BYD ဒုတိယမြောက် အာဆီယံ အီးဗီစက်ရုံ စီစဉ်


BYD ဒုတိယမြောက် အာဆီယံ အီးဗီစက်ရုံ စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ကမ္ဘာ့ဒုတိယအကြီးဆုံး အီးဗီ ထုတ်လုပ်သူ BYD Co ၏ အရှေ့တောင်အာရှ လျှပ်စစ်မော်တော်ကား တပ်ဆင်စက်ရုံကို ရရှိရန် ပြိုင်ဆိုင်နေကြကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

BYD သည် ထိုင်းနိုင်ငံတွင် ၎င်း၏ ပထမဆုံး အရှေ့တောင်အာရှ စက်ရုံကို တည်ထောင်ရန် လွန်ခဲ့သည့်နှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
၎င်းစက်ရုံကို ရယောင်းပြည်နယ်တွင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်ရန် မျှော်မှန်းထားသည်။ နှစ်စဉ် ကားအစီးရေ ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်စွမ်း ရှိမည် ဖြစ်ပြီး အများစုမှာ အရှေ့တောင်အာရှနှင့် ဥရောပသို့ တင်ပို့ရန်ဖြစ်သည်။

တရုတ်မော်တော်ယာဥ်ကုမ္ပဏီကြီး BYD သည် ဖိလစ်ပိုင်နှင့် “အဆင့်မြင့်ဆွေးနွေးမှု” အဆင့်တွင် ရောက်ရှိနေပြီဟု ကုန်သွယ်ရေးလက်ထောက်အတွင်းဝန် Ceferino Rodolfo က ပြောကြားခဲ့သည်။

BYD ကိုယ်စားလှယ်များသည် ပြီးခဲ့သောနှစ်နှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ခဲ့ရာ၌ ဖြစ်နိုင်ခြေရှိသော စက်ရုံနေရာများကို ဖိလစ်ပိုင်နိုင်ငံတွင် လှည့်ပတ်ကြည့်ရှုခဲ့သည်။ ကုမ္ပဏီသည် ဒုတိယသုံးလပတ်အတွင်း စက်ရုံ ထားရှိမည့်နေရာကို ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု Rodolfo က ဆိုသည်။
Rodolfo သည် ရင်းနှီးမြှုပ်နှံမှုများ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်သည်။

 BYD ကို Build Your Dreams အမည်ဖြင့် 1995 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ထိပ်တန်းနေရာသို့ ရောက်ရှိလာခဲ့သည်။ လျှပ်စစ်ကားကို စူးစိုက်လုပ်ကိုင်လျက် ရှိသည်။ 
 
 ပလပ်ထိုးပြီး ဘက်ထရီအားသွင်းသည့် လျှပ်စစ်မော်‌တာနှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးဖြင့် မောင်းနှင်သည့် ပလပ်ထိုး ဟိုက်ဘရစ်ကားများနှင့် အင်ဂျက်မပါ လျှပ်စစ်မော်တာဖြင့်သာ မောင်းနှင်သည့် ဘက်ထရီသုံး လျှပ်စစ်ကားများ နှစ်မျိုး စုစုပေါင်း စီးရေ ၁.၈၆ သန်းကို ၂၀၂၂ ခုနှစ်မှာ ရောင်းချခဲ့သည်။
 ၂၀၂၂ တွင် ဘက်ထရီသုံး လျှပ်စစ်ကားအနေဖြင့် Tesla က စီးရေ ၁.၃ သန်းကို ရောင်းချပြီး ပထမနေရာတွင် ဆက်ရှိနေသည်။ BYD မယှဉ်သာသေးပေ။
 
 BYD သည် ၎င်း၏ဒုတိယမြောက်အာဆီယံစက်ရုံသည် အစမှအဆုံး တပ်ဆင်ထုတ်လုပ်မည့် စက်ရုံ  သို့မဟုတ် ပြည်ပမှ တင်ပို့သည့် အစိတ်အပိုင်းများ နောက်ဆုံးအဆင့် တပ်ဆင်သည့်စက်ရုံ ဆိုသည်ကို မဆုံးဖြတ်ရသေးပေ။
 
 အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ BYD နှင့် အင်ဒိုနီးရှားတို့ကြား ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။

အင်ဒိုနီးရှားအစိုးရသည် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးနားချင်းနိုင်ငံတစ်ခုခုတွင် ချဲ့ထွင်ခြင်းထက် အင်ဒိုနီးရှားတွင် အခြေထိုင်ပြီး လုပ်ကိုင်ရန်  အခွန်ကင်းလွတ်ခွင့်များ၊ အခြားမက်လုံးများ၊ ဘက်ထရီကုန်ကြမ်းများ သုံးစွဲခွင့်တို့ကို အင်ဒိုနီးရှားအစိုးရက BYDအား ကမ်းလှမ်းထားသည်။
 
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် အီးဗီဘက်ထရီ အတွက် အခရာသတ္တုဖြစ်သည့် နီကယ်သိုက်များ ရှိကြသည်။  ကမ္ဘာ့နီကယ်သိုက်များ စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်သည် ၎င်းနှစ်နိုင်ငံတွင် တည်ရှိသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 253 times