BYD နှင့် ပူးပေါင်းထားသည့် စင်ကာပူ လျှပ်စစ်မော်တော်ဆိုင်ကယ်လုပ်ငန်း Scorpio က မော်ဒယ် X1 ကို မိတ်ဆက်


BYD နှင့် ပူးပေါင်းထားသည့် စင်ကာပူ လျှပ်စစ်မော်တော်ဆိုင်ကယ်လုပ်ငန်း Scorpio က မော်ဒယ် X1 ကို မိတ်ဆက်ရန် အသင့်ပြင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

စင်ကာပူအခြေစိုက် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်း Scorpio Electric Pte. Ltd  သည် ယခုနှစ်နွေရာသီတွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ၎င်း၏ ပထမဆုံး ပွဲဦးထွက် လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် X1 ကို မိတ်ဆက်ရန် အသင့်ပြင်နေပါသည်။

 

Scorpio ကို ၂၀၁၇ ခုနှစ်တွင် စင်ကာပူတွင် တည်ထောင်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် ရောင်းချရန်အတွက် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရန် ရည်ရွယ်ချက် ထားရှိသည်။

 

လျှပ်စစ်မော်တော်ဆိုင်ကယ်များ တီထွင်ထုတ်လုပ်သည့် စင်ကာပူမှ လုပ်ငန်းအသစ် Scorpio သည် အရှေ့တောင်အာရှဒေသတစ်ဝှမ်းတွင် နှစ်ဘီးတပ်ယာဉ်များ  ရောင်းချနိုင်ရန် တရုတ်နိုင်ငံမှ ထိပ်တန်း ကားထုတ်လုပ်သူ BYD နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ 

 

"BYD က ကျွန်တော်တို့ရဲ့ နည်းပညာမိတ်ဖက် ဖြစ်ပါတယ်" ဟု Scorpio စီအီးအို Joshua Goh ကပြောကြားခဲ့သည်။

 

Scorpio သည် လျှပ်စစ်မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများကို ဒီဇိုင်းထုတ်သည်။ တစိတ်တပိုင်း တပ်ဆင်သည်။ ထို့နောက် တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ BYD ထံသို့ ပေးပို့သည်။ BYD က အပြီးသတ် တပ်ဆင်ပြီး ထုတ်လုပ်ပေးသည်။ 

BYD ရုံးချုပ်တည်ရှိရာ ရှန်ကျန်းမြို့တွင် Scorpio က ရုံးခန်းဖွင့်လှစ်ထားသည်။ 

Scorpio ဝန်ထမ်းများသည် တပ်ဆင်လိုင်းမှ ထွက်လာသော လျှပ်စစ်မော်တော်ဆိုင်ကယ်များအား  အရည်အသွေး ထိန်းချုပ်မှုကို တာဝန်ယူ စစ်ဆေးပေးသည်။ 

 

Scorpio လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် ပရီမီယံအတန်းအစားမှာ နေရာဝင်ယူမည် ဖြစ်သည်။ 

ပုံမှန်အားဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် ခရီးတာ ကီလိုမီတာ ၁၄၀ မှ ၁၆၀ အထိ ရရှိသည်။

Scorpio မှ အရင်ဦးဆုံး ထုတ်လုပ်မည့် မော်ဒယ် X1 သည် 40 km/h ဖြင့် မောင်းနှင်လျှင် ခရီးတာ ကီလိုမီတာ ၂၀၀ ရသည်။

5kW လီသီယမ်အိုင်းယွန်းဘက်ထရီ သုံးစွဲထားပြီး 72V ဖြစ်ပါသည်။ 

10kW မော်တာဖြင့် မောင်းနှင်ပြီး အမြန်ဆုံး အမြန်နှုန်းမှာ 105 km/hr ဖြစ်ပါသည်။ 0-50 km/hr အရှိန်တင်ရန် ၃.၈ စက္ကန့် ကြာသည်။

 

အာဆီယံရှိ အခြားသော ထုတ်လုပ်သူများသည် လျှပ်စစ်မော်တော်ဆိုင်ကယ် အလားအလာကောင်းမည်ဟု ယူဆသဖြင့် ဈေးကွက်ဝေစု ရရန် ပြိုင်ဆိုင်ကြသဖြင့် Scorpio သည် ပြင်းထန်သော ပြိုင်ဆိုင်မှု နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 

 

တရုတ်ကုမ္ပဏီများက ကြီးစိုးထားသည့် အင်ဒိုနီးရှား မော်တော်ဆိုင်ကယ် ဈေးကွက်တွင် ဈေးကွက်ဝေစုကို ရယူရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံမှ Maka Motors သည် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ယခုနှစ်တွင် စတင်ထုတ်လုပ် ဖြန့်ချိတော့မည်ဖြစ်သည်။

လုပ်ငန်းသစ် Maka Motors သည် ဂျပန်နှင့် ဂျာမနီရှိ မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများထံမှ အင်ဂျင်နီယာများကို ခေါ်ယူခန့်ထားသည်။

အာဆီယံ၏အကြီးဆုံးစျေးကွက်ဖြစ်သော အင်ဒိုနီးရှားသည် မော်တော်ဆိုင်ကယ်အစီးရေ ၁၂၇ သန်းကျော် သုံးစွဲလျက်ရှိပြီး မော်တော်ဆိုင်ကယ်များနှင့် စကူတာများအတွက် ကမ္ဘာ့တတိယအကြီးဆုံးဈေးကွက် ဖြစ်ပါသည်။

 .

အရောင်းဒေတာ ဝန်ဆောင်မှုပေးသူ MotorCyclesData အဆိုအရ အာဆီယံ မော်တော်ဆိုင်ကယ် လုပ်ငန်းကဏ္ဍသည် ပြီးခဲ့သော ၂ နှစ်အတွင်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ ကိုးလတာ ကာလအတွင်း ရောင်းအားသည် ယခင်နှစ် အလားတူကာလထက် ၇% တိုးတက်ခဲ့ပြီး အစီးရေ ၁၁ သန်းအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ ကြီးထွားနှုန်း အမြန်ဆုံး ဈေးကွက် ဖြစ်လာသည်။

အာဆီယံ မော်တော်ဆိုင်ကယ် ဈေးကွက်တွင် အင်ဒိုနီးရှားသည် ရှေ့ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာတွင် ဗီယက်နမ်နှင့် တတိယနေရာတွင် ဖိလစ်ပိုင် ရှိနေသည်။ 

 

 ဖိလစ်ပိုင်တွင် ထိုင်ဝမ်အခြေစိုက် ရွေ့လျားသွားလာရေးကုမ္ပဏီ Gogoro သည် ၎င်း၏ Smartscooters များနှင့် ဘက်ထရီ လဲလှယ်ခြင်းဝန်ဆောင်မှုများကို မနီလာမြို့တော်တွင် စတင်ရောင်းချကြောင်း ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ မြို့နေလူထုသည် Smartscooters အမျိုးမျိုးကို ဝယ်ယူနိုင်သည် သို့မဟုတ် ကြိုတင်မှာယူနိုင်ပါသည်ဟု ကြေညာသည်။

မနီလာမြို့တွင် ဖွင့်လှစ်ထားသည့် Gogoro ၏ ဘက်ထရီ လဲလှယ်ရေးစခန်းများကို အသုံးပြုနိုင်ကြောင်းလည်း ကြေညာပါသည်။

 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 489 times