ဒူဘိုင်းမှ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ကားသုဿန်


ဒူဘိုင်းမြို့ရဲ့ လမ်းများပေါ်မှာ စွန့်ပစ်ထားတဲ့ စူပါဇိမ်ခံကားတွေကို ရှင်းထုတ်ပစ်ဖို့ အာဏာပိုင်တွေက အရှိန်တင်ပြီး လုပ်ဆောင်နေတဲ့အတွက် ဒူဘိုင်းမှ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ကားသုဿန် နေရာပိုယူလာနေပါတယ်။

 

Gulf News ရဲ့ အဆိုအရ ဒူဘိုင်းမှာ စွန့်ပစ်ကားစီးရေ ၂၀၀၀ မှ ၃၀၀၀ အထိ ရှိတယ်။ ပြည်ပမှ လာရောက် လုပ်ကိုင်ကြသူတွေ ကမ္ဘာ့ ငွေကြေး အကျပ်ရိုက်ချိန်မှာ ကုမ္ပဏီတွေ စီးပွားပျက်တာမို့ ပြည်တော်ပြန်ကြတော့ စီးလက်စ ကားတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ကြတယ်။ ကားတွေက အရစ်ကျစနစ်နဲ့ ဝယ်ထားကြတာဖြစ်လို့ အကြွေးမကြေသေးဘူး၊ ဒူဘိုင်းမှာ ပြဌာန်းထားတဲ့ ဥပဒေအရ အကြွေးမဆပ်ရင် ထောင်ဒဏ် နှစ်ရှည် ပြစ်ဒဏ် စီရင်တယ်။ ဒီတော့ ဈေးကြီးတဲ့ ကားတွေ အရစ်ကျ ဝယ်စီးကြပြီး အကြွေးမဆပ်နိုင်တော့တဲ့အခါ စွန့်ပစ်ပြီး ပြည်တော်ပြန်ကြတယ်။ 

 

 

နောက်တစ်မျိုးကတော့ကြွေးကြောင့် မဟုတ်ဘူး။ ကားဖိုးကို အကြေချေပြီးသား ဖြစ်ပေမဲ့ တစ်ပတ်ရစ်ကား ပြန်ရောင်းဖို့ ကရိကထ မခံနိုင်တာကြောင့် စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ တချို့ကတော့ ပြန်ရောင်းရင် ရမည့်ငွေကို အရေးလုပ်နေဖို့ မလိုအောင် ချမ်းသာတဲ့သူတွေ ဖြစ်ပါတယ်။ 

 

 

များသောအားဖြင့် ပြည်တော်ပြန်ဖို့ လေယာဉ်ကွင်းဆင်းချိန်မှာ ဇိမ်ခံကားနဲ့ သွားကြတယ်။ လေဆိပ်မှာ ရှိတဲ့ ယာဉ်ရပ်နားစခန်းမှာ ကားကို ထားပစ်ခဲ့ကြတယ်။ အဲဒါကြောင့် လေဆိပ်ကားကွင်းထဲမှာ ဖုန်တွေ တက်နေတဲ့ ကားတွေ အများအပြား ရှိနေတယ်။

 

ဒူဘိုင်းက သဲကန္တရထဲမှာ တည်ရှိတာမို့ ဖုန်တက်လွယ်တယ်။ သုံးလေးရက်ရောက် ရပ်ထားလိုက်တယ်ဆိုရင် ဖုန်တွေ အလိမ်းလိမ်း ဖြစ်နေတယ်။

 

 

ရဲက အရေးယူတာ ခံရလို့ ရပ်ထားရတဲ့ကားတွေလည်း ရှိတယ်လို့ CarAdvice  မှာ ဖော်ပြထားတယ်။ 

မီးနီဖြတ်မောင်းတာ၊ လမ်းဘေးပလက်ဖောင်းပေါ် တက်တာ၊ တစ်နာရီ ၄၅ ကီလိုမီတာ အမြန်နှုန်း ကန့်သတ်ချက်ထက် ကျော်လွန်ပြီးမောင်းတာတို့ကြောင့် ယာဉ်ထိန်းရဲက အရေူယူရင် ကားကို သုံးလ ရပ်ထားခိုင်းတဲ့ ပြစ်ဒဏ်ထိတယ်။

 

စွန့်ပစ်ကားတွေကို ရှင်းလင်းနေတာမှာ ကားပိုင်ရှင်ရဲ့ ဖုန်းဆီကို အကြောင်းကြားစာ ပေးပို့တယ်။ ၆ လ အတွင်းမှာ ဒဏ်ကြေးပေးပြီး လာမရွေးရင်  ကားကို သိမ်းဆည်းပြီး လေလံပစ်တယ်၊ ကြမ်းခင်းဈေး နည်းနည်းလေးဖြင့် လေလံပစ်ပေးတာ ဖြစ်ပေမဲ့ လေလံဆွဲတဲ့သူ မရှိရင် ကားကို သုဿန်ပို့တယ်။

 

 

Read 41760 times