ကမ္ဘောဒီးယားတွင် အာသွင်းရုံများ ထားရှိရန် စီစဉ်


ကမ္ဘောဒီးယားတွင် အာသွင်းရုံများ ထားရှိရန် စီစဉ်

ကမ္ဘောဒီးယားတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UN Development Programme (UNDP) နှင့် ရေနံကုမ္ပဏီအချို့တို့က လျှပ်စစ်မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအတွက် အားသွင်းပွိုင့်များ ထားရှိပေးဖို့ ဆောင်ရွက်ရန် သဘောတူထားကြသည်။

ကမ္ဘောဒီးယားတွင် ၂၀၂၂ ဒီဇင်ဘာလတွင် အနည်းဆုံးအနေဖြင့် အားသွင်းရုံ ၁၀ ခု ထားရှိရန် လျာထားသည်။

 ကမ္ဘောဒီးယား အစိုးရက ၂၀၅၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် စီးရေ စုစုပေါင်း၏ ၇၀% နှင့် ကားနှင့်ဘတ်စ် စီးရေစုစုပေါင်း၏ ၄၀% သည် လျှပ်စစ်ဖြင့် မောင်းနှင်သောယာဉ်များ ဖြစ်ရန် ရည်မှန်းချက် ထားရှိသည်။

ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက အခရာကျသည့်ပြည်နယ်များနှင့် မြို့တော်တို့တွင် အားသွင်းရုံ ၁၀ ခု ဆောက်လုပ်ထားရှိပြီး စမ်းသပ်လျက်ရှိသည်။

ရေနံကုမ္ပဏီများကလည်း မိမိဆန္ဒအလျောက်  ၎င်းတို့၏ စက်သုံးဆီ အရောင်းဆိုင်များတွင် အားသွင်းပွိုင့်ထားရှိရန်  ဝန်ကြီးဌာနနှင့် သဘောတူထားသည်။

UNDP က ဖနွမ်းပင်မြို့ရှိ ဝန်ကြီးဌာန ရုံးချုပ်တွင် အားသွင်းရုံ တစ်ရုံကုိလည်းကောင်း ၊ Battambang, Siem Reap နှင့်  Sihanoukville မြို့အသီးသီးတွင် အားသွင်းရုံ တစ်ရုံစီကိုလည်းကောင်း စုစုပေါင်း ၄ ရုံ ထားရှိပေးမည် ဖြစ်သည်။ မြို့တော်တွင် နောက်ထပ်တစ်ရုံ ထားရှိပေးရန် ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး Sun Chanthol က UNDP ကို တိုက်တွန်းပြောကြားထားပါသည်။

"ရေနံကုမ္ပဏီတွေ ဖြစ်ကြတဲ့  Caltex, Total, PTT တို့ကလည်း သူတို့ရဲ့ အရောင်းဆိုင်တွေမှာ အားသွင်းပွိုင့် ထားရှိပေးကြလိမ့်မယ်" ဟု ဝန်ကြီးက ပြောကြားသည်။

Read 419 times