ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မည့် သက်တမ်းခြောက်နှစ်သာရှိသေးသော Cadillac ATS ဆီဒန်ကား


အမေရိကန်အခြေစိုက် ကားကုမ္ပဏီ General Motors သည် ၎င်းတို့၏လက်ရှိထုတ်ကုန်များထဲမှ အရွယ်အသေးစား Cadillac ATS ဆီဒန်ကား ထုတ်လုပ်မှုကို ၂ဝ၁၈ မိုဒယ် ထုတ်လုပ်ပြီးနောက် ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ကြောင်း Auto Week ကားသတင်းဝက်ဘ်ဆိုက် က မေ ၁၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း မအောင်မြင်ခဲ့သည့် Cimarron ပြီးနောက် Cadillac ၏ ပထမဆုံး အရွယ်သေးကားမိုဒယ် Cadillac ATS ဆီဒန်ကို GM ဥက္ကဋ္ဌဟောင်း Johan de Nysschen လက်ထက်ဖြစ်သည့် ၂ဝ၁၂ ခုနှစ်၌ အမျိုးအစားတူ ဂျာမန်ပြိုင်ဘက်များဖြစ်သော BMW 3 Series ၊ Audi A4 ၊ Mercedes Benz C-Class တို့နှင့် ယှဉ်ပြိုင်နိုင်ရန် စတင်ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကားဈေးကွက်အတွင်း ဝယ်ယူသူများက Crossover ၊SUV နှင့် ပစ်ကပ်ကားများကို ပိုမိုနှစ်ခြိုက်အားပေးလာမှုကြောင့် Cadillac ATS ဆီဒန်ကားရောင်းချရမှုမှာ ငါးနှစ်ဆက်တိုက်ကျဆင်းခဲ့ပြီး ၂ဝ၁၇ ခုနှစ်၌ ၁၃,၁ဝဝ စီးသာရောင်းရကာ ရောင်းအား ၃၉ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။

၂ဝ၁၈ ခုနှစ်အတွင်း Cadillac ATS ဆီဒန်ကား ရောင်းအားမှာ ယမန်နှစ် အလားတူကာလကထက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးလာသော်လည်း ထပ်မံမထုတ်တော့ဘဲ ရပ်ဆိုင်းရန် General Motors က  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Cadillac ATS Coupe ဆီဒန်ကားကိုမူ ၂ဝ၁၉ မိုဒယ်အထိ ဆက်ထုတ်သွားမည်ဟု သိရသည်။

Cadillac သည် ခြောက်လတစ်ကြိမ် ကားမိုဒယ်သစ် တစ်မျိုးစီကို ၂ဝ၂၁ ခုနှစ် နှစ်ကုန်အထိ မိတ်ဆက်ပြသသွားမည်ဖြစ်ရာ လတ်တလောတွင် အရွယ်အသေးစား XT4 Crossover မိုဒယ်သစ်ကို စတင်မိတ်ဆက်ပေးမည်ဖြစ်ပြီး ယင်းနောက်တွင် ခုံသုံးတန်း Crossover ကားသစ် XT6 ကို ဆက်လက်မိတ်ဆက်သွားမည် ဟု သိရသည်။

Read 841 times