ကားသင်္ဘောများ ချာတာအငှားနှုန်းထား စံချိန်တင် မြင့်တက်


ကားသင်္ဘောများ ချာတာအငှားနှုန်းထား စံချိန်တင် မြင့်တက်



ကားသင်္ဘောများသည်လည်း ကွန်တိန်နာသင်္ဘောများနှင့် သဘာဝဓာတ်ငွေ့ရည် LNG သင်္ဘောများနည်းတူ ယခုနှစ်မှာ ချာတာငှာရမ်းခ စံချိန်တင်မြင့်တက်ပါတယ်။ မြင့်တက်တာ အလွန်မြန်ခဲ့ပါတယ်။

စီးရေ ၆,၅၀၀ (6,500 Car Equivalent Unit- ceu) တင်ဆောင်နိုင်သော အရွယ်အစား ကားသင်္ဘောတစ်စီးကို တစ်နှစ်ချာတာငှားရမ်းလျှင် ၂၀၂၀ နှစ်လယ်ပိုင်းမှာ တစ်ရက် $10,000 ဝန်းကျင် ပေါက်ဈေး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ၂၀၂၂ ဧပြီလမှာ တစ်ရက် $55,000 အထိ ဈေးမြင့်တက်နေပါတယ်လို့ Clarksons Research Services မှ ထုတ်ပြန်တဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။

တရုတ်ပြည်မှ ကားတင်ပို့မှု များပြားလာတာက ကားသင်္ဘော ချာတာငှားရမ်းခ မြင့်တက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားအသစ်ကျပ်ချွတ်များ ၂၀၂၁ မှာ စီးရေ ၁.၆ သန်းကို ကားသင်္ဘောများဖြင့် ပြည်ပဈေးကွက်များသို့ တင်ပို့ခဲ့ပါတယ်။ ယမန်နှစ်ထက် စီးရေ ၁၀၄% ပိုများခဲ့ပါတယ်။
ကားသင်္ဘောများသည်လည်း ကွန်တိန်နာသင်္ဘောများနည်းတူ ဆိပ်ကမ်းဆိုက်ကပ်ခွင့်ရရန် ကြန့်ကြာမှုကို ကြုံကြရပါတယ်။

ပျမ်းမျှအားဖြင့် ဆိပ်ကမ်းစောင့်ဆိုင်း ကားသင်္ဘော စီးရေ အချိုးအစားမှာ ကိုဗစ်အကြိုကာလ ၂၀၁၆-၂၀၁၉ ခုနှစ်မှာ ကားသင်္ဘော စီးရေ စုစုပေါင်းရဲ့ ၂၃% ဝန်းကျင် ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေရလေ့ရှိပြီး ယခုအခါ ၂၉% က ဆိပ်ကမ်းမှာ ရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။

ကားသင်္ဘော အသစ် မှာကြားခြင်း ၅၂ စီးရှိပြီး စုစုပေါင်း 380,000 ceu ရှိပါတယ်။ ၂၀၁၆ မှ ၂၀၂၀ အထိ ကားသင်္ဘောအသစ် မှာကြားခြင်း အစီး ၂၀ သာ ရှိခဲ့ပြီး ၂၀၂၁ မှစ၍ ကားသင်္ဘောအသစ်မှာယူတာ ရုတ်တရက်များပြားလာခဲ့ပြီး အရေအတွက် ၅၂ စီးသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Read 7616 times