ကားက ကိုယ်ကွေ့သလို ကွေ့မလာဘဲ တည့်တည့်ဆက်သွားသည့် အခြေအနေမျိုးကို ဆိုလိုတယ် ဆိုတာ ယာဉ်မောင်းနှင်သူ အားလုံးလည်း သိကြမှာပါ။

စတီယာရင် ကပ်ရသည့်  အကြောင်းရင်းများမှာ ကွေ့တဲ့အချိန်မှာ အရှိန်မလျှော့ခြင်း၊ ရုတ်တရုတ် အလျှင်အမြန် ချိုးကွေ့ခြင်း၊ ကားအောက်ပိုင်းနှင့် ကားတည်ဆောက်ပုံတို့ ပုံမှန်ကြံ့ခိုင်သည့် အခြေအနေမှာ ရှိမနေတာကြောင့်တို့ပဲ ဖြစ်ပါသည်။

ဒီလိုစတီယာရင် ကပ်တဲ့ အခြေအနေမျိုးနဲ့ မကြုံတွေ့ရအောင် ကား၊ တာယာတို့၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သကဲ့သို့ မောင်းနှင်သည့်  အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြားသတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

တကယ်လို့ အကြောင်းကြောင်းကြောင့် စတီယာရင်ကပ်သည့် အခြေအနေမျိုးနဲ့ ကြံုရတယ် ဆိုရင်တော့ စိတ်ကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းပြီး ပထမဆုံး လီဗာကို လွှတ်ပါ။

ပြီးရင် ဘရိတ်ကိုနင်းပြီး စတီယာရင်ကို အတည့်အတိုင်း ထားလိုက်ပါ။

နောက်တစ်ခုအနေဖြင့် ကားကွေ့သည့် အချိန်မှာ ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်သည့် အခြေအနေနှင့်  ပတ်သက်လို့ ပြောချင်ပါသည်။

အရှိန်နဲ့ကွေ့သည့်အခါ၊ ရုတ်တရက် ကွေ့ချလိုက်တဲ့အခါ၊ ကားအောက်ပိုင်းနဲ့ တည်ဆောက်ပုံက ပုံမှန်အခြေအနေမှာ ရှိမနေသည့် အခါမျိုးမှာ ဒီလိုမျိုး ကြံုတွေ့ရတတ်ပါသည်။

ဒီလိုအခြေအနေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အတွက်လည်း ကား၊ တာယာတို့ရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သကဲ့သို့ မောင်းနှင်တဲ့ အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြား သတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ရမှာပဲ ဖြစ်ပါသည်။

တကယ်လို့ မတတ်သာဘဲ ကြံုတွေ့ရပြီ ဆိုရင်တော့ လီဗာကိုလွှတ်ပြီး ဆန့်ကျင်ဘက် လားရာကို စတီယာရင်ကို လှည့်ရမှာ ဖြစ်ပါသည်။

စိတ်ကို တည်ငြိမ်အောင်ထားဖို့ လိုအပ်တယ် ဆိုတာကိုတော့ အထူးပြောနေဖို့ လိုမယ် မထင်ပါဘူး။

ဒီလမ်းချော်ပြီး ကားလည်ထွက်သွားတဲ့အခါ ဘာလုပ်ရမလဲ #Driving Tip ကို ကမ္ဘာကျော် ကားကုမ္ပဏီ Ford ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲ Ford Myanmar ကနေ မြန်မာ ယာဉ်မောင်းတွေ အတွက် ရည်ရွယ်ပြုလုပ်ပေးခဲ့တဲ့ Ford Driving Skills For Life (FDSL) အလုပ်ရုံဆွေးနွေးပွဲမှာ သင်ကြား ဆွေးနွေးပေးခဲ့သည့် အချက်များထဲကနေ ဖော်ပြထားခြင်း ဖြစ်ပါသည်။

 

Read 5670 times