Bugatti ရဲ့ လျှပ်စစ်ကား အနာဂတ် စီအီးအို လက်ပြောင်းလဲ


Bugatti ရဲ့ လျှပ်စစ်ကား အနာဂတ် 

ပြင်သစ်မှ Bugatti ဟိုက်ပါအိမ်စီးပြိုင်ကား ထုတ်လုပ်ရေး လုပ်ငန်းက ခရိုရေးရှားမှ Rimac ရဲ့ လက်ထဲ လုံလုံးလျားလျား ရောက်ရှိနေပါပြီ။

VW Group  က Bugatti ကို လျှပ်စစ်ကားအဖြစ်ဖြင့် ထုတ်လုပ်ဖို့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ လုပ်ငန်းထံ အပ်နှံဖို့ Rimac ကို ရွေးချယ်ခဲ့ပြီး Bugatti Rimac ဖက်စပ်လုပ်ငန်းကို ထူထောင်ပါတယ်။ ဖက်စပ်လုပ်ငန်းရဲ့စီအီးအိုကို  Rimac  ရဲ့ စီအီးအို ဖြစ်သူ Mate Rimac ကို ခန့်အပ်ပါတယ်။  တစ်နည်းပြောရရင် Bugatti ရဲ့ စီအီးအို ရာထူးနေရာကို Stephan Winkelmann လက်ထဲမှ Mate Rimac ရဲ့ လက်ထဲ ထည့်ပေးခဲ့ပါတယ်။

Mate Rimac က ဘော့စနီးယားမှ မွေးဖွားခဲ့သူ ဖြစ်ပြီး ခရိုရေးရှားမှာ တီထွင်ဆန်းသစ်သူ၊ လုပ်ငန်းရှင်အဖြစ် ရပ်တည်နေသူဖြစ်ပြီး ခရိုရေးရှားမှာ အိမ်စီး အပြည့်အဝ လျှပ်စစ်ပြိုင်ကား ထုတ်လုပ်ရေး လုပ်ငန်း Rimac Automobili and Greyp Bikes ကို  သူ့အမည်ဖြင့် ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ကုမ္ပဏီသက်တမ်း ၁၂ နှစ်အကြာမှာ Bugatti ကို သူ့လက်ထဲ ဝကွက်အပ်နှံခံရပါတယ်။

ဟိုက်ပါအိမ်စီးပြိုင်ကား Bugatti အနာဂတ်အတွက် သူ့မှာ ဘာအကြံအစည်တွေ ရှိထသလဲ ဆိုတာ သိခွင့် မရကြဘူး။
ယခုအခါ Bugatti ရဲ့ နောက်ဆုံးမော်ဒယ် Chiron က နောက်ဆုံးအသုတ်ကို ထုတ်လုပ်နေပြီဆိုတော့ မော်ဒယ်အသစ်တစ်ခု မွေးဖွားနိုင်အောင် သန္ဓေတည်ရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ 

 အိမ်စီး အပြည့်အဝ လျှပ်စစ် အိမ်စီး ပြိုင်ကား ထုတ်လုပ်ရေး လုပ်ငန်းရဲ့ လက်ထဲရောက်ရှိသွားတဲ့ Bugatti ကို အပြည့်အဝလျှပ်စစ် အိမ်စီးပြိုင်ကား အဖြစ် Rimac က မွေးဖွားပေးမှာလား။
 

 Bugatti  မှာ အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်ဖြင့် ကာလအတန်ကြာအထိ ဆက်လက် ထုတ်လုပ်သွားမယ်လို့ Mate Rimac က Automotive News Europe ကို အတည်ပြု ပြောကြားခဲ့ပါတယ်။ 

Chiron ကို ဆက်ခံမယ့်  Bugatti  မော်ဒယ်အသစ်မှာ အင်ဂျင်ပါမှာ ဖြစ်ပြီး လျှပ်စစ်ဖြင့် မောင်းနှင်တဲ့အပိုင်းလည်း ဖိဖိစီးစီး ပါလာမယ်လို့ Mate Rimac က ပြောကြားပါတယ်။ 
Rimac မှာ အပြည့်အဝ လျှပ်စစ် အိမ်စီးပြိုင်ကား Nevera တွေ ရှိနေတာကို Bugatti  မော်ဒယ် အဖြစ် ထုတ်လုပ်ဖို့ စိတ်ကူးရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ သူက "ကျွန်တော်တို့အတွက် အလွယ်ကူဆုံးက ကျွန်တော်တို့ Nevera ကို ယူပြီး Bugatti  လိုဂို တပ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော် သဘောမတူနိုင်ပါဘူး။ ကန့်ကွက်ပါတယ်" လို့ ပြောကြားပါတယ်။ 

Rimac_Nevera_2022

Bugatti သုံးစွဲနေတဲ့ W16  အင်ဂျင်က နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိပြီ။ အိပ်ဇောမှ ဓာတ်ငွေ့ ထုတ်လွှတ်မှု စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ အင်ဂျင် လိုအပ်နေတယ်။

Bugatti  ရဲ့ မော်ဒယ်တွေက ၂၀၂၅ ခုနှစ် ထုတ်လုပ်မယ့်ကားများအထိ အကုန်လုံး ကြိုရောင်းထားပြီးသား ဖြစ်ပါတယ်။ 
ဒီတော့ မော်ဒယ်အသစ်ကို ဖန်တီးဖို့ Rimac က အချိန်ရနေစေပါတယ်။
Rimac က လာမယ့် မော်ဒယ်အတွက် အင်ဂျင်ကို စလုံးရေစကနေ ဒီဇိုင်းအသစ် ထုတ်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

Read 820 times