ပြည်ပမှ ယာဉ်တင်သွင်းခွင့် ပိတ်ပြီးနောက် ကားအဟောင်းများ အဝယ်လိုက်


အမေရိကန် ဒေါ်လာလဲလှယ်နှုန်း မြင့်တက်မှုကို လျော့ကျစေရန် ရည်ရွယ်၍ ပြည်ပမှ လူစီးမော်တော်ယာဉ် တင်သွင်းမှုကို ပိတ်လိုက်ပြီးနောက် ပြည်တွင်း၌ မော်တော်ယာဉ် အဟောင်းများ အဝယ်လိုက်ကာ ဈေးမြင့်နေကြောင်း ကား ဈေးကွက်မှ သိရသည်။

ထိုသို့ အဝယ်လိုက်လာနေခြင်းကြောင့် လတ်တလော ပြည်တွင်း မော်တော်ယာဉ်အဟောင်းများသည် အမျိုးအစားအပေါ် မူတည်ပြီး သိန်း ၁၄၀ ဝန်းကျင် မော်တော်ယာဉ်သည် ကျပ်သိန်း ၁၈၀ ဝန်းကျင်အထိ ဈေးတက်ကာ၊ ကျပ်သိန်း ၂၀၀ ဝန်း ကျင်ယာဉ်သည် ကျပ်သိန်း ၂၄၀ မှ ၂၅၀ အထိလည်းကောင်း၊ ကျပ်သိန်း ၇၅၀ ဝန်းကျင်ရှိ တန်ဖိုးမြင့်ယာဉ်များသည် ကျပ် သိန်း ၁၀၀၀ အထိလည်းကောင်း ယခင်ဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းများ မြင့်တက်သွား ကြောင်း သိရသည်။

“အခုကတော့ လိုင်းပေါ်က ကားတွေကတော့ အရောင်း ပြန်သွက်လာတယ်။ Crown, Alphard, Kluger တို့ဆိုရင် ဝယ် ရောင်းတွေ ပြန်ကောက်ဖို့တောင် ကားက တော်တော် ရှားသွားတဲ့ အနေအထား ရှိတယ်။ ဈေးကတော့ သူ့အမျိုးအစား ပေါ်မူတည်ပြီး လိုက်တက်တာပေါ့” ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်မျိုးအောင် က ဧရာဝတီသို့ ပြောသည်။

ယခုလို ကားဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြည်ပမှ ကားတင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့်လည်း ပါသလို အများ ပြည်သူလူထုက ရွှေနှင့်ဒေါ်လာအပြင် မော်တော်ယာဉ်ဘက်ကိုလည်း ဝယ်လိုအားလိုက်နေခြင်းနှင့်လည်း သက်ဆိုင် ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “ကားလိုက်ဝယ်တာက အခုက အပြင် အဝယ်တွေပါ ပါတာပေါ့။ ကားလောကထဲက မဟုတ်ဘဲ ငွေ ရှိတဲ့ လူတွေကပါ ဘဏ်မှာ ငွေမထားချင်တော့သော်လည်းကောင်း ဒါမှမဟုတ် အကြောင်းကြောင်းပေါ့ ကားကလည်း အဝယ် လိုက်လာတယ်။ ရောင်းရတာက အကုန်မျှပြီး ရောင်းရတာပေါ့။ ဂျပန်ကားအဟောင်းလည်း ရောင်းရတယ်၊ အသစ်သမားလည်း ရောင်းရတယ်” ဟု ပြောသည်။

ကိုဗစ်ကာလမှ စ၍ အရောင်းအဝယ် အေးနေခဲ့သော မော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်သည် ယခုအခါ အရောင်း အဝယ် ပြန်သွက်လာသော်လည်း အမေရိကန်ဒေါ်လာဖြင့် သတ်မှတ် ရောင်းချသော မော်တော်ယာဉ် အသစ်များ မှာမူ ဒေါ်လာကြောင့် အရောင်းအဝယ် အေးလျက်ရှိနေကြောင်း မော်တော်ယာဉ် အရောင်းအဝယ် လုပ်ဆောင်သူများထံက သိရသည်။

“ကားဈေးတွေက ကားတင်သွင်းခွင့် ပိတ်လိုက်တာကြောင့်ရော လူတွေက ငွေကို လက်ထဲ မကိုင်ထားချင်တော့တဲ့ အတွက် လိုက်တက်နေတယ်။ နောက်တခုက အခုက အပြင်က တင်သွင်းကို ပိတ်လိုက်တော့ အိမ်စီး သမားတွေက ဈေးကိုတင်ပြီး ခေါ်နေလို့လည်း ပိုတက်သွားတာပါတယ်” ရန်ကုန်မြို့မှ ကားဝယ်ရောင်း လုပ်ဆောင်နေသော ကိုတိုးက ပြောသည်။

လတ်တလော အခြေအနေတွင် ကားအရောင်းအဝယ်သည် ပုံမှန်ထက် အရောင်းအဝယ်ပိုဖြစ်သည့် အခြေအနေရှိပြီး ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ ဝန်းကျင်ကြား မော်တော်ယာဉ်များ အရောင်းအဝယ် ပိုဖြစ်နေကြောင်း ၎င်းက ဆိုသည်။

 နိုင်ငံခြားငွေကြေး အသုံးပြုမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး လူစီးမော်တော်ယာဉ်သွင်းမှုကို အောက်တို ဘာလ ၁ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းလိုက်ပြီး လူစီးမော်တော်ယာဉ် တင်သွင်းခြင်းနှင့် ယာဉ်အို ယာဉ်ဟောင်း အစား ထိုး တင်သွင်ခြင်း၊ မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများက တင်သွင်းခြင်းအတွက် တင်သွင်းခွင့် ပါမစ်/ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

ထို့သို့ တင်သွင်းခွင့် ပိတ်ထားခြင်းကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ ယာယီသတ်မှတ်ထားသော်လည်း တင်သွင်းခွင့် ပြန်ပေးရာတွင်လည်း မော်တော်ယာဉ်အသစ်များကိုသာ ပြန်လည် ခွင့်ပြုနိုင်ခြေရှိခြင်းကြောင့် ပြည်တွင်း မော်တော်ယာဉ် အဟောင်းဈေးနှုန်းသည် ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း မော်တော်ယာဉ် အရောင်းအဝယ် လုပ် ဆောင်သူများက ခန့်မှန်းထားကြသည်။

Read 27738 times