ဥရောပမှာ ကမ္ဘာကြီးရဲ့ထိပ်တန်းကားကုမ္ပဏီတချို့ ရှိပေမယ့်ကားလုပ်ငန်းရဲ့အနာဂတ်ကိုသတ်မှတ်တဲ့ ပြိုင်ပွဲမှာ ဥရောပဟာ တရုတ်ကို အရေးနိမ့်နေပါတယ်။ တရုတ်ဟာ လျှပ်စစ်ကားဘတ္ထရီလုပ်ငန်းကို အဓိကမောင်းနှင်နေပြီး ဥရောပတစ်တိုက်လုံးက လူသန်းပေါင်းများ အလုပ်အကိုင်ခန့်ထားတဲ့ကားလုပ်ငန်းရဲ့အနာဂတ်အတွက် လျှပ်စစ်ကားတွေက အခရာကျမယ်လို့ ဥရောပခေါင်းဆောင် တွေက ရှုမြင်ပါတယ်။
တရုတ်ကိုအမီလိုက်ဖု့ိအတွက် အရမ်းနောက်ကျနေပါပြီ။ "ဥရောပရဲ့ကားလုပ်ငန်းတွေဟာ အနာဂတ်မှာ တရုတ်ဆီ ထုတ်လုပ်မှုရွှေ့ပြောင်းတာကို တွေ့မြင်ရမှာပါ"လို့ မီလန်အခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့ ဖွန်ဒါဇီယွန် အန်နီ အန်ရီကို မက်တိုင်မှ စွမ်းအင်လေ့လာဆန်းစစ်သူ ဆိုင်မွန်တာဂလိုင်ပီထရာက ပြောပါတယ်။ "ဒါက ဗောက်စ်ဝက်ဂွန်၊ ဘီအမ်ဒဗလျူ၊ မာစီဒီး-ဘန်စ်နဲ့ ရေးနော့တို့လို ကုမ္ပဏီတွေရှိတဲ့ဒေသအတွက် တကယ့်ကိုအန္တရာယ်ကြီးတယ်" လို့ သူကဆက်ပြောပါတယ်
တရုတ်မှာ လျှပ်စစ်ကားတွေတည်ဆောက်တာက ကုမ္ပဏီတွေအတွက် အဓိပ္ပါယ်ရှိပါတယ်၊ အကြောင်းက ဒီနေရာဟာ သုံးစွဲသူတွေအများဆုံးရှိပြီး ဒီနည်းနဲ့ အင်ပို့သွင်းတဲ့ကားတွေအပေါ် ကုန်စည်ခွန်အများအပြားကောက်ခံတာကို ရှောင်လွှဲ နိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ ဘတ္ထရီတွေ ဖြန့်ဖြူးရာနဲ့လည်း ကားကုမ္ပဏီတွေ ပိုပြီးနီးကပ်လာမှာဖြစ်ပါတယ်။
"ဘတ္ထရီတွေ ထုတ်လုပ်တဲ့နေရာမှာ လျှပ်စစ်ကားတွေကိုထုတ်လုပ်တာ သဘာဝကျပါတယ်"လို့ တာဂလိုင်ပီထရာက ဆိုပါတယ်။ လျှပ်စစ်ကားတွေမှာ အသုံးများဆုံးဖြစ်တဲ့ ကမ္ဘာ့လစ်သီယံအိုင်းယွန်းဘတ္ထရီ သုံးပုံနှစ်ပုံ ထုတ်လုပ်ရာဒေသဟာ တရုတ်ဖြစ်ကြောင်း ဝုဒ်မက်ကန်ဇီအတိုင်ပင်ခံလုပ်ငန်းက ဆိုပါတယ်။ တရုတ်ဟာ ဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းကိုသာ ရရှိထားကြောင်း ခန့်မှန်းရပါတယ်။ "ဥရောပစက်ရုံ နည်းနည်းရှိပေမယ့် လောက်လောက်လားလားမဟုတ်ဘူး" လို့ ဝုဒ်မက်ကန်ဇီရဲ့ သုတေသနဒါရိုက်တာ ဂါဗင် မွန်ဂိုမယ်ရီက ပြောပါတယ်။
တရုတ်ရဲ့ဧရာမဈေးကွက်
တရုတ်ဟာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကားတွေအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ကမ္ဘာ့ရောင်းအားရဲ့ တစ်ဝက်လောက်က တရုတ်ကြောင့်ဖြစ်ပြီး နိုင်ငံတကာကားလုပ်ငန်းတွေက တရုတ်မှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေပါတယ်။ ဗောက်စ်ဝက်ဂွန်ဟာ ကမ္ဘာ့နံပါတ်နှစ် စီးပွားရေးထဲမှာ လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ ဒေါ်လာ ၁၂ ဘီလျံထည့်သွင်းမယ်လို့ မနှစ်ကကြေညာခဲ့ပါတယ်။ အမေရိကန်ကားလုပ်ငန်းမှာ ထိပ်တန်းဖြစ်တဲ့ တက်ဆလာ (TSLA) က ရှန်ဟိုင်းမှာ စက်ရုံတစ်ရုံတည်ဆောက်နေပြီး တဖြည်းဖြည်းနဲ့ တစ်နှစ်ကို လျှပ်စစ်ကားအစီး ငါးသိန်းထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ကားက တစ်နှစ်ကို တစ်သိန်းလောက်ဖြစ်ပါတယ်။
ဥရောပရဲ့ ပေါ်ထွန်းစဘထ္ထရီကုမ္ပဏီတွေကလည်း ဒေသတွင်းမှာထက် တရုတ်မှာ ရင်းနှီးမြှုပ်နှံဖို့ ပိုအားသာနေကြပါတယ်။ နယ်သာလန်အခြေစိုက် လစ်သီယန်ဝါ့ခ်ဟာ တရုတ်မှာ စက်ရုံနှစ်ခုထောင်ထားပြီး ရှန်ဟိုင်းအပြင်ဘက်မှာ ဒေသတွင်း မိတ်ဖက်တစ်ဦးနဲ့ ယူရို ၁.၆ ဘီလျံ (ဒေါ်လာ ၁.၈ ဘီလျံ)တန် စက်ရုံတစ်ခုတည်ဆောက်ဖို့စီမံကိန်းကို ဒီလအတွင်း ကြေညာခဲ့ပါတယ်။
ကြီးမားတဲ့စက်ရုံမှာ တစ်နှစ်ကို ကားစီးရေ ၁၆၀,၀၀၀ ကိုစွမ်းအင်ပေးဖို့အတွက် လစ်သီယံအိုင်းယွန်းဘတ္ထရီတွေ တဖြည်းဖြည်းထုတ်လုပ်မှာဖြစ်ပါတယ်။ လီသီယံဝါ့ခ်က တရုတ်မှာရင်းနှီးမြှုပ်နှံတာက အခြေခံအဆောက်အအုံတွေ ပိုကောင်းပြီး စက်ရုံတစ်ခုတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ခွင့်ပြုချက်တွေကို ပိုရရှိလွယ်လို့ဖြစ်ကြောင်း ဥက္ကဌ ကီကူလန်က စီအင်န်အင်န်ကို ပြောပါတယ်။ ဥရောပမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကြုံရတဲ့ကြိုးနီစနစ်ပမာဏကြောင့် ကုမ္ပဏီက ရှောင်ကွင်းရတာဖြစ်ကြောင်းလည်း ပြောပါတယ်။
"ဥရောပမှာ အတားအဆီးတွေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေ အများကြီးပဲ။ အချိန်အကြာကြီး ယူရတယ်"လို့ ကူလန်က ပြောပါတယ်။ တရုတ်အစိုးရဟာ လျှပ်စစ်ကားလုပ်ငန်းအတွက် ရေရှည်ရည်မှန်းချက်ရှိပြီး ဥရောပကတော့ မရှိဘူးလို့ သူကဆက်ပြောပါတယ်။ တရုတ်ဟာ လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် ပစ်မှတ်တွေထားရှိပြီး ဝယ်သူတွေကိုလည်း မက်လုံးတွေ ပေးတဲ့အတွက် လုပ်ငန်းဖြစ်ထွန်းတိုးတက်လာပါတယ်။ "ဥရောပမှာ ခိုင်မာတဲ့လုပ်ငန်းဆိုင်ရာမူဝါဒ မရှိဘူး"လို့ တာဂလိုင်ပီထရာက ဆိုပါတယ်။
ဥရောပသမဂ္ဂဟာ ဒါကိုပြောင်းလဲဖု့ိ ကြိုးစားနေပါတယ်။ အမှုဆောင်အဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်ဟာ ဘတ္ထရီနည်းပညာ တွေမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့အတွက် ကုမ္ပဏီတွေကို အားပေးတဲ့အနေနဲ့ လက်တွေ့စီမံချက်တစ်ခုကို စတင်ခဲ့ပါတယ်။ ဥရောပကုမ္ပဏီတွေဟာ ဘတ္ထရီကဏ္ဍမှာ ခိုင်ခိုင်မာမာအခြေမချနိုင်ရင် ပစ္စည်းဖြန့်ဖြူးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေအပေါ် သြဇာသက်ရောက်မှု နည်းလိမ့်မယ်လို့ အဖွဲ့က သတိပေးထားပါတယ်။