ကားဘောနက်ဟစိ နဲ့ Heat တက်တဲ့ အယူအဆ အမှားများ


အခုရန်ကုန်က Taxi တချို့ Car Bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က အဲ့ဒါမျိုးတွေ့ရနည်းပြီး ၊ အခုနောက်ပိုင်း Taxi တွေရော အိမ်စီးကားတချို့လည်း ဘောအနက်ကို ဟစိလေးလုပ်မောင်းနေတာ တွေ့ရတယ်။

အဲ့ဒါနဲ့ ဘာလို့ဟစိလေးလုပ်ထားရတာလဲ မေးကြည့်တော့ အပြင်မှာ နေပူလို့ အင်ဂျင် Heat တက်သက်သာအောင်ဖွင့်ထားတာတဲ့။ အဲ့ဒီအယူအဆ လုံးဝ(လုံးဝ) မှားပါတယ်။ ဘာလို့မှားလဲဆိုတာ နည်းပညာအယူအဆအရ ရှင်းပြပါမယ်။

Engine မှာ အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုး ရှိပါတယ်။

(1) Internal Combustion Engine(အတွင်းပူအင်ဂျင်)

(2) External Combustion Engine(အပြင်ပူအင်ဂျင်) ဆိုပြီးတော့ ၂ မျိုးပါ။

အခု ကျနော်တို့ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Engine တွေအကုန်လုံးနီးပါးဟာ Internal Combustion Engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ။ ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT (Normal Operation Temperature) ဆိုတဲ့ သတ်မှတ်အပူချိန် တစ်ခုလိုပါတယ်။ ဒီတော့ တချို့လူတွေထင်သလို အင်ဂျင်အေးရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာလုံးဝမှားပါတယ်။ အင်ဂျင်ဟာ မအေးလွန်း မပူလွန်းဘဲ သတ်မှတ်အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင်လည်ပတ်နိုင်သလို ၊ အင်ဂျင်သက်တမ်းကြာရှည်ခံပါမယ်။ အေးလွန်းရင် အင်ဂျင်မလည်ပတ်နိုင်သလို (အေးသောရာသီမှာ ဆိုင်ကယ် ၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ)၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် (Sleeve)ဟာ ပွလာပြီး စလစ်ရဲ့အချင်း Diameter တွေကျဉ်းသွားပါမယ် ၊ စလစ်ထဲမှာ အတက်အဆင်းလုပ်ရတဲ့ Piston (ပစ်စတင်) တွေ ပွလာပြီး အချင်း Diameter ကျယ်လာပါမယ်။

အဲ့ဒီမှာ Piston နဲ့ Sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ်။ နောက် Engine head နဲ့ Engine Block ကြားက Gasket ပျက်ပါမယ် ၊ နောက်ထပ် Engine Head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ်။ ဒီလို မဖြစ်ရအောင် ကားအင်ဂျင်ထုတ်လုပ်တဲ့ Company တွေက Normal Operation Temperature တခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေ သုံးပြီးထိန်းချုပ်ပါတယ်။Normal Opeartion Temperature ကိုတော့ Company တွေရဲ့ Engineering Design အပေါ်မူတည်ပြီး ယေဘူယျအားဖြင့် 80 Degrees Celsius ကနေ 95 Degree Celsius အထိ သတ်မှတ်ထားပြီး အပူချိန်သတ်မှတ်ပေးထားပါတယ်။ (အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ် )

အဲ့ဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ထိန်းချုပ်သလဲဆိုရင် Cooling System ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ်။ Cooling System မှာ

(1) Air Cool

(2) Water Cool ဆိုပြီး အခြေခံ အအေးပေးစနစ် နှစ်မျိုးရှိပါတယ်။ ယခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ ခေါ်တဲ့ Radiator တွေထဲကရေတွေကို Impeller Pump နဲ့ Circulation လုပ်ပြီး အအေးခံတဲ့ Water Cool System ပါ ။ ဒါကြောင့် ဘောနက် ဟစိပဲလုပ်လုပ် မလုပ်လုပ် ၊ အပြင်နေပူပူ မပူူပူ အင်ဂျင်ပူတာ မပူတာ ဘာမှ ကွာခြားမှုမရှိပါဘူး။

အင်ဂျင်ရဲ့ Cooling System မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ Mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသ၍ အင်ဂျင်ဟာ မပူလွန်း မအေးလွန်းဘဲ Normal Operation Temperature အတွင်းမှာပဲရှိနေမှာပါ။ ဘောနက်ဟစိလုပ်လို့ ဒီအပူချိန် ကျမသွားသလို ၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး။ သတ်မှတ်အပူချိန် 80 to 85 လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ Thermostat ဆိုတဲ့ ဘားကဖွင့်မယ် ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်မယ် 85 ကနေ 90 ကျော်လာရင် Radiator မှာရှိတဲ့ Fan က ထလည်ပြီး ရေတိုင်ကီကို အအေးခံမယ် ၊ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်မယ် ၊ ပြန်ပူလာမယ် အစရှိသဖြင့် အအေးပေးစနစ် သံသရာလည်ပါမယ်။ ဘောနက်ဟစိလုပ်လို့ ဘာမှ မထူးခြားပါ။ နောက်ပိုင်းဘယ်ကား Company မှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး Recommendation ပေးထားတာ မတွေ့ဖူးပါ။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ်။

မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့် ၊ အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် Lock ကျအောင်မပိတ်ဘဲ ဟစိလေးလုပ်မောင်းနေရင် 100 Km/h နှုန်းလောက်နဲ့ မောင်းနေချိန် Lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံး ဒုက္ခရောက်နိုင်ပါတယ်။ နောက်ထပ် ကားကိုတောက်လျှောက်မောင်းလို့ အင်ဂျင်ပူနေချိန် ၊ အင်ဂျင်ကိုရေလောင်းတာလည်း နည်းစနစ်မှားပါတယ်။ အင်ဂျင်တွေဟာ သတ္တုအင်ဂျင် သံအင်ဂျင်တွေပါ။ သတ္တုတွေ သံတွေဟာ အရမ်းပူနေချိန် ချက်ခြင်း ရုတ်တရုတ်အေးတာ ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူတာမျိုးဖြစ်ရင် သတ္တုအဆွဲအကြုံ့သဘောအရ Crack ဖြစ်ပြီး ကွဲတတ်ပါတယ်။ ဒီလောက်ဆို မိတ်ဆွေတွေမှားနေတဲ့ အယူအဆအမှားတချို့ ကြေပျက်လောက်မယ်ထင်ပါတယ်။ဒီ Normal Operation Temperature အကြောင်းသဘောပေါက်ပြီဆိုရင် နေပူလို့ ကားHeat တက်တယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆက်စပ်စဉ်းစားနိုင်ကြပါစေဗျာ။

Credit;Original Writer

Read 1891 times