BYD အတွက် ထိုင်ခုံ ထုတ်လုပ်သည့် ပြင်သစ်မှ Forvia ထိုင်းတွင် စက်ရုံတည်ဆောက်မည်


BYD အတွက် ထိုင်ခုံ ထုတ်လုပ်သည့် ပြင်သစ်မှ Forvia ထိုင်းတွင် စက်ရုံတည်ဆောက်မည်

 

BYD နှင့် Forvia တို့သည် တရုတ်နိုင်ငံ၌ စက်ရုံခုနစ်ရုံကို ပူးတွဲတည်ထောင်ပြီးနောက် ထိုင်းနိုင်ငံ ရယောင်းပြည်နယ်တွင် ထိုင်ခုံတပ်ဆင်သည့် စက်ရုံအသစ် တစ်ရုံကို တည်ဆောက်မည်။

တရုတ် စွမ်းအင်သစ် ကားထုတ်လုပ်သူ BYD သည် နိုင်ငံတကာဈေးကွက်များတွင် စက်ရုံများ တိုးချဲ့ တည်ဆောက်လျက်ရှိရာ BYD သည် ပြင်သစ် မော်တော်ယဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းစု  Forvia နှင့် ထိုင်းနိုင်ငံတွင် ထိုင်ခုံ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံအသစ်ကို တည်ဆောက်သွားမည်ဖြစ်သည်။

Forvia သည် ထိုင်းစက်ရုံမှ ထုတ်လုပ်သည့် ကားထိုင်ခုံများကို အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများသို့ တင်ပို့မည်။

စက်ရုံသစ်သည် Shenzhen Faurecia Automotive Parts Co Ltd လက်အောက်တွင် ထိုင်ခုံအစုံအလင်ကို ထုတ်လုပ်မည်ဖြစ်သည်။


Faurecia 
 Shenzhen Faurecia Automotive Parts Co Ltd သည် BYD နှင့် Faurecia တို့ ၂၀၁၇ ခုနှစ်တွင် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်ပြီး  Forvia က ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။
 
Faurecia ကို ၁၉၉၈ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၂၀၂၂ ဖေဖော်ဝါရီလတွင် မော်တော်ယဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်း Hella ကို Faurecia က အပြီးအပြတ် ဝယ်ယူခဲ့သည်။
ထို့နောက် Forvia အမည်ဖြင့် လုပ်ငန်းစု တစ်ခုကို ထူထောင်လိုက်သည်။

တရုတ်ပြည်တွင် BYD နှင့် Forvia တို့ ထူထောင်ထားသည့် စက်ရုံ ၇ ရုံရှိပြီး ယင်းတို့အနက် ၄ ရုံသည် ပြီးခဲ့သည့် ၁၈ လအတွင်း ထူထောင်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် BYD နှင့် Faurecia တို့သည် Shenzhen Faurecia ကိုတည်ထောင်ခဲ့သည်။ Shenzhen၊ Xi'an၊ Changsha၊ Changzhou နှင့် Fuzhou မြို့ကြီးများတွင် စက်ရုံများ ထူထောင်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် Shenzhen Faurecia သည် ၎င်း၏ ခြောက်ခုမြောက် စက်ရုံကို ဖွင့်လှစ်ခဲ့သည်။ ၎င်းနှစ် စက်တင်ဘာလတွင် တသောင်းမြောက်  ကားတစ်စီးစာ ထိုင်ခုံတစ်စုံကို ထုတ်လုပ်ခဲ့သည်။ 


BYD
BYD သည် တရုတ်နိုင်ငံတွင် Yuan Plus အမည်ဖြင့် ရောင်းချသည့် Dolphin နှင့် Atto 3 မော်ဒယ်တို့ကို ထိုင်းနိုင်ငံတွင်  စတင်ရောင်းချခဲ့ပြီး ယခုအခါ မော်ဒယ်နှစ်မျိုးစုစုပေါင်း စီးရေ တသောင်းခွဲကျော်ကို ဝယ်ယူသူများထံ အပ်နှံခဲ့ပြီးပြီ ဖြစ်သည်။ 

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် BYD သည် စက်ရုံတည်ဆောက်ရန်အတွက် ထိုင်းစက်မှုဇုန်တည်ဆောက်သူ WHA Industrial Development PLC နှင့် မြေယာဝယ်ယူမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
WHA Industrial Development PLC သည် WHA Group ၏ လက်အောက်ခံ လုပ်ငန်း ဖြစ်ပါသည်။ 
စက်ရုံသည် ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။ နှစ်စဉ် လျှပ်စစ်အိမ်စီးကား တသိန်းခွဲအထိ ထုတ်လုပ်နိုင်မည့် စက်ရုံ ဖြစ်သည်။ မော်တော်ယာဉ်များကို အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တင်ပို့မည်ဖြစ်သည်။
Source cnevpost 
 

Read 274 times