BYD  ထိုင်းကိုယ်စားလှယ် ဘတ်စ် အပါအဝင် လုပ်ငန်းသုံးယာဉ်များ ရောင်းချမည်


BYD  ထိုင်းကိုယ်စားလှယ် ဘတ်စ် အပါအဝင် လုပ်ငန်းသုံးယာဉ်များ ရောင်းချမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူဖြစ်သည့် BYD ၏ ထိုင်းတစ်ဦးတည်းကိုယ်စားလှယ် ဖြန့်ဖြူးသူ Rever Automotive သည် ၂ နှစ်အတွင်း ထိုင်းနိုင်ငံ၌  အရောင်းပြခန်းများ သုံးဆ ဖြစ်လာမည်ဟု ပြောကြားသည်။ 

 

 BYD ၏ ထိပ်တန်း‌ ပြည်ပဈေးကွက်ဖြစ်သည့် ထိုင်းဈေးကွက်တွင် ကြီးစိုးထားသည့် BYD ၏ အနေအထားကို ခိုင်မာစေမည် ဖြစ်သည်။ 

BYD သည် ထိုင်းအီးဗီဈေးကွက်တွင် ဈေးကွက်ဝေစု ၄၀% ဖြင့် ဈေးကွက်ကို ကြီးစိုးထားသည်။

 

ထိုင်းသို့ BYD ဝင်ရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် အနှောင်းပိုင်းမှစ၍ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည့် Rever Automotive သည် ၂၀၂၅ ခုနှစ် နှစ်ကုန်မတိုင်ခင် အရောင်းပြခန်း ၂၀၀ ထပ်တိုးမည်။ ထို့ပြင် လုပ်ငန်းသုံးယာဉ်များ စတင်ရောင်းချမည်။ အိမ်စီးကား အမြင့်တန်း ရောင်းချမည်ဟု Rever Automotive စီအီးအို Pratarnwong Phornprapha က ပြောကြားသည်။

 

Rever Automotive သည် လက်ရှိတွင် ‌အရောင်းပြခန်း ၁၀၀ ဝန်းကျင် ရှိသည်။ ယခုနှစ်တွင် အရောင်းပြခန်း ၂၀၀ အထိ တိုးချဲ့မည်။ ၂၀၂၅ ခုနှစ်တွင် နောက်ထပ် ၁၀၀ ထပ်တိုးမည်ဟု ၎င်းက ပြောကြားသည်။

 

BYD သည် ၂၀၂၃ ခုနှစ်တွင် အိမ်စီးကား  စုစုပေါင်း အစီးရေ ၃ သန်း ရောင်းချခဲ့ရာ၌ ၉၀%သည် တရုတ်ပြည်တွင် ရောင်းချခဲ့သည်။

ပြည်ပတွင် အစီးရေ ၂၄၃,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ပြည်ပရောင်းအားတွင် ၂၀% ဝန်းကျင်ကို ထိုင်းနိုင်ငံတွင် ရောင်းချခဲ့သည်။ ထိုင်းသည် BYD ၏ အကြီးမားဆုံး ပြည်ပဈေးကွက် ဖြစ်သည်။

 

BYD သည် ထိုင်းတွင် ဘတ် ၁၇.၉ ဘီလီယံ (ကန်ဒေါ်လာ ၅၀၄ သန်း) ရင်းနှီးမြှုပ်နှံပြီး ကားစက်ရုံ တရုံ ထူထောင်သည်။ ယခုနှစ်တွင် ထုတ်လုပ်မှု စတင်မည်။ 

 

BYD သည် အရှေ့တောင်အာရှ၏ EV စျေးကွက်တွင် အခြားသော မော်တော်ကားထုတ်လုပ်သူများထက် ရောင်းအား သာလွန်နေသည်။

ဒေသခံ ဖြန့်ဖြူးရောင်းချသူများနှင့် ပူးပေါင်းခြင်းနှင့် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် အာဆီယံဒေသတွင်း ရောင်းအားအကောင်းဆုံး လျှပ်စစ်မော်တော်ကားဖြစ်သည့် Atto 3 SUV အပါအဝင် စျေးနှုန်းသက်သာသော မော်ဒယ်များ ရောင်းချခြင်းဖြင့် အောင်မြင်မှုများ ရရှိနေသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားတွင် BYD က မော်ဒယ် ၃ ခု မိတ်ဆက်ခဲ့သည်။ 

