အင်ဂျင်တစ်လုံးအတွက် ရှေ့ပြေးအန္တရာယ် အချက်ပြများ


မော်တော်ကား တစ်စီးကို သက်တမ်းရှည်ရှည် အသုံးပြုနိုင်စေဖို့ ကားကို အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ ကာကွယ်ပုံ ကာကွယ်နည်းတွေ များစွာ ရှိနေတဲ့အထဲကိုမှ ဒီတစ်ပတ်မှာတော့ အင်ဂျင် တစ်လုံး ချို့ယွင်းတော့မယ့် ရှေ့ပြေး လက္ခဏာတွေကို စုစည်း ဖော်ပြပါရစေ။

ကားတစ်စီးကို မောင်းပြီး မြို့ထဲကို သွားတဲ့အချိန် လမ်းမှာ ကားပိတ်လို့ပဲဖြစ်ဖြစ်၊ မီးပွိုင့်မိလို့ပဲဖြစ်ဖြစ် ခေတ္တ ရပ်ထားချိန်မှာ ပုံမှန်မဟုတ်တဲ့ စက်လည်ပတ်သံ တစ်ခုကို ကြားလိုက်ရတယ်ဆိုရင် ဒါ ဘယ်က အသံလဲ၊ ကိုယ် မောင်းနေတဲ့ ကားဆီကလား၊ အင်ဂျင်ဆီကလား၊ အဲယားကွန်းက မြည်နေတာလားဆိုတဲ့ “လား”ပေါင်း များစွာဟာ ကားတစ်စီးကို အမြဲတစေ မောင်းနှင် စီးနင်းနေသူတွေ အနေနဲ့ ကားမောင်းနေစဉ်မှာ ခံစားရတဲ့ အတွေ့အကြုံ ပုံမှန် မဟုတ်တာကို သတိပြုတတ်ကြမှာပါ။

အဲဒီလို လားပေါင်းများစွာရဲ့နောက်ကွယ်မှာမှ ကိုယ့်ကား ဘာဖြစ်နေလဲ၊ ဒါမှမဟုတ် ကားမောင်းသွားချိန်မှာ ညှော်နံ့လိုလိုတွေ ရှူရှိုက်မိပြီး အထက်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းတွေ အားလုံးဖြစ်စေ၊ တစ်ခုခုဖြစ်စေ ကြုံနေရပြီဆိုရင် ကိုယ့်ကားရဲ့ အင်ဂျင်ကို ဂရုစိုက် စစ်ဆေးပေးဖို့ လိုနေပါပြီ။

ဒီလိုအချိန်မှာ ပုံမှန် မဟုတ်တဲ့ အသံတွေကို ကားထဲက စတီရီယို ဖွင့်ပြီး ဂရုမစိုက်ဘဲ နေလိုက်မယ်၊ ညှော်နံ့ မဝင်အောင် ကားမှန်တွေ တင်ပြီး အဲယားကွန်း ဖွင့်လိုက်မယ်ဆိုရင် သေချာတာ တစ်ခုက နောက်ထပ် ခရီးစဉ်တွေ မတိုင်ခင်မှာ ကိုယ့်ကားကို ဝပ်ရှော့ပို့ရမှာ သေချာသလောက် ပါပဲ။ ဒါမှမဟုတ် အဝေးပြေးလမ်း တစ်နေရာမှာ လမ်း ဘေးထိုးရပ်ပြီး ကရိန်းကို ဖုန်းဆက် ခေါ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပိုပြီး တိကျသွားအောင် အင်ဂျင် ထိခိုက်နေခြင်းရဲ့ ရှေ့ပြေး လက္ခဏာတွေကို တစ်ခုချင်း လေ့လာကြည့်ပါစို့။

ဒက်ရှ်ဘုတ် အချက်ပြမီးများ

ခေတ်သစ်ကားတွေက (တစ်ခါတစ်ရံမှာ) ကား ပိုင်ရှင်တွေထက်တောင် သူတို့ကိုယ် သူတို့ ဂရုစိုက်နိုင်ပါတယ်။ ကားပေါ်တက်၊ စက်ကိုနှိုးလိုက်တာနဲ့ ဒက်ရှ် ဘုတ်မှာရှိတဲ့ အချက်ပြ သင်္ကေတမီးတွေ အကုန် လင်းလာတယ်ဆိုတာ စာဖတ်ပရိသတ်တွေ အနေနဲ့ သိပြီး ဖြစ်မှာပါ။

