ကားမီးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ


အလင်းရောင် ကောင်းကောင်းမရတဲ့အချိန် ကားမီးတွေမဖြစ်မနေ ထွန်းပြီးမောင်းကြရာမှာ တချို့ယာဉ်မောင်းတွေက ကားမီးအကြီးတွေထွန်းပြီးမောင်းတဲ့အတွက် တစ်ဖက်ယာဉ်ကြောက ယာဉ်တွေအနှောင့်အယှက်ဖြစ်တဲ့အပြင် အန္တရာယ်လည်းရှိတဲ့အတွက် ဘယ်လိုအချိန်မှာ ဘယ်လို မီးထွန်းပြီး မောင်းသင့်တယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

နေ့ခင်းသုံးမီး

နေ့အလင်းရောင်ရှိချိန်မှာ ယာဉ်ကြောကျပ်တာတို့၊ လမ်း မကောင်းတာတို့ သိစေချင်တာပဲ ဖြစ်ဖြစ်၊ ကားလာနေတာကို မြင် သာထင်သာရှိစေချင်တာတို့ဆိုရင်လည်း နေ့ခင်းသုံးမီး (ဒေးလိုက်)ကို သုံးနိုင်ပါတယ်။

ကားမီးအသေး

မှောင်ရီပျိုးချိန် (ဒါမှမဟုတ်) ညအချိန်တွေမှာ မိုးတွေအရမ်းရွာ နေချိန်၊ နှင်းကျနေချိန်၊ မြူကျနေချိန်တွေမှာ အမြင်အာရုံဟာ ၁၅၀ မီတာထက် ပိုမမြင်ရတော့တဲ့အတွက် ကားမီးအသေး အသုံးပြုဖို့ လိုအပ်ပါတယ်။ မြို့ထဲတွေမှာ သွားလာတဲ့အခါမျိုးတွေဆိုရင် မီးအသေးသုံးပြီး မောင်းတာမျိုး လုပ်သင့်ပါတယ်။

ကားမီးအကြီး

ကားမီးအကြီးတွေဟာ မီးအလင်းရောင်ကောင်းကောင်းနဲ့ အဝေးကြီးအထိ မြင်နိုင်တဲ့အတွက် ရာသီဥတုအရမ်းဆိုးနေတဲ့ နေ့အချိန်တွေမှာ ယာဉ်ကြောမရှုပ်တဲ့ အဝေးပြေးလမ်းတွေ (ဒါမှ မဟုတ်) မြို့ပြင်လမ်းတွေသွားတဲ့အခါ အသုံးပြုရမှာပါ။ မီးအကြီး ထွန်းပြီးသွားနေတုန်း တစ်ဖက်ယာဉ်ကြောမှာ ကားလာနေတာကို တွေ့တာနဲ့ မီးအသေးပြောင်း တာမျိုးလုပ်ဖို့ လိုပါတယ်။

မျက်နှာချင်းဆိုင်မှာလာတဲ့ မီးရောင်ကို မျက်စိလွှဲပါ

ညအချိန် ကားမောင်းတဲ့အခါမှာ တစ်ဖက်ယာဉ်ကြောက မီး အလင်းရောင်ကိုကြည့်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ မီးရောင် ကြောင့် မျက်စိပြာပြီး မြင်ကွင်းကို သဲသဲကွဲကွဲမမြင်တော့တဲ့အတွက် အန္တရာယ်ကြုံနိုင်လို့ပါ။ တစ်ဖက်ယာဉ်ကြောက မီးကြီးထွန်းလာလို့ မျက်စိစူးစေတယ်ဆိုရင် ကိုယ့်ဘက်ကလည်း မီးကြီးပြောင်းထိုးပြီး အလင်းလျှော့ပေးအောင်လို့ သတိပေးတာမျိုး လုပ်နိုင်ပါတယ်။

ပါကင်ထိုးပြီးချိန်မှာ ကားရှေ့မီးပိတ်ပါ

ကားပါကင်ထိုးပြီးတဲ့အခါ ကားမီးကို ချက်ချင်းပိတ်ဖို့ မမေ့သင့်ပါဘူး။ အခြားကားတွေ (ဒါမှမဟုတ်) လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

Read 1375 times