လမ်းမများထက်တွင် တွေ့ရလေ့ရှိသည့် ယာဉ်မောင်း ၇ မျိုး


လမ်းမတွေပေါ်မှာ ကားမောင်းနေတဲ့ ယာဉ်မောင်းတွေ ရာထောင်ချီ ရှိပေမယ့် သူတို့ကို အလွယ်တကူ အမျိုးအစား ခွဲခြားကြည့်နိုင်တယ်။

ဥပမာပြောရရင် တချို့ယာဉ်မောင်းတွေက ရယ်စရာကောင်းပြီး တချို့ယာဉ်မောင်းတွေက စိတ်ပျက်စရာ ကောင်းကြပါတယ်။ သူတို့ရဲ့ အကျင့်စရိုက်တွေကို သိထားရင် ယာဉ်မောင်းတွေကို အလွယ်တကူ ခွဲခြားကြည့်နိုင်ပြီး ဆောင်သင့် ရှောင်သင့်တာတွေပါ သိလာပါလိမ့်မယ်။

၁။ ဒီဂျေသမား
ကျွန်တော်တို့ဆီမှာ ဒီဂျေသမားအမျိုးအစား ယာဉ်မောင်းသူတွေကို တွေ့ရခဲပါတယ်။ ဒီဂျေသမားတွေက ကားပြတင်းကိုချပြီး နောက်ဆုံးထွက် EDM သံစဉ်တွေနဲ့ ငြိမ့်နေတတ်တယ်။ တချို့ဆိုရင် သူတို့ခေါင်းကို သံစဉ်အလိုက် လှုပ်ခါနေတတ်ကြပါသေးတယ်။ တခြားသူတစ်ယောက်ယောက်က သူတို့ဆီ အာရုံစိုက်နေတာကို သိသွားရင် ဒီဂျေသမားတွေက ပြန်ပြုံးပြတတ်တယ်။ သူတို့က ကြမ်းတမ်းသူတွေ မဟုတ်ဘဲ သံစဉ်တွေနဲ့ ကားမောင်းရတာကို နှစ်ခြိုက်သူတွေပါ။ သူတို့ဆီက ဒေါသထွက်စရာ စကားတစ်ခု မကြားရပေမယ့် တစ်ခါတစ်ရံ အသံကျယ်လွန်းတာကြောင့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရတတ်ပါတယ်။ ဒီဂျေသမားတွေကြောင့် ကိုယ့်ကားထဲက ဂီတသံကို ကောင်းကောင်းမကြားရလောက်တဲ့ ပြဿနာပဲ ရှိတတ်ပါတယ်။

၂။ အထိန်းအကွပ် မရှိသူများ
ရှိသင့်တဲ့ အမြန်နှုန်းထက် ပိုမောင်းသူ၊ မီးနီကို အတင်းဖြတ်မောင်းသူ၊ သူတို့ကိုယ်သူတို့ ကာတွန်းဇာတ်ကောင် The Flash အလား အလျင်အမြန် သုတ်ခြေတင်နေသူတွေက အထိန်းအကွပ် မရှိသူများ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒီယာဉ်မောင်းတွေက သူတို့ရဲ့ဘဝကို ကတိုက်ကရိုက် ဖြတ်သန်းရသလိုမျိုး လမ်းပေါ်မှာ ခရီးနှင်လေ့ရှိပါတယ်။ အထိန်းအကွပ် မရှိသူလို့ ဆိုထားတာကြောင့် ယာဉ်စည်းကမ်းတွေကို မကြာခဏ ချိုးဖောက်တတ်ပြီး တစ်ခါတစ်ရံ တာဝန်မယူဘဲ ထွက်ပြေးတတ်ကြပါသေးတယ်။

ဒီအမျိုးအစားဟာ ယာဉ်နဲ့ လမ်းအသုံးပြုသူတွေ သတိပြုသင့်တဲ့ ယာဉ်မောင်းတွေထဲမှာ ပါဝင်ပြီး သူတို့က မတော်တဆမှု အများစုရဲ့ လက်သည်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုယာဉ်မောင်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရာဇဝင်ကို လေ့လာပြီး လိုအပ်ရင် အခြေခံ ယာဉ်မောင်းသင်ခန်းစာတွေ ပြန်လေ့လာခိုင်းသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါ့အပြင် သူတို့မောင်းနှင်ရတဲ့ လမ်းမတွေဟာ ပြိုင်ပွဲလမ်းမတွေ မဟုတ်တာကိုလည်း သတိပေးသင့်ပါတယ်။