- ဒါကို ကားကွန်ပျူတာဟာ ကားတစ်စီးလုံးမှာ ရှိတဲ့သူသိသမျှ အစိတ်အပိုင်းတွေ ပုံမှန် အလုပ် လုပ်နိုင်စွမ်းရှိ၊ မရှိ စစ်ဆေးပေးပါတယ်။ ဒီ့နောက်မှာ သင်္ကေတ အချက်ပြလေးတွေက (လိုအပ်တာတွေက လွဲပြီး) ပြန်ပိတ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ ဆက်မလင်းသင့်တော့တဲ့ အချက်ပြ တစ်ခုခုက ဆက်လင်းနေတယ် ဆိုရင်တော့ အချက်ပြ သင်္ကေတပေါ် မူတည်ပြီး ပြဿနာ သေးသေးလေး ရှိနေတာမျိုး ဖြစ်နိုင်သလို ပြဿနာ ခပ်ကြီးကြီး ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်။

ဥပမာ- Check Engine လို သင်္ကေတမျိုး ပါ။ ဒီသင်္ကေတလေးတွေက ကားအစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံခံစနစ် (Sensor)တွေနဲ့ ချိတ်ဆက် အလုပ် လုပ်နေကြတာဖြစ်ပြီး ပြဿနာ တစ်ခုခုရှိနေရင် ပြန်မပိတ်တော့ဘဲ ချို့ယွင်းချက်ရှိနေတဲ့ အစိတ်အပိုင်းကို အချက် ပြပေးတယ်။ သတိပြုရမယ့် အချက်ပြတွေက အင်ဂျင်ဝိုင်ကို စစ်ဆေး၊ လိုအပ်ရင် ထပ်ဖြည့်၊ လဲလှယ်ရမယ့် အင်ဂျင်ဝိုင်ပန့်မှာ ပြဿနာ ရှိနိုင်တာနဲ့ အင်ဂျင်စစ်ဖို့ လိုအပ်တာတွေပဲ ဖြစ်ပါတယ်။

ဒီသုံးမျိုးထဲမှာမှ Check Engine အချက်ပြ မီးက သာမန် အင်ဂျင် ချို့ယွင်းချက်မျိုးကြောင့် ဖြစ်နိုင်သလို အင်ဂျင် အတွင်းပိုင်း ထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သတိထားသင့်ပါတယ်။

မောင်းနှင်ရာမှ အတွေ့အကြုံ

ကျန်းမာရေး ကောင်းနေတဲ့ ပုံမှန်ကား တစ်စီးကို မောင်းနှင်ရတဲ့အခါ ဘဲလေးကပွဲကို ကြည့်နေရသလို ချောမွေ့ငြိမ့်ညောင်းတဲ့ အတွေ့အကြုံကို ရပါလိမ့်မယ်။ လမ်းဆိုးလို့ မငြိမ့်တာကတော့ လမ်းရဲ့ အပြစ်ပါ။ ကားမောင်းနှင်နေချိန်မှာ ပုံမှန် မဟုတ်တဲ့ ခံစားမှုမျိုး (ဥပမာ- တုံ့နေတာ၊ မဆွဲတာမျိုး) ကို ခံစားရတယ် ဆိုရင်တော့ သတိထားပါ။

- ပုံမှန် မောင်းနေရင်း စက်သေသွားတာတို့၊ ဆောင့်ရုန်းတာတို့ ဖြစ်နေပြီဆိုရင် အင်ဂျင်မှာ ဒုက္ခ ကောင်းကောင်း တွေ့နေပါပြီ။ ဒီလို ပြစ်ချက်တွေက ပုံမှန် အလုပ် မလုပ်နိုင်တဲ့ ပလပ် (Plug) တွေကြောင့် ဖြစ်နိုင်သလို ဆီလိုင်းမှာ အညစ်အကြေးတွေနဲ့ ပိတ်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။ အာရုံခံ စနစ်တွေရဲ့ အလုပ် လုပ်ပုံ မှားယွင်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကား တစ်စီးမှာ ဒီလို အခြေအနေတွေ ဖြစ်လာရင် ကျွမ်းကျင်တဲ့ မက္ကင်းနစ်တွေနဲ့ ပြတာက ပိုကောင်းပါတယ်။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အင်ဂျင်ဝိုင်၊ ခါးပတ်ကြိုး ပုံမှန် လဲပေးတာမျိုးတွေ၊ ပလပ်နဲ့ ဆီစစ်၊ ဆီလိုင်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ်။

