ဘက်ထရီ အိုးစို အိုးခြောက်


ဘက်ထရီ အိုးစို အိုးခြောက်

 

ကားဘက်ထရီတွေကို အိုးစိုအိုးခြောက် ၂ မျိုးခွဲခြားနိုင်ပါတယ်။

 

ဘက်ထရီ အိုးစို

အိုးစိုကို Maintainable battery ပြုပြင်ထိန်းသိမ်းပေးနိုင်သော ဘက်ထရီ လို့  ခေါ်ကြပါတယ်။ ပြုပြင်ထိနိးသိမ်းဖို့လည်း လိုအပ်ပါတယ်။
အထဲမှာ အက်စစ်ပါတယ်။ ဆာလဖျူရစ်အက်စစ်ဖြစ်ပါတယ်။ အက်စစ်ပြင်းအားတိုင်းတဲ့ ဟိုက်ဒြိုမီတာဖြင့် အက်စစ်ကို စစ်ဆေးပြီး ဘက်ထရီရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးနိုင်ပါတယ်။ အသေးစိတ် သိထားတတ်ထားရင် ပိုကောင်းတာ မှန်ပေမဲ့ တကယ့်လက်တွေ့မှာတော့ အိမ်မှာ ဟိုက်ဒြိုမီတာဖန်ပြွန်ဆောင်ထားပြီး ပုံမှန်တိုင်းတာစစ်ဆေးတဲ့သူ မရှိသလောက် ရှားပါတယ်။
အက်စစ်အရည် လဲဗယ် စစ်တာလောက်တော့ လုပ်သင့်ပါတယ်။ အိုးအခွံမှာ အထဲက အရည် မြင်ရတဲ့ ပလတ်စတစ်သား သုံးပေးထားလေ့ရှိပါတယ်။ အနိမ့်ဆုံး လိုင်းလည်း အမှတ်အသား ပါလေ့ရှိပါတယ်။ အမြင့်ဆုံးလိုင်းလည်း အမှတ်အသား ပါလေ့ ရှိပါတယ်။ အဲဒီလိုင်း နှစ်ခုအကြား အက်စစ်အရည် ရေချိန် ရှိနေဖို့ လိုပါတယ်။ အက်စစ်အရည်က လျော့ပါတယ်။ ရေအသန့် ဖြည့်ထည့်ပေးပါ။ အက်စစ်မထည့်ရပါ။ အကန့်တွေပါတယ်။ လျော့တဲ့ အကန့်တိုင်း ရေအသန့် ဖြည့်ထည့်ပေးပါ။ 
ငုတ်တွေ သန့်ရှင်းရေး လုပ်ပါ။ ဆားပွင့်ရင် ရေနွေးနဲ့ ဆေးကြောပါ။ ခေါင်းတွေ ငုတ်မှာ ချောင်မနေတာ သေချာအောင်လုပ်ပါ။

 

 

ဘက်ထရီ အိုးခြောက်

အိုးခြောက်ကို maintenance free ပြုပြင်ထိန်းသိမ်းရခြင်းကင်းတဲ့ ဘက်ထရီလို့  ခေါ်ဝေါ်ကြပါတယ်။
ပြုပြင်ထိန်းသိမ်းစရာ မလိုဘူးလို့ ပြောတာ အိုးအတွင်းပိုင်းကို ဆိုလိုပါတယ်။ အပြင်ပိုင်းက အိုးစိုကို ဂရုစိုက်ပေးတဲ့အတိုင်း လုပ်ကိုင်ပေးရပါတယ်။ 
အတွင်းပိုင်းကို ဘာမှ လုပ်ပေးလို့မရဘူး။ အလုံပိတ်ထားတယ်။  ချောင်းကြည့်ဖို့ မှန်အကြည်အဝိုင်းပေါက်ကလေး တစ်ပေါက်ပါတယ်။
အဝိုင်းပေါက်ထဲ အစိမ်းရင့်ရင့် မြင်ရရင် အိုကေတယ်။ မည်းနေရင် အားသွင်းရမယ်။ အဝါအဝိုင်းထဲ ဖြူနေရင် ဘက်ထရီ အသစ်လဲရမယ်။

 

 

 

ဝယ်ယူခြင်း နှင့် သက်တမ်း

ဘက်ထရီ အိုးအစို အိုးအခြောက် ၂ မျိုးစလုံး အဟောင်းအပျက်ကို ဘက်ထရီဆိုင်က ဝယ်ပါတယ်။ ‌ဝယ်ဈေးနည်းပေမဲ့ ကုန်ကြမ်းအဖြစ် တဖန်ပြန်လည်သုံးစွဲမှာဖြစ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ 

ဘက်ထရီ အိုးအစို အိုးအခြောက် ၂ မျိုးစလုံး သက်တမ်းကို ဘက်ထရီရောင်းတဲ့ဆိုင်တွေက ပြောပြပေးပါတယ်။ ရောင်းတဲ့ဆိုင်က ပေးအပ်တဲ့အာမခံသက်တမ်းအထိ သုံးလို့ရလေ့ ရှိပါတယ်။ 
 

Read 4397 times