၃။ ဘာကိုမျှ ဂရုမစိုက်သူ
မြို့ထဲအပါအဝင် တခြားလမ်းကျပ်တဲ့ နေရာတွေမှာ အတွေ့ရများတဲ့ ယာဉ်မောင်းတွေ ဖြစ်ပြီး လမ်းအလယ်မှာ ခွမောင်းရင်း အတွင်းလမ်းကြောင်း ယူမလိုလို၊ အပြင်လမ်းကြောင်း ယူမလိုလိုနဲ့ လမ်းကြောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ ဝိရောဓိ ဖြစ်နေသူတွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ ပိတ်ကျပ်နေတဲ့ ယာဉ်ကြောကို ဖြတ်သန်းဖို့အတွက် စိတ်စောနေတတ်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အပြုအမူကြောင့် နောက်မှာရှိတဲ့ ကားတွေ ဘာဖြစ်ကုန်တယ် ဆိုတာကို သတိမပြုကြပါဘူး။ ဘာကိုမျှ ဂရုမစိုက်ဘဲ မောင်းချင်သလို မောင်းနေတဲ့ ဒီအမျိုးအစားတွေက အထိန်းအကွပ် မရှိသူတွေလောက် အန္တရာယ် မပေးနိုင်ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေ အတွက်တော့ ကောင်းကောင်းဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ဒီအမျိုးအစားထဲမှာ ဒုက္ခအပေးဆုံး ယာဉ်မောင်းတွေက သယ်ပို့ယာဉ် (လိုင်းကား) မောင်းသူတွေပါပဲ။

၄။ ခရီးသွားများ
ဒီအမျိုးအစားက အထိန်းအကွပ် မရှိသူတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး နှေးနိုင်သမျှနှေးအောင် မောင်းနှင်ခြင်းဖြင့် စိတ်အနှောင့်အယှက် ပေးတတ်သူတွေ ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ ပါဝင်သူ အများစုက အိမ်ကားတွေနဲ့ ခရီးသည် ရှာနေတဲ့ တက္ကစီ (အငှားယာဉ်) တွေ ဖြစ်ပြီး သူတို့ကြောင့် နောက်ကားတွေမှာ ရှိသူတွေ ရုံးနောက်ကျတာ၊ ကျောင်းနောက်ကျတာမျိုးကိုလည်း စဉ်းစားလေ့ ရှိသူတွေ မဟုတ်ပါဘူး။ အားသာချက်တစ်ခု အနေနဲ့ ဒီလူမျိုးတွေက ခပ်အေးအေးသမားတွေ ဖြစ်တတ်ပြီး ပြဿနာတွေကို ရှောင်တတ်တယ်။ သူတို့ရဲ့ ခပ်ဖြည်းဖြည်း မောင်းနှင်မှုက အန္တရာယ် ကင်းပေမယ့် ဘာကိုမှ ဂရုမစိုက်ဘဲ လမ်းကြောအပိုင် စီးသူတွေနည်းတူ ယာဉ်ကြောပိတ်ဆို့မှုအတွက် အားဖြည့်ပေးနိုင်ပါတယ်။

၅။ ဆူဆူညံညံသမား
ဒီအမျိုးအစားယာဉ်မောင်းတွေက နားကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒီဂျေသမားတွေနဲ့ မတူတာက ဆူဆူညံညံ သမားတွေဟာ ဂီတသံအစား ဟွန်းသံကို အဆက်မပြတ် ထုတ်လွှတ်တာကြောင့် ပိုစိတ်ပျက်စရာ ကောင်းပါတယ်။ ဒီလိုယာဉ်မောင်းတွေကို ယာဉ်ကြောပိတ်ဆို့မှုတွေရဲ့ နောက်ဘက်ပိုင်းမှာ အတွေ့ရများပြီး ရှေ့မှာဖြစ်နေတဲ့ အကြောင်းအရင်းကို မသိဘဲ ဟွန်းကို အလိုက်ကမ်းဆိုးမသိ တရစပ် တီးနေလေ့ ရှိပါတယ်။ ဒါမှမဟုတ်ရင် အနည်းဆုံး နှစ်မိနစ် တစ်ကြိမ်လောက် ဟွန်းတီးလေ့ ရှိတယ်။ သူတို့ဆီက ဆူညံသံကြောင့် လမ်းပေါ်မှာရှိသူ တချို့ ဘုကြည့်ကြည့်တာကိုလည်း သိပေမယ့် ဆူဆူညံညံ သမားတွေကတော့ သူတို့ရဲ့ ဝါသနာကို အလွယ်တကူ စွန့်လွှတ်လေ့ မရှိပါဘူး။

၆။ အေးအေးဆေးဆေးသမား
ယာဉ်မောင်းအများစုက လမ်းကျပ်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ သူတို့နဲ့ ဆန့်ကျင်ဘက်က အေးအေးဆေးဆေးသမားတွေ ဖြစ်ပြီး လမ်းကျပ်တာနဲ့ကြုံရင် ပျော်တတ်သူတွေပါ။ မြို့ထဲ လမ်းပိတ်နေချိန် လမ်းမပေါ်ကို လေ့လာကြည့်ရင် ဒီလိုယာဉ်မောင်းတချို့ကို တွေ့ရမှာဖြစ်ပြီး တစ်ခါတစ်ရံမှာ တံခါးမှန်ချလို့ ဘေးကားက ယာဉ်မောင်းနဲ့ စကားလက်ဆုံ ကျနေတတ်ပါသေးတယ်။ တစ်ခုကောင်းတာက လမ်းပိတ်နေတာကြောင့် ဒေါသထွက်၊ ဆန္ဒစောသူတွေ မဟုတ်ဘဲ ကားထဲမှာ အေးအေးဆေးဆေး ထိုင်စောင့်တတ်သူတွေဖြစ်ပြီး သူတို့မှာ ထောက်ပြစရာ အပြစ်လည်း သိပ်မရှိပါဘူး။ တစ်ခါတစ်ရံ စကားပြောတဲ့ အထဲမှာ အာရုံရောက်ပြီး ပွိုင့်လွှတ်ချိန်ကို မသိတာကြောင့် နောက်ကား ဟွန်းတီးခံရတာမျိုးလောက်ပဲ ရှိပါတယ်။

၇။ ဒေါသသမား

ဒေါသသမားတွေကတော့ ဘယ်သူ့ကိုမှ ခွင့်မလွှတ်တတ်ပါဘူး။ သူတို့ကိုယ်တိုင် ယာဉ်စည်းကမ်းချိုးချိုး၊ မချိုးချိုး တခြားယာဉ်စည်းကမ်း ချိုးဖောက်သူတွေကို ဒေါသနဲ့ တုံ့ပြန်တတ်ပြီး အထူးသဖြင့် သူတို့ဆီမှာ အရေးကြီးကိစ္စမျိုးတွေ ရှိနေတဲ့အခါ ဒေါသပိုပြင်းတတ်ပါတယ်။ တခြားယာဉ် တစ်စီးစီးက အမှားလုပ်မိရင် ကားပေါ်ကဆင်းပြီး ပြဿနာရှာဖို့ ဝန်မလေးသလို တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်တာမျိုးတွေတောင် လုပ်တတ်ကြတယ်။

အေးအေးဆေးဆေးသမားတွေနဲ့ မတူတာက သူတို့ ပြတင်းမှန်ချတာဟာ တစ်ယောက်ယောက်ကို အော်ဖို့အတွက်ဖြစ်ပြီး ဒီလိုယာဉ်မောင်းတွေက သူတို့ရဲ့ ဒေါသကြောင့်ပဲ ဒုက္ခပြန်ရောက်တာ များပါတယ်။ ပြေရာပြေကြောင်း စကားကောင်းကောင်း ပြောလို့မရတာကြောင့် ဒီလိုယာဉ်မောင်းတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဒီမှာတော့ ဒီလိုယာဉ်မောင်း အများစုကို ရန်ကုန်မြို့တွင်း ခရီးတင်ယာဉ်တွေမှာ အများစု တွေ့ရမှာ ဖြစ်ပါတယ်။

Read 917 times