ကားတစ်စီး၏ ချာဂျင်အားသွင်းစနစ် (Charging Systems)


ကားဘက်ထရီသည် ကားအင်ဂျင်စက်စတင်နှိုးပေးရန်အတွက်သာ လျှပ်စစ်ပါဝါ အလုံအလောက်ထောက်ပံ့နိုင်သော်လည်း ကားမောင်းနှင်သွားလာနေစဉ်တစ်လျှောက်လုံးဆက်လက်လိုအပ်သော Power Supply တာဝန်ကို ချာဂျင်အားသွင်းစနစ် (Charging System) ကသာဆောင်ရွက်ပါသည်။

ကားဘက်ထရီတစ်လုံးတွင် သိုလှောင်ထိန်းသိမ်းထားသော စွမ်းအင်ပမာဏသည် ခေတ္တခဏသာအသုံးခံပြီး အချိန်ပြည့် စွမ်းအားပြည့်အသုံးပြုနိုင်ရန် Generator မှ လျှပ်စစ်ပါဝါထုတ်လုပ်ပေးရသည်။ လျှပ်စစ်ပါဝါထုတ်လုပ်ခြင်း (Generation) တာဝန်ကို Alternator ကဆောင်ရွက်ခြင်းဖြစ်ပြီး ကားဘက်ထရီနှင့် ကားတစ်စီးလုံးလျှပ်စစ်ပါဝါလိုအပ်ချက်များကို ထုတ်လုပ် ပေးသည်။ တစ်နည်းအားဖြင့် ကားဘက်ထရီကို အားပြန်သွင်းပေးခြင်းဖြစ်သည်။ ကားတစ်စီးရွေ့လျားမောင်းနှင်နေစဉ် လျှပ်စစ် အသုံးဆောင်ပစ္စည်းများ၊ ကားမီးများ၊ လေအေးပေးစက် Fan များ၊ အခြားပါဝါသုံးမော်တာများ၊ ကားအော်ဒီယိုပစ္စည်းများအားလုံး အတွက် လျှပ်စစ်ပါဝါလိုအပ်သည်။ လိုအပ်သော လျှပ်စစ်ပါဝါစွမ်းအင်ကို Alternator မှ တည်ငြိမ်စွာထုတ်လုပ်ပေးရန် စနစ်တစ်ခုလိုအပ်သည်။ ထိုစနစ်ကို Charging System ဟုခေါ်ဆိုသည်။

ချာဂျင်အားသွင်းစနစ်၏ အဓိကလုပ်ဆောင်ချက်များမှာ

-ကားတစ်စီးလုံး၏ (Electrical Load) လျှပ်စစ်ဝန်အားလိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီတည်ငြိမ်စွာထောက်ပံ့ပေးရန်

-လျှပ်စစ်သုံးစွဲမှုအခြေအနေအမျိုးမျိုးတွင် ကားဘက်ထရီနှင့် လျှပ်စစ်ပစ္စည်းများအားလုံးအတွက် လိုအပ်သော Current ကို ထောက်ပံ့ပေးရန်

- မော်တော်ယာဉ်လျှပ်စစ်စနစ်တစ်ခုလုံး၏ ဗို့အားတည်ငြိမ်မှုရရှိစေရန်

- မော်တော်ယာဉ်တစ်စီးလုံးအတွက် နေ့အချိန်၊ ညအချိန်များတွင် လိုအပ်သော လျှပ်စစ် Full Load ပါဝါထုတ်လုပ်ပေးရန်။

သင့်ကားဒက်ရှ်ဘုတ်တွင် ကားသော့ဖွင့်လိုက်ပါက ဘက်ထရီပုံ Icon ချာဂျင်သတိပေးမီးနီလင်းနေမည်။ ကားစက်နှိုးပြီး အင်ဂျင်စက်လည်ပတ်သွားလျှင် ပန်ကာကြိုးဆွဲအားကြောင့် Alternator ပါလိုက်လည်ပြီး ဘက်ထရီသို့အားဝင် ပါက ချာဂျင်မီးငြိမ်းသွားမည်။ အကယ်၍ ကားမောင်းနေစဉ်ဘက်ထရီချာဂျင်မီးရုတ်တရက်မီးလင်းပါကလည်း ချာဂျင်အားသွင်း စနစ်တွင် ချွတ်ယွင်းချက်အပြစ်တစ်ခုခုရှိနေသည်ဟု သတိပေးနေခြင်းဖြစ်သည်။

