မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲခဲ့ပြီးနောက် Brand New Car Showroomများ ရန်ကုန်မြို့တွင် တစ်ခုပြီးတစ်ခု ဖွင့်လာနိုင်ပါတယ်။
နောက်ဆုံးပေါ်မော်ဒယ် အကောင်းဆုံးကားကိုမှ စိတ် ကြိုက်ရွေး ချယ်ဝယ်ယူ နိုင်သော အခွင့်အရေးများရှိလာပါတယ်။
ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော BMW, Mercedes-Benz, Ford, Chevrolet, Toyota, Mazda, Hyundai, KIA , Land Rover, Jaguar ကားအသစ် မော်ဒယ်မျိုးစုံကို ရန်ကုန်မြို့တွင် လွတ်လပ်စွာဝယ်ယူနိုင်ပါတယ်။
နယ်မြို့များမှ ကားဝယ်လိုသူများသည် ကား ဈေးကွက်ကြီးမားသော၊ ရွေးချယ်စရာများသော ရန်ကုန် ကားဈေးကွက် သို့သာ ရောက်ရှိလာကြပါတယ်။
ယခင် အချိန်က တစ်ပတ်ရစ် (Used) ကားတစ်စီးကို သိန်း (၃၀၀၀) ကျော်၊ သိန်း(၄၀၀၀) မျှပေးရပြီး ယနေ့ ကားအသစ်တစ်စီးကို သိန်း (၁၀၀၀)မှ သိန်း (၁၅၀၀)အတွင်း ရွေးချယ်ဝယ်ယူလာနိုင်ပါတယ်။
စီးပွားရေးