BYD က တရုတ်သင်္ဘောကျင်းမှာ ကားတင်သင်္ဘော ၂ စီး အသစ်တည်ဆောက်ရန် အမှာစာတင်


BYD က တရုတ်သင်္ဘောကျင်းမှာ ကားတင်သင်္ဘော ၂ စီး အသစ်တည်ဆောက်ရန် အမှာစာတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြည်ပဈေးကွက်များသို့ ကားများ အလုံးအရင်းဖြင့် တင်ပို့နေသည့် တရုတ်ထိပ်တန်း စွမ်းအင်သစ်ကားများ ထုတ်လုပ်ရေး လုပ်ငန်း BYD (Build Your Dream)က ကုမ္ပဏီပိုင် ကားတင်သင်္ဘောများ ထားရှိရန် အစီအစဉ်ကို ကားတင်သင်္ဘော ၂ စီး အဦးဆုံးအသုတ်အဖြစ် တရုတ်သင်္ဘောကျင်းတွင် အမှာစာတင်လိုက်ခြင်းဖြင့် စတင်အကောင်အထည် ဖော်လိုက်ပါသည်။

အသစ်တည်ဆောက်ပေးရန် မှာကြားသည့် ကားတင်သင်္ဘော၂ စီး၏ အရွယ်အစားမှာ စီးရေ ၇,၀၀၀ တင်ဆောင်နိုင်သည့် အရွယ်အစား ဖြစ်ပါသည်။

 

 

(Image credit: Guangzhou Shipyard International)

 

BYD က ကားတင်သင်္ဘောများ အသစ်တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံရှိ သင်္ဘောကျင်းများနှင့် ဆွေးနွေးခဲ့ပြီးနောက် ပထမအသုတ် သင်္ဘော ၂ စီးကို တရုတ်နိုင်ငံရှိ Guangzhou Shipyard International ထံ အမီာစာ တင်လိုက်ကြောင်း ၎င်းသင်္ဘောကျင်းမှ ၂၀၂၃ ဇန်နဝါရီလ ၂၃ ရက်တွင် WeChat တွင် ပို့စ်တစမခု တင်ပြီး အတည်ပြုပြောကြားခဲ့ပါသည်။

 BYD(Build Your Dream) က ကား/ထရပ်တင် သင်္ဘောစစ်စစ် pure car/truck carrier(PCTC) ၂ စီး မှာကြားခဲ့ကြောင်း ၎င်းပို့စ်တွင် ဖော်ပြထားပါသည်။

Guangzhou Shipyard International Company Limited (GSI) သည် China State Shipbuilding Corporation (CSSC) ၏ လက်အောက်ခံ လုပ်ငန်း ဖြစ်ပါသည်။

 

အဆိုပါကားတင်သင်္ဘော ၂ စီးတွင် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ဖြင့်ဖြစ်စေ၊ လောင်စာဆီဖြင့်ဖြစ်စေ ၂ မျိုး dual-fuel သုံးစွဲနိုင်သော အင်ဂျင် တပ်ဆင်မည် ဖြစ်ပါသည်။ တစ်နာရီ ၁၈.၅  ရေမိုင် ( ၃၄.၂၆ ကီလိုမီတာ) အမြန်နှုန်းအထိ ခုတ်မောင်းနိုင်မည် ဖြစ်ပါသည်။

သင်္ဘောအလျား မီတာ ၂၀၀, အကျယ် ၃၈ မီတာ၊ ရေစူး ၉ မီတာ ရှိပါသည်။

 

BYD Group သည် BYD စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) များ ပြည်ပတင်ပို့သည့်အခါ သင်္ဘောများ အချိန်မီ လိုသလောက်မရခြင်း၊ ပို့ဆောင်ခများ ဈေးမငြိမ်ဘဲ မြင့်တက်လာနေခြင်း စသည့်ပြဿနာများကို ရင်ဆိုင်နေရပါသည်။

 

Xinde Marine News မှ ‌သတင်းတွင် BYD Group သည် ကုမ္ပဏီပိုင် LNG dual-fuel PCTC ၆ စီးမှ ၈ စီးအထိ ထားရှိရန် အစီအစဉ် ရှိကြောင်း ဖော်ပြခဲ့ပါသည်။ အရွယ်အစားမှာ စီးရေ ၇,၀၀၀ တင်ဆောင်နိုင်သည့် အရွယ်အစား ဖြစ်ပါသည်။

ကားတင်သင်္ဘောများကို ၂၀၂၅ တွင် စတင်ရရှိမည် ဖြစ်ပါသည်။

BYD သည် CSSC Huangpu Wenchong Shipbuilding , China Merchants Jinling Shipyard , Guangzhou Shipyard သင်္ဘောကျင်း ၃ ခုနှင့် ဆွေးနွေးနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါသည်။

 

တရုတ်ကားလုပ်ငန်း Chery နှင့် NIO တို့သည်လည်း ကုမ္ပဏီပိုင် ကားတင်သင်္ဘောများ ထားရှိရန် အစီအစဉ် ရှိပါသည်။

 

BYD သည် တရုတ်နိုင်ငံ၏ အကြီးဆုံး NEVs ထုတ်လုပ်သူဖြစ်ပြီး ပြီးခဲ့သောနှစ် ၂၀၂၂ တွင် နိုင်ငံရပ်ခြားဈေးကွက်များသို့ အပြင်းအထန် တိုးချဲ့ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်လည်း BYD E2 Model အီးဗီ အစီး ၄၀ တင်သွင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီးရှိ  RG Logistic Bonded Warehouse (Ywarthargyi Dry Port) တွင် ရောက်ရှိနေပြီး အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များ ဆောက်ရွက်နေကြောင်း သိရပါသည်။

အီးဗီတင်သွင်းရန် လျှောက်ထားသည့် ကုမ္ပဏီ ၂၆ ခုရှိသည့်အနက် Chin Dwin Shan Construction Co က အစ‌ီး ၃၀ နှင့်  NPK Motors Co က ၁၀ စီး တင်သွင်းခြင်း ဖြစ်ပါသည်။

NPK Motors Co က တင်သွင်းသည့် ၁၀ စီးကို နေပြည်တော် သပြေကုန်းဈေးမှာ တက္ကစီ ပြေးဆွဲမည်ဖြစ်ပြီး Chin Dwin Shan Construction မှ ၁၀ စီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တက္ကစီပြေးဆွဲမည် ဖြစ်ပါသည်။

 Source CnEVPost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 2052 times