BYD က အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ကားစက်ရုံအသစ် ထူထောင်မည် ဖြစ်သည်။

 

ထိုင်းဈေးကွက်တွင် BYD သည် နောက်ထပ် မော်ဒယ်များ ထပ်တိုးပြီး ရောင်းချခြင်းဖြင့် ချဲ့ထွင်နိုင်လိမ့်မည်ဟု Pratarnwong က သုံးသပ်သည်။

Rever Automotive သည် လက်ရှိတွင် ထိုင်းမှာ မော်ဒယ် ၃ မျိုး ဖြန့်ဖြူးရောင်းချလျက် ရှိသည်။ Seal ဆီဒင်၊ Atto 3 SUV နှင့် Dolphin hatchback တို့ ဖြစ်ပါသည်။

multi-purpose vehicle MPV နှင့် sport utility vehicle SUV မော်ဒယ်များ ထပ်တိုးသင့်သည်ဟု ၎င်းက ဆိုသည်။

 

"အကြမ်းဖျင်းအားဖြင့်တော့ ထပ်တိုးမယ့် မော်ဒယ်တွေမှာ MPV တွေ ပါရမယ်လို့ ကျွန်တော်ထင်တယ်။ 

 ပိုကြီးတဲ့ SUV ကားတွေ၊ အရွယ်ငယ်တဲ့ ဆလွန်းကားတွေ၊  အရွယ်အစား ပိုကြီးတဲ့ ဆလွန်းကားတွေလည်း ပါရမယ်" ဟု ၎င်းက ပြောကြားသည်။ 

 

Rever Automotive သည် အိမ်စီးကားများအပြင် လုပ်ငန်းသုံးကားများကိုလည်း ရောင်းချရန် စီစဉ်နေသည်။ BYD ၏ မော်တော်ယာဉ်များ၊ BYD ၏ နည်းပညာများဖြင့် တိုးချဲ့မည် ဖြစ်သည်။ တက္ကဆီ၊ မြို့တွင်း ခရီးတို ပို့ဆောင်ရေး ထရပ်ကား၊ ဗင်ကား၊ ဘတ်စ်ကားတို့ကို ရောင်းချမည် ဖြစ်သည်။

 

ထိုင်းတွင် မှတ်ပုံတင်ထားသည့် တက္ကဆီ အစီးရေ ၈၁,၀၀၀ ရှိသည်။ ၄၀% ကို BYD ကားအသစ်များ ဖြစ်စေရန် Rever Automotive က ရည်မှန်းထားသည်။

ကုန်တင်ယာဉ်အနေဖြင့် Rever Automotive သည် လက်ရှိတွင် မြို့တွင်း ခရီးတို ပို့ဆောင်ရေး ဗင်ကား BYD T3 မော်ဒယ်ကို ရောင်းချလျက်ရှိသည်။  

 

 

Pratarnwong နှင့် Pratarnporn တို့သည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခဲ့သော Siam Motors Group (SMG) ကို တည်ထောင်ခဲ့သည့် Phonprapha မိသားစုမှ မွေးချင်းများဖြစ်သည်။

 

SMG က အဓိကအားဖြင့် ဂျပန်ကားကုမ္ပဏီများနှင့် လုပ်ကိုင်လျက်ရှိသဖြင့် ပြိုင်ဘက် တရုတ်ကားကုမ္ပဏီကို လုပ်ကိုင်ဖို့ မသင့်တော်ချေ။

သို့ဖြစ်ရာ Rever Automotive ကုိ SMG ထီးရိပ်အောက်တွင် မထားဘဲ တသီးတခြား ရပ်တည် လုပ်ကိုင်စေသည်။ 

 

Rever Automotive ၏ လက်အောက်မှ လုပ်ငန်းခွဲတခုသည် BYD နည်းပညာ သုံးစွဲမည့် ဘတ်စ်ကား ထုတ်လုပ်ရေး စက်ရုံတခု ဆောက်လုပ်နေသည်။ ယခုနှစ် တတိယသုံးလပတ်တွင် ထုတ်လုပ်ရေးစတင်ရန် ရည်မှန်းထားသည်။ 

"ဒီနှစ်မှာ ကျွန်တော်တို့ လုပ်ငန်းသုံးယာဉ် ဈေးကွက်ကို ကျကျနန ဝင်ရောက်ပါမယ်" ဟု Pratarnwong က ပြောကြားသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1464 times