ချာဂျင်သတိပေးမီးလင်းလာခြင်းကို သတိမထားဘဲ ကားဆက်မောင်းနေပါက ဘက်ထရီတွင် သိုလှောင်ထားသော လျှပ်စစ်စွမ်းအားပမာဏတဖြည်းဖြည်းလျော့နည်းကျဆင်းလာမည်။ နောက်ဆုံးဘက်ထရီအား အလွန်နည်းသွားပြီး ကားစက်ပါ ရပ်သွားမည်။ ညအချိန်ချာဂျင်မဝင်ပါက ခရီးဆက်သွား၍မရပါ။ ဘက်ထရီချာဂျင်မဝင်ဘဲ ကားမီးကြီးနှင့် Air-con သုံး၍မရပါ။ အတွေ့အကြုံရှိသော ယာဉ်မောင်းများသည် မော်တော်ယာဉ်လျှပ်စစ်အခြေခံသဘောတရားများကို နားလည်ကြသည်။ မျိုးဆက်သစ်လူငယ်များ ကားမောင်းသင်လေ့ကျင့်လျှင် ကားပညာအခြေခံနှင့် လျှပ်စစ်အခြေခံများကိုလည်း လေ့လာထားသင့် သည်။ သဘောတရားများကို သိရှိနားလည်ထားခြင်းဖြင့် သင့်ကားအချိန်မှန် Maintenance လုပ်ရန် လိုအပ်ချက်များကိုလည်း အလွယ်တကူသဘောပေါက်နိုင်သည်။

ကားတစ်စီး၏ ချာဂျင်အားသွင်းစနစ်တွင် ဒိုင်နမို(သို့မဟုတ်) Alternator ၊ လျှပ်စစ်စီးကြောင်း Current နှင့် ဗို့အားကို ထိန်းချုပ်ပေးနိုင်သော Regulator ၊ ကားဘက်ထရီ၊ ကားသော့အုံ Ignition Switch ၊ ဝါယာရိန်းစနစ်နှင့် ချာဂျင် သတိပေးမီး Charging Pilot Lamp တို့ပါဝင်သည်။ ခေတ်ဟောင်းကားများတွင် ဒိုင်နမိုကိုသုံးခဲ့ကြသည်။ ယနေ့ခေတ်ပေါ်ကားများတွင် လျှပ်စစ်ထုတ်လုပ်စွမ်းအားကောင်းသော Alternator ကို အသုံးပြုသည်။ ခေတ်ဟောင်းဒိုင်နမိုများသည် အင်ဂျင် Slow လည်ပတ်ချိန်တွင် လျှပ်စစ်ပါဝါထုတ်လုပ်စွမ်းအင်ကျဆင်းသည်။ Alternator များက စက်နှေးလည်ပတ်နေချိန်တွင်လည်း ဘက်ထရီကိုအားသွင်းနိုင်သည်။ ပို၍အားသာချက်များရှိသောကြောင့် ယနေ့ခေတ်တွင် Alternator ကိုသာသုံးလာကြသည်။

Alternator မှထုတ်ပေးသောလျှပ်စစ်သည် A.C လျှပ်စစ်ဖြစ်သည်။ ကားတွင်သုံးသောလျှပ်စစ်မှာ D.C အမျိုးအစားဖြစ်သည်။ A.C ကို D.C အဖြစ်ပြောင်းသွားစေရန် ဒိုင်အုပ် (diodes) များက ဆောင်ရွက်ပေးသည်။ ကားသုံး Alternator များကို 12 Volt နှင့် 24 Volt ဟူ၍ နှစ်မျိုးထုတ်လုပ် သည်။ ထရပ်ကားကြီးများ၊ ဘတ်စ်ကားကြီးများတွင် 24 Volt စနစ်သုံးသည်။ Alternator ကို အင်ဂျင်ပေါ်တွင် ခိုင်မြဲစွာတပ်ဆင်အထိုင်ချထားသည်။ Alternator ပူလီကို ပန်ကာကြိုး (v-Belt) ဖြင့်ဆွဲလှည့်သည်။ အင်ဂျင်ပူလီလည်လျှင် Alternator ပူလီလည်ပြီး လျှပ်စစ်ပါဝင်ထုတ်လုပ်နိုင်သည်။ အချို့သောကားများတွင် ပန်ကာကြိုးလျော့လွန်းနေပါက ကြိုးချောင်ပြီး Alternator လည်အားကျဆင်းသည်။ ချာဂျင်ဝင်အားမကောင်းဖြစ်တတ်သည်။ ပန်ကာကြိုးပြတ်ထွက်သွားလျှင် Alternator မလည်တော့ဘဲ ချာဂျင်သတိပေးမီးလင်းလာမည်။