ပုံမှန်မဟုတ်သော ဆူညံသံများ

အင်ဂျင်တစ်လုံး ပုံမှန် လည်ပတ်နေချိန်မှာ ဘောနပ်ဖုံးအောက်က ညင်သာတဲ့ အင်ဂျင်ခုတ်သံကို ကြားရပါလိမ့်မယ်။ ဒါပေမဲ့ ဒီအသံထဲမှာ ပေါက်ကွဲသံတွေ ထင်ထင်ရှားရှား ပါဝင်လာရင်၊ အင်ဂျင်ခုတ်သံ ကြမ်းနေရင် ပြဿနာ တစ်ခုခုရှိနိုင်တယ် ဆိုတာ သတိပြုရပါမယ်။

ဆလင်ဒါ အခန်းထဲမှာ ပေါက်ကွဲဖို့ ရောက်လာတဲ့ ဆီ၊ လေ အရောအနှောဟာ လုံလောက်တဲ့ ဖိအား မရခင် ပေါက်ကွဲတဲ့ အချိန်မျိုးမှာ အင်ဂျင်ဆီက အသံ ကျယ်ကျယ် ထုတ်တတ်ပြီး ဒီလို ပေါက်ကွဲမှုမျိုးက အကုန်အကျ များတဲ့ ပစ်စတင် (Piston) ပျက်စီးမှုတွေကို ဖြစ်စေတတ်ပါတယ်။ ကားစက်နှိုးတဲ့ အချိန်မှာ ဖိကြိတ်လည်ပတ်တဲ့ အသံမျိုးကို ကြားရရင် မော်တာကို စစ်ဆေးပါ။ လိုအပ်ရင် ချိန်ညှိမှုတွေ လုပ်ပေးပါ။

ဂီယာ ပြောင်းနေတဲ့ အချိန်မှာ ဖိကြိတ်သံ ကြားရင် ဂီယာစနစ်ကို စစ်ဆေးပါ။ အထက်ကဆိုခဲ့တဲ့ အသံတွေဟာ ကျယ်လောင်မှုရှိပြီး မကြာခဏ ဖြစ်နေရင် ဂရုစိုက်ဖို့ပါ။ ပုံမှန် မောင်းနှင်နေချိန်မှာ ထွက်တတ်တဲ့ ခပ်တိုးတိုး ကလစ်သံလောက်ကတော့ ပြဿနာ မရှိပါဘူး။ Fuel Injection စနစ်ပါတဲ့ မော်တော်ကား တချို့မှာ Injector တွေဆီကနေ ကလစ်သံ တိုးတိုး ထွက်တတ်ပါတယ်။ အင်ဂျင်ဆီက ထွက်တဲ့အသံဟာ ပုံမှန် မဟုတ်ဘူးလို့ သံသယရှိရင် ဂရုတစိုက် နားထောင်ပြီး တတ်ကျွမ်းတဲ့ မက္ကင်းနစ်တွေနဲ့ ပြသတဲ့အခါ အသေးစိတ် ပြန်ပြောပြပါ။

ပုံမှန် မဟုတ်သော ညှော်နံ့များ

ကားမှာပါတဲ့ အစိတ်အပိုင်းတွေက မွှေးပျံ့တဲ့ ရနံ့မျိုးတွေ ထုတ်လွှတ်တတ်တာမျိုးတော့ မဟုတ်ပေမယ့် ပုံမှန် မဟုတ်တဲ့ ညှော်နံ့မျိုး ထွက်လာရင်လည်း သတိထားဖို့ လိုပါတယ်။ 

ညှော်နံ့ အများစုဟာ အင်ဂျင်ဝိုင်၊ အအေးပေး အရည်လိုမျိုး အရည်တွေက သူတို့ ရှိရမယ့် ပိုက်လိုင်း ပိတ်အတွင်းမှာ လှည့်ပတ်နေရမယ့်အစား အပြင်ကို ယိုစိမ့်ထွက်ပြီး အပူချိန် မြင့်မားတဲ့အင်ဂျင်နဲ့ ထိလိုက်တဲ့အခါ ဖြစ်လာတတ်တယ်။ အင်ဂျင်ဝိုင် လဲတဲ့အခါ အင်ဂျင်ပေါ်ကို အင်ဂျင်ဝိုင်တွေ ဖိတ်မကျအောင် သတိပြုပါ။

