မြန်မာအခေါ်အဝေါ်အားဖြင့် တိုက်ကားဟု ခေါ်ကြသည့် Bumper Car ခေါ် Dodgem ကားလေးများသည် ကြမ်းခင်း၊ သို့မဟုတ် မျက်နှာကြက်မှ ရသော စွမ်းအင်နှင့် ရွေ့လျားစေသော
လျှပ်စစ်စွမ်းအင်သုံး အသေးစား အပျော်စီး ယာဉ်တစ်စီးသာ ဖြစ်ပါသည်။ တိုက်ကားများသည် ကစားကွင်းများတွင် ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြသည့် အပျော်စီးယာဉ်များဆိုလျှင်လည်း မမှားပေ။
Bumper Car များကို လည်ပတ်မောင်းနှင်ရန် နည်းလမ်းသုံးခုကို အသုံးပြုကြရာတွင် သက်တမ်းအရင့်ဆုံးနှင့် အသုံးအများဆုံးမှာ ဓာတ်စီးနေသော ကြမ်းခင်းနှင့် မျက်နှာကြက်ကို အသုံးပြုသည့် နည်းသာဖြစ်ပါသည်။
ကားတစ်စီးစီးတွင် ကြမ်းခင်းနှင့်ထိတွေ့သည့်မျက်နှာပြင်နှ့င့် မျက်နှာကြက်နှင့်ထိစပ်နေသော တိုင်တစ်တိုင်စီ ပါဝင်သောကြောင့် လျှပ်စီးပတ်လမ်းဖြစ်ပေါ်စေပြီး ကားများကို ရွေ့လျားသွားလာစေပါသည်။
နောက်နည်းလမ်းသစ်တစ်ခုမှာ မျက်နှာကြက်နှင့် ချိတ်ဆက်မထားဘဲ ကြမ်းခင်းတွင်ရှိသော သတ္တုချောင်းလေးများမှတစ်ဆင့် လျှပ်စီးအားရပြီး ကားများကို ရွေ့လျားစေပါသည်။ ထိုနည်းလမ်းသုံးမည်ဆိုလျှင်
ကားအရွယ်အစားကြီးမားရန် လိုအပ်ပါသည်။
Quantum-class အပျော်စီးသင်္ဘောများပေါ်မှ Bumper Car များမှာ ဘက်ထရီဖြင့်သာ ရွေ့လျားပါသည်။ သမားရိုးကျ Bumper Car များမောင်းနှင်သည့်ကွင်းသည် အဓိကအားဖြင့် ထောင့်မှန် စတုဂံပုံ၊ သို့မဟုတ်
ဘဲဥပုံရှိကြပြီး ပွတ်တိုက်မှုအားလျော့ကျစေရန် Graphite ဟု ခေါ်သော ခဲမှုန်တစ်မျိုးဖြူးထားရပါသည်။
တိုက်ကားစီးသည့်အခါ တစ်စီးနှင့်တစ်စီး တွန်းတိုက်မောင်းနှင်ကြခြင်းကြောင့် တစ်ချို့ကားများတွင် ရော်ဘာကွင်းကြီးများကို အကာအရံအဖြစ် ဝန်းရံထားပါသည်။ ရော်ဘာဘမ်ပါများ ပတ်လည်ပါဝင်သော တိုက်ကားကို
ထိန်းချုပ်ရန်အတွက် Accelerator နှင့် စတီယာရင်တို့ ပါဝင်ပြီး ကားကို နောက်ပြန်ဆုတ်လို့လည်း ရပါသည်။
Bumper Car များကို ၁၉၂၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကတည်းက Dodgem ဟု အမည်ရသော ကုမ္ပဏီတစ်ခုမှ ပထမဆုံးစတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ပထဆုံးထုတ်လုပ်ခဲ့သည့် Bumper Car များသည်
တကယ်တမ်းတွင် တိုက်ကားမဟုတ်ဘဲ ထိခိုက်မှုကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
ကိုယ်ထည်တောင့်တင်းခိုင်မာမှု သိပ်မရှိသေသောကြောင့် ယနေ့ခေတ် တိုက်ကား (Bumper Car) များကဲ့သို့ အချင်းချင်းတိုက်၍မရသေးဘဲ အပျော်မောင်းနှင်ရုံသက်သက်သာ ဖြစ်ပါသည်။ ၁၉၂၀ ပြည့်လွန်နှစ်များမှ
၁၉၅၀ ပြည်လွန်နှစ်များအထိ အမေရိကန်၏ အဓိက Bumper Car အမှတ်တံဆိပ်နှစ်ခုမှာ Max and Harold Stoehrer မှ ထုတ်လုပ်သည့် Dodgem နှင့် Lusse Brothers ၏ Auto-Skooter များသာဖြစ်ပါသည်။
၁၉၅၉ ခုနှစ်တွင် Lusse Brothers သည် ပထမဆုံး Fiberglass ကိုယ်ထည်နှင့် Bumper Car ကို တည်ဆောက်ထုတ်လုပ်ခဲ့ပါသည်။ ၁၉၆၅ ခုနှစ်ဝန်းကျင်တွင် Disneyland မှ Hovercraft ကို အခြေခံထားသော
Flying Saucer ခေါ် Bumper Car များကို မိတ်ဆက်ပေးခဲ့သော်လည်း စက်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့် နှစ်အနည်းငယ်အကြာတွင် ရပ်ဆိုင်းခဲ့ရပါသည်။
ယခုနောက်ပိုင်းတွင် Bumper Car များကို ကားကိုယ်ထည် ပုံစံတင်မက စတီယာရင်ပိုင်းနှင့် လုံခြုံမှုအပိုင်းကိုပါ တဖြည်းဖြည်း အဆင့်မြှင့်တင်ဖန်တီးလာပါသည်။ Bumper Car ကားများ အချင်းချင်း တိုက်ခိုက်ကစားရာတွင်
ခံနိုင်ရည်ရှိရန်အတွက် ကိုယ်ထည်ကို ပိုကြံ့ခိုင်အောင် ဖန်တီးလာကြပြီး ထိုင်ခုံခါးပတ်များ ပါဝင်လာကြပါသည်။ ယခုလက်ရှိအကြီးဆုံးဟု ဆိုရမည့် Bumper Car ကားရုံကြီးမှာ အမေရိကန်ပြည်ထောင်စု၊
အီလီနွိုက်စ်ပြည်နယ်၊ Gurnee က Six Flags Great America အပန်းဖြေကစားကွင်းကြီးအတွင်းတွင် တည်ရှိပြီး Rue Le Dodge ဟု ခေါ်ဝေါ်ပါသည်။ Six Flags Great Adventure ၏ Auto-bahn သည်လည်း
အကြီးဆုံး Bumper ကားရုံဖြစ်သော်လည်း ၂၀၀၈ ခုနှစ်မှစ၍ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပါသည်။ Bumper Car များကိုတဖြည်းဖြည်း အဆင့်မြှင့်တင်လာကြသည်မှာ ယခုဆိုလျှင် ရုံထဲတွင်သာမ အပြင်ဘက်လမ်းများပေါ်တွင်ပါ
တရားဝင်မောင်းနှင်လာနိုင်ကြပြီဖြစ်ပါသည်။