ယာဉ်မတော်တဆမှုဖြစ်ပေါ်စေသည့်အကြောင်းတရားများ


လမ်းများပေါ်တွင်နေ့စဉ်ဖြစ်ပွားနေသည့်ယာဉ်မတော်တဆမှုများကိုလေ့လာသုံးသပ်ကြည့်ပါကဖြစ်ပွားရသည့် အကြောင်းတရားမျိုးစုံကိုတွေ့ရှိနိုင်ပါသည်။

အများဆုံးဖြစ်ရသည့်အကြောင်းတရားမှာယာဉ်မောင်းသူကြောင့်ဖြစ်နိုင်ပြီး တခြားအကြောင်းတရားများကြောင့် လည်းများစွာရှိနေပါသည်။

မိုးလေဝသရာသီဥတုအခြေအနေ၊ သဘာဝလေးအန္တရာယ်အခြေအနေ၊ လမ်းတံတားအခြေခံအဆောက်အအုံ ပြဿနာ၊ ယာဉ်ကြောထိန်းချုပ်မှုစနစ်များအားနည်းနေခြင်း၊ မော်တော်ယာဉ်၏စက်မှုပိုင်းဆိုင်ရာချွတ်ယွင်းခြင်း စသည့်အချက်အလက်များကြောင့်လည်းဖြစ်နိုင်ပါသည်။

ယင်းအကြောင်းတရားများကိုတားဆီးခြင်း၊ ဖယ်ရှားခြင်း၊ ကာကွယ်ခြင်း၊ ပြုပြင်ခြင်းများပြုလုပ်မည်ဆိုပါကယာဉ်မတော်တဆမှုများလျော့ကျသွားနိုင်ပါသည်။

မိုးများခြင်း၊ ရေကြီးရေလျှံခြင်း

မိုးသည်ထန်စွာရွာနေသည့်အချိန်တွင်လမ်းမျက်နှာပြင်ချောနိုင်ပြီး မိုးရေကြောင့်ရှေ့မြင်ကွင်းလည်းရှင်းလင်းပြတ် သားခြင်းမရှိနိုင်ပါ။

မိုးများသည့်အခြေအနေမျိုးတွင်ကားအမြန်နှုန်းအရှိန်လျှော့ချပြီးသတိထားမောင်းသင့်ပါသည်။

မိုးရေတင်နေသည့်လမ်းပေါ်တွင်မောင်းသည့်အခါအရှိန်ပြင်းထန်ပါကစလစ်ဖြစ်သွားနိုင်ပါသည်။

Hydroplane ကြောင့်တာယာဘီးနှင့်လမ်းမျက်နှာပြင်ထိတွေ့မှုကုတ်အားကျသွားပြီး အန္တရာယ်ဖြစ်နိုင်ပါသည်။

ရေကြီးရေလျှံသည့်လမ်းအခြေအနေမျိုးတွင်ပိုပြီးအန္တရာယ်ဖြစ်နိုင်သောကြောင့်အထူးသတိထား မောင်းသင့်ပါသည်။

မြူနှင်းများ၊ မီးခိုးမြူများပိတ်နေခြင်း

ရာသီဥတုကြောင့်မြင်ကွင်းမကောင်းသည့်ဖြစ်စဉ်များထဲတွင်နှင်းကျပြီး မြူခိုးများပိတ်နေခြင်းမျိုးလည်း ဖြစ်တတ်ပါသည်။

နံနက်စောစောဝေလီဝေလင်းအချိန်မျိုးတွင်ပိုဖြစ်တတ်ပြီး နှင်းများပိန်းပိတ်မှောင်အောင်ကျနေပြီးကားမီး ကြီးတောင်မတိုးနိုင်သည့်အခြေအနေမျိုးတွင်ကား၊ဆိုင်ကယ်၊ စက်ဘီးလည်းမစီးသင့်ပါဘူး။

ယာဉ်မောင်းစိတ်ရှုပ်ထွေးနေ ခြင်း၊ စိတ်တိုဒေါသထွက်နေခြင်း

ယာဉ်မောင်းတစ်ဦးယာဉ်ကိုမောင်းနှင်နေစဉ်မှာစက္ကန့်မလပ အာရုံစိုက်နေရပါသည်။

အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်စရာဒေါသဖြစ်စိတ်တိုစရာ၊ စိတ်ရှုပ် ထွေးစရာရှိနေပါကယာဉ်တိုက်မှု ဖြစ်သွားတတ်ပါသည်။

မိုဘိုင်းဖုန်းခေါ်ဆိုခြင်းများလက်ခံစကားပြောခြင်းများကိုလည်းကားမောင်းနေစဉ်တွင်မလုပ်သင့်ပါဘူး။

ယာဉ်မောင်းသူနေထိုင်မကောင်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း

ကားတစ်စီးလုံးကိုခရီးစဉ်တစ်လျှောက်ဘေးကင်းအောင်ထိန်းသိမ်းမောင်းနှင်ရန်ယာဉ်မောင်းသူ၏ကျန်းမာရေး မှာအရေးကြီးပါသည်။

နေထိုင်မကောင်းဘူး၊ ဖျားချင်သလို နာချင်သလိုဖြစ်နေခြင်း၊အအေးမိနှာစေးချောင်းဆိုးဖြစ်နေခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲနားကျင်နေမည်ဆိုပါကကားမမောင်းသင့်ပါဘူး။

မိုင်ပေါင်းလေးငါးခြောက်ရာလောက်ခရီးရှည်ကြီးကို နာရီပေါင်းများစွာမောင်းရမယ်ဆိုရင်အဝေးပြေး ဘတ်စ်ကားကြီးများမှာယာဉ်မောင်းနှစ်ဦးထားသင့်ပါသည်။

တဆက်တည်းခြောက်နာရီလောက်ကြာအောင်ဒရိုင်ဘာတစ်ဦးတည်းသာမမောင်းသင့်ပါဘူး။

ယာဉ်မောင်းသူအိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

အိပ်ရေး၀၀မအိပ်ရသေးဘဲဒရိုင်ဘာတစ်ဦးဟာကားမောင်းချိန်ကြာလာလျှင်မောင်းနေရင်းအိပ်ငိုက် လာတတ်ပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မောင်းအိပ်ငိုက်သွားလို့ဖြစ်ပွားရသည့်ယာဉ်တိမ်းမှောက်မှုများ များနေပါသည်။

အရက်သောက်ပြီး မူးနေပါကကားမမောင်းပါနှင့်။

အရက်မူးနေသည့်ဒရိုင်ဘာတစ်ဦးသည်ကားကိုအန္တရာယ်ကင်းအောင်မထိန်းနိုင်တော့ပါဘူး။

ကားမောင်းသည့်တာဝန်မပြီးဆုံးခင်အရက်လုံးဝမသောက်ပါနှင့်။

ထရပ်ကားကြီးများ၊ ဘတ်စ်ကားကြီးများ၊ ကုန် သေတ္တာတင် နောက်တွဲယာဉ်ကြီးများမောင်းသည့်ဒရိုင်ဘာများ၊ အရက်စွဲပြီးနေ့တိုင်းညတိုင်းသောက်တတ်လျှင်ကားမောင်းသောအသက်မွေးအလုပ်ကိုလုံးဝစွန့်လွှတ်ခြင်းသာ အားလုံးအတွက်အကောင်းဆုံးဖြစ်ပါသည်။

အရက်စွဲနေသည့်ယာဉ်မောင်း၊ မသောက်ရမနေနိုင်ခြေတုန်လက်တုန်ဖြစ်နေလျှင်ဆေးရုံတက်ပြီးအရက်ဖြတ်ပါ။

မူးယစ်ဆေးဝါး၊ ဆေးခြောက်၊ စိတ်ကဆေးဝါးများသုံးစွဲနေသူ၊ စွဲလန်းနေသူများကားမမောင်းသင့်ပါ။

မူးယစ်ဆေးဝါးများကြောင့်စိတ်မူမမှန်ဖြစ်နေသူတစ်ဦးဟာဘယ်နည်းနဲ့မှကားမမောင်းသင့်ပါဘူး။ ဆေးသမားများဆေးကြောင်နေပါကသူတို၏အပြုအမူများ၊ တုံ့ပြန်မှုများမမှန်ကန်နိုင်တော့ပါ။

လမ်းစည်းကမ်းယာဉ်စည်းကမ်းများချိုးဖောက်ခြင်း

စည်းကမ်းချိုးဖောက်မှုများကြောင့်စည်းကမ်းလိုက်နာသူများကိုမလေးစားစရာ၊ စော်ကားရာရောက်ပါသည်။ အများသုံးလမ်းပေါ်ရောက်လျှင်ယင်းစည်းကမ်းများကိုလေးစားလိုက်နာဖို့အားလုံးမှာတာဝန်ရှိပါသည်။

ယာဉ်ထိန်းရဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေယာဉ်စည်းကမ်းလမ်းစည်းကမ်းများမဖြစ်မနေလိုက်နာနေအောင် ထိရောက်ဟန့်တားနိုင်သည့်ပြစ်ဒဏ်၊ မကျူးလွန်းရဲသည့်ပြစ်ဒဏ်များချမှတ်ပြီးအရေးယူဖို့လိုနေပြီဖြစ်ပါသည်။

အရေးကြီးသည့်နေရာတိုင်းတွင်CCTV ကင်မရာများနှင့်မှတ်သားဖမ်းဆီးပါ။

Public Eye လို့ခေါ်သည့်အများပြည်သူမျက်စိထောင်ပေါင်းများစွာနှင့်စောင့်ကြည့်မှတ်သားပြီးသက်ဆိုင်ရာ ယာဉ်ထိန်းဌာနကတိုင်တန်းသတင်းပေးပို့ချက်များကိုထိရောက်မြန်ဆန်စွာအရေးယူပါ။

ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။

လူတိုင်းလက်ထဲမှာ၊ ခရီးသည်တိုင်းလက်ထဲမှာမိုဘိုင်းဖုန်းများရှိနေပြီးဓာတ်ပုံရိုက်မလား၊ ဗီဒီယိုဖိုင်ရိုက်မလား ဝိုင်းဖမ်းပေးလို့ရပါသည်။

ပြည်သူများ၏သတင်းပေးချက်ကိုထိထိရောက်အရေးယူပေးနိုင်ခဲ့လျှင်ပရမ်းပတာစည်းကမ်းပျက်နေခြင်းများ၊ ရမ်းကားနေခြင်းများလျော့ကျသွားနိုင်ပါသည်။

ယာဉ်ထိန်းရဲဖမ်းနိုင်သည့်အင်အားထက်ပြည်သူ့မျက်လုံးသန်းပေါင်းများစွာ၏စွမ်းအားကပိုပြီးထိရောက်စေမည် ဖြစ်ပါသည်။

Read 686 times