သင့်ကားပေါ်တက်၍ ကားစတင်မောင်းရန် စက်နှိုးရမည်။ ကားသော့ဖွင့်လိုက်ပါက Ignition မီးပေးစနစ်နှင့် ဒိုင်နမိုသို့ မီးရောက်သွားပြီး ကားဒတ်ရှ်ဘုတ်တွင် ဘက်ထရီချာဂျင်မီး၊ အင်ဂျင်ဝိုင်မီးများလင်းနေမည်။ ကားသော့ကို နောက်တစ်ဆင့်လှည့် လိုက်ပါက စက်နှိုးမော်တာဆွဲသဖြင့် အင်ဂျင်စက်နိုးသွားမည်။ ကားစက်နိုးသွားသည်နှင့် အချိန်စက္ကန့်ပိုင်းအတွင်းမှာပင် ဘက်ထရီချာဂျင်မီးနှင့် အင်ဂျင်ဝိုင်မီးများငြိမ်းသွားမည်။ အကယ်၍ ချာဂျင်မီးနီမငြိမ်းပါက ဘက်ထရီသို့အားမဝင်ကြောင်း Altermator အလုပ်မလုပ်ကြောင်း အချက်ပြခြင်းဖြစ်သည်။ ချာဂျင်စနစ်အလုပ်မလုပ်သော ချွတ်ယွင်းချက်ပြဿနာများကို ရှာဖွေစစ်ဆေးပြုပြင်ရမည်။

ချာဂျင်အားသွင်းစနစ်တွင် ဒိုင်နမိုမှ မီးထွက်အားအနည်း၊ အများကို ကတ်တောက်(cut out) ခေါ် Regulator I.C က ထိန်းချုပ်သည်။ ကားတစ်စီးသုံးသော လျှပ်စစ်ဝန်အား(Electrical Load) များအပေါ်မူတည်ပြီး Alternator မှ လိုအပ်သော လျှပ်စစ်မီးကြောင်း(current) သာထွက်ရန် Regulator I.C က ထိန်းချုပ်ပေးသည် ဘက်ထရီကိုအားပြန်သွင်းရာတွင်လည်း Overcharging ဖြစ်ပါက ဘက်ထရီအိုးပွက်ပွက်ဆူလာပြီး ဘဲဥပုပ်နံ့ကဲ့သို့စူးရှသောအနံ့ထွက်သည်။ ဘက်ထရီ Overcharging ဖစ်ခြင်းသည် ဘက်ထရီသက်တမ်းကိုတိုစေသည်။ ဘက်ထရီပျက်စီးစေသောအကြောင်းရင်းတစ်ခုဖြစ်သည်။

Alternator သည် အင်ဂျင်လည်ပတ်မှုစက်မှုစွမ်းအင်ကို လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာဖြစ်သည်။ လျှပ်စစ်အခြေခံသဘောတရားမှာ သံလိုက်စက်ကွင်းတစ်ခုအတွင်းသို့ ဝါယာကွိုင်တစ်ခုဖြတ်သန်းသွားပါက ထိုဝါယာတွင် လျှပ်စစ်စီးကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုသဘောတရားကို အခြေခံရူပဗေဒ (Physic) ကသာ လျှပ်စစ်သီအိုရီအခန်းများ တွင် ကျွန်တော်တို့သင်ကြားခဲ့ပြီးဖြစ်ပါသည်။ Alternator တွင် သံလိုက်စက်ကွင်းကရွေ့လျားပြီး Stator ကွိုင်က ရပ်တည် နေသည်။ လျှပ်စစ်အခြေခံသဘောတရားအရ သံလိုက်စက်ကွင်းတစ်ခုကို ဝါယာကွိုင်ခွေများအဆက်မပြတ်လည်ပတ်စေပါက လျှပ်စစ်စီးကြောင်းအားကောင်းကောင်းဖြစ်ပေါ်လာပြီး လျှပ်စစ်ဓာတ်ထွက်လာမည်။ Alternator တွင် Stator Coil က အပြင်ဘက်တွင်တည်ရှိပြီး Rotor ကလည်ပတ်သည်။ Rotor သည် ဝါယာကွိုင်ပတ်ထားသော လျှပ်စစ်သံလိုက်တုံးဖြစ်သည်။

ကားသော့အုံ Ignition Switch ဖွင့်လိုက်ပါ။ ဘက်ထရီမှ လျှပ်စစ်ဓာတ်သည် Rotor Coil သို့ရောက်ပြီး လျှပ်စစ်သံလိုက်ဖြစ်သွား သည်။ Rotor သည် Iron Core နှစ်ခြမ်းကို လက်ယှက်ထိုးမျက်နှာချင်းဆိုင်ထားသဖြင့် သံလိုက်ဝင်ရိုးစွန်း South Pole နှင့် North Pole တို့ဖြစ်ပေါ်သည်။ Rotor လည်ပါက သံလိုက်ဝင် ရိုးစွန်း(S) နှင့် (N) တို့သည် တစ်လှည့်စီပြောင်းပြီး Stator ကွိုင်ကိုဖြတ်သန်းသည်။ ထိုသံလိုက်စက်ကွင်းများဖြတ်သန်းမှုစွမ်းအားကြောင့် Stator Coil တွင်လျှပ်စစ်စီးကြောင်း ဖြစ်ပေါ်လာသည်။ (S) နှင့် (N) တစ်လှည့်စီဖြစ်၍ ကွိုင်တွင်ဖြစ်ပေါ်သော လျှပ်စစ်သည် A.C ခေါ်ပြန်လှန်လျှပ်စစ်ဖြစ်သည်။ A.C ကို ဒိုင်အုပ်များက D.C လျှပ်စစ်ဖြစ်သွားအောင်ပြောင်းပေးသည်။

Alternator တစ်လုံးတွင် Rotor ကွိုင်သို့ဝင်သော D.C လျှပ်စစ်ပမာဏအနည်းအများပေါ်မူတည်၍ သံလိုက်စက် ကွင်းပြင်းအားကွာခြားသည်။ သံလိုက်ပြင်းအားများပါက Stator oil မှထုတ်ပေးသော လျှပ်စစ်စီးကြောင်း ပမာဏများမည်။ ကားတစ်စီးတွင် လိုအပ်ချက်အရသာ Alternator ထုတ်လုပ်နိုင်ရန် I.C Regulator ကထိန်းချုပ်ပေးသည်။

I.C Rugulator ပုံမှန်အလုပ်မလုပ်ပါက Alternator မှ မီးထွက်မမှန်ပါ။ Alternator တွင် A.C မှ D.C ပြောင်းပေးသော ဒိုင်အုပ်အတွဲ ၂ တွဲပါသည်။ ဒိုင်အုပ်တစ်တွဲလျှင် ၃ လုံးပါပြီး Positive ၃ လုံးနှင့် Negative တွင် ၃ လုံး အားလုံးပေါင်းပါက ဒိုင်အုပ် ၆ လုံးပါသည်။ ဒိုင်အုပ်တစ်လုံးမကောင်းပါက Alternator မှ မီးထွက်မမှန်နိုင်တော့ပါ။ Rotor ကွိုင်ကို လျှပ်စစ်ပေးရန် ကြေးကွင်း Slip Ring ၂ ကွင်းရှိသည်။ ကာဗွန်ဘရက်နှင့် အမြဲထိတွေ့ပြီး လွှတ်ပေးနေသည်။ ကြာလာလျှင် ကာဗွန်တို၍ စားသွားပြီး Rotor ကွိုင်သို့ မီးမဝင်နိုင်ပါက သံလိုက်မဖြစ်တော့ပါ။

Rotor ဝင်ရိုးကို Ball Bearing ၂ လုံးပေါ်တွင်ထိုင်ထားသည်။ ပန်ကာကြိုးတင်းအားများလွန်းပါက ဘောလ်များစားပြီး Rotor သံတုံးနှင့် Stator Coil ထုပ်တို့ ပွတ်တိုက်မိတတ်သည်။ ကွိုင်ပေါက်ပြဲသွားပါက ဝါယာရှော့ခ်ဖြစ်ပြီး မီးထွက်နိုင်တော့ပါ။

Alternator တစ်လုံးသည် ၂ နှစ်၊ ၃ နှစ်အသုံးခံသော်လည်း ဆားဗစ်စင်လုပ်ပေးရသည်။ ကာဗွန်စားပြီးတိုဝင်နေခြင်း၊ ကြေးကွင်းစားခြင်း၊ Rotor ကွိုင်ဘော်ဒီ Earth မိခြင်း၊ ဒိုင်အုပ်လောင်ခြင်း၊ ဘောလ်စားခြင်း၊ I.C Regulator မကောင်းခြင်း စသော ချွတ်ယွင်းမှုပြဿနာများသည် Alternator တစ်လုံးဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများဖြစ်သည်။ ဘက်ထရီချာဂျင် မဝင်လျှင် Alternator နှင့် ချာဂျင်အားသွင်းစနစ်ကို စစ်ဆေးရပါသည်။ ကျွမ်းကျင်သော ဒိုင်နမိုမော်တာဝါယာရိန်းဆာဗစ်ဆိုင် တွင် သင့်ကားကို ပြသပြုပြင်ပါ။

Credit-ခရူဇာ (Auto-Trade)

Read 3062 times