ကားစက်နှိုးလို့မရတဲ့အခက်အခဲမျိုးကို ကားမောင်းသူတိုင်းကြုံဖူးကြမှာဖြစ်တယ်။ အတွေ့အကြုံများသူတွေက အလွယ်တကူဖြေရှင်းနိုင်ပေမဲ့ မောင်းတတ်ခါစ ယာဉ်မောင်းသူတွေအတွက် အခက်အခဲဖြစ်ရပါတယ်။ ကားစက်နှိုးလို့မရတဲ့ပြဿ နာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘက်ထရီအားရှိရဲ့လား
ကားသော့လှည့်လိုက်တာနဲ့ ဘက်ထရီကလျှပ်စီးကြောင်းတွေစီးဆင်းပြီး မော်တာဆိုလီနွိုက် (solenoid) လှုပ်ရှားလာပြီး ပွိုင့်နှစ်ခု ထိကပ်သွားတာနဲ့ လျှပ်စီးကြောင်းဟာ မော်တာထဲစီးဝင်ပြီး မော်တာကိုလှည့်ပေးတယ်။ မော်တာရဲ့ Drive Pinion ကအင်ဂျင်ဖလွိုင်းဝှီးကိုချိတ်ဆက်ပြီး လည်ပတ်စေပါတယ်။ ကားသော့လှည့်တယ်၊ မော်တာမလည်ဘူးဆိုရင်တော့ ဘက်ထရီအားမရှိတာဖြစ်နိုင်ပါတယ်။ ဘက်ထရီမကောင်းတာလား၊ ချာဂျင်မဝင်တာလား စစ်ဆေးရပါမယ်။ ဘက်ထရီ ကေဘယ်လ်ကြိုးနဲ့ ဘက်ထရီခေါင်းအဆက်တွေ ချောင်နေ တာလည်းဖြစ်နိုင်ပါတယ်
၂။ စတက်တာ
Starter relay ဝါယာလွတ်နေရင်လည်း စက်နှိုးလို့မရနိုင်ပါဘူး။ စတက်တာကို စစ်ဆေးရပါမယ်။
၃။ ကားသော့အုံ
ကားသော့အုံ (ignition switch) မကောင်းရင်လည်း စက်နှိုးလို့မရနိုင်ပါဘူး။ ကားသော့အုံကိုလည်း စစ်ဆေးရပါမယ်။
၄။ Neutral Safety Switch
Neutral Safety Switch မကောင်းရင်လည်း ကားစက်နှိုးလို့မရနိုင်ပါဘူး။ Neutral safety switch ဆိုတာဟာ စက်နှိုးတဲ့အချိန် အန္တရာယ်ကင်းအောင်တပ်ဆင်ထားတာပါ။ စက်စတင်နှိုးတဲ့အခါ ဂီယာဝင်နေရင် ကားစက်နိုးတဲ့အခါ ကားကရှေ့ကိုဆောင့်ပြီး ထွက်သွားနိုင်ပါတယ်။ အဲသည်လိုမဖြစ်အောင် Neutral safety switch က ကာကွယ်ပေးပါတယ်။
၅။ စတက်တာမော်တာ
စတက်တာမော်တာ (starter motor) မှာကာဘွန်စားပြီး တိုနေရင်လည်း စက်နှိုးလို့မရနိုင်ပါဘူး။
၆။ တိုင်ပင်ကြိုး
တိုင်ပင်ကြိုး (belt)ပြတ်ပြီး အင်ဂျင်ဂျမ်းဖြစ်သွားရင်လည်း မော်တာလှည့်လို့မရတော့ဘဲဖြစ်သွားနိုင်ပါတယ်။
၇။ အင်ဂျင်ထဲ ရေဝင်တာ
အဲကလင်နာ (air cleaner)အပေါက်ကနေ ရေဝင်သွားပြီး အင်ဂျင်ထဲကိုရေရောက်သွားနိုင်ပါတယ်။ အင်ဂျင်ထဲရေဝင်သွားရင် hydrolock ကျသွားပါတယ်။ မော်တာလုံးဝမလည်နိုင်တော့ပါဘူး။ အဲဒါကြောင့် စက်နှိုးမရတာလည်းဖြစ်နိုင်ပါတယ်။
၈။ ဆီပန့်အလုပ်မလုပ်တာ
ဆီပန့် (fuel pump)အလုပ်မလုပ်တာကြောင့်လည်း စက်နှိုးလို့မရတာဖြစ်နိုင်ပါတယ်။ ဆီပန့်က ချို့ယွင်းတာ၊ ဆီတိုင်ကီမှာဆီလက်ကျန် နည်းနေတာ၊ ဆီထဲမှာရေနဲ့အညစ်အကြေးအမှိုက်တွေ ရောနှောနေတာ၊ ဆီစစ်ဘူး၊ ဆီလိုင်းတွေပိတ်နေတာတွေဖြစ်နိုင်ပါတယ်။
၉။ Anti- theft System
ခေတ်ပေါ် EFI စနစ်သုံးကားတွေမှာ anti- theft system ကနေ ကားခိုးသူတို့ရန်ကနေကာကွယ်ဖို့ စက်နှိုးမရအောင်ဆီလမ်း ကြောင်းတွေကို ဖြတ်တောက်ထားတဲ့အတွက်လည်းဖြစ်နိုင်ပါတယ်။ Anti- theft system အသုံးပြုပြီး လော့ခ်ချထားသလားဆိုတာကိုလည်းစစ်ဆေးသင့်ပါတယ်။
၁၀။ မီးပေးတဲ့စနစ်
မော်ဒယ်မြင့်ကားတွေမှာ ကွန်ပျူတာကနေ မီးပေးတဲ့စနစ်ကိုထိန်းချုပ်ပါတယ်။ အဲသည်မီးပေးတဲ့စနစ်ရဲ့အစိတ်အပိုင်းတစ်ခုခုချို့ယွင်း ရင်လည်းစက်နှိုးလို့မရတာဖြစ်နိုင်ပါတယ်။ မီးတွေ၊ ဆီတွေအားလုံးမှန်တယ်၊ မော်တာလည်းကောင်းတယ်။ စက်နှိုးလို့မရဘူးဆိုရင်တော့ အင်ဂျင်ဖိသိပ်အားကျနေတာဖြစ်နိုင်သလို အိပ်ဇောစနစ်ပိတ်နေတာလည်းဖြစ်နိုင်ပါတယ်။