- ကားအတွင်းခန်းမှာ အိပ်ဇောပိုက်ကလို အနံ့မျိုး ရနေရင် အိပ်ဇောပိုက်မှာ ပြဿနာ တစ်ခုခု ရှိနေပါပြီ။ အိပ်ဇောပိုက် မလုံတာကြောင့် ကားအတွင်းခန်းမှာ မီးခိုးနံ့တွေ ရနေရင် ပြတင်းတွေ ဖွင့်ထားပြီး Service ကို မောင်းသွားပါ။ ပြတင်းပိတ်ထားရင် ကားမောင်းသူအတွက် အန္တရာယ် ရှိပါတယ်။

ရော်ဘာညှော်နံ့လိုမျိုး ရတယ်ဆိုရင် ခါးပတ်ကြိုး (Drive Belt ဖြစ်စေ၊ Accessory Belt ဖြစ်စေ) ပျက်စီးနေတာ၊ ပွန်းစားနေတာကြောင့် ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် အရည်ပို့စနစ်တွေထဲက ရော်ဘာ ခေါင်းစွပ်တစ်ခုခုက အင်ဂျင်လို အပူချိန်မြင့်မားတဲ့ အရာတစ်ခုခုနဲ့ မထိသင့်ဘဲ ထိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန် မဟုတ်တဲ့ ညှော်နံ့တွေ ထွက်နေရင် ကားကို ချက်ချင်း ဂရုစိုက် စစ်ဆေး ကြည့်သင့်ပါတယ်။ မီးခိုးအရောင် အိပ်ဇောပိုက်က မဟုတ်ဘဲ ဘောနပ်ဖုံးအောက်ကဖြစ်ဖြစ်၊ ကားနောက်ပိုင်း တစ်နေရာကပဲဖြစ်ဖြစ် မီးခိုးတွေ ထွက်နေတာမျိုး ရှိရင် မကောင်းပါဘူး။

- အိပ်ဇောပိုက်ကနေ ထွက်တဲ့ မီးခိုးမှာလည်း အရောင်တွေ ပါနေရင် ပြဿနာ တစ်ခုခု ရှိတယ်ဆိုတာ ညွှန်ပြနေတာပါ။ မီးခိုးတွေက ပြာလဲ့လဲ့ အရောင်ဖြစ်နေရင် အင်ဂျင်ဝိုင်က ရှိသင့်တဲ့နေရာမှာ မရှိဘဲ လောင်စာတွေနဲ့အတူ ရောထွေး လောင်ကျွမ်းနေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီလိုမီးခိုးရောင်က အင်ဂျင်မှာ အန္တရာယ် ခပ်ကြီးကြီး ရှိနေပြီဆိုတာ ဖော်ပြနေတာ ဖြစ်ပြီး ချက်ချင်း ပြင်ဆင်သင့်ပါတယ်။

 

အဖြူရောင် မီးခိုးတွေ ထွက်နေတယ်ဆိုရင် လောင်စာထဲမှာ ရေပါဝင်တာကြောင့် (သို့) အအေးပေးအရည် (Anti Freeze or Coolent) ပါဝင်တာကြောင့် ဖြစ်နိုင်ပြီး ဒီလိုဖြစ်နေရင် အင်ဂျင် အအေးပေး အရည်တွေ လျော့သွားနိုင်တာကြောင့် အဖြူရောင် မီးခိုးတွေ ထွက်လာရင်လည်း ဂရုစိုက်ပါ။ ဂရုမစိုက်ခဲ့ရင် ဒုတိယအဆင့် အနေနဲ့ ဘောနပ် ဖုံးအောက်ကနေ မီးခိုးတွေ ထပ်ထွက်လာမှာ ဖြစ်ပြီး အင်ဂျင်ကလည်း Overheating ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် ပုံမှန် မဟုတ်တဲ့ မီးခိုးအရောင်တွေ ထွက်လာရင် အင်ဂျင်ဝိုင်၊ အအေးပေး အရည် စတာတွေကို စစ်ဆေးပြီး လိုအပ်ရင် အင်ဂျင်ကိုလည်း စစ်ဆေးကြည့်ပါ။ဒါတွေက မော်တော်ကား အင်ဂျင် တစ်လုံးမှာ ဖြစ်နိုင်တဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်ပါတယ်။ ခေတ်မီတဲ့ ခေတ်ကြီးထဲက အဆင့်မြင့်ကားတွေ တပ်ဆင် ထုတ်လုပ်လာပြီး မမြင်နိုင်၊ မထင်နိုင်တဲ့ အခြား ရှေ့ပြေးနိမိတ်တွေလည်း ရှိနိုင်ပါဦးမယ်။

Read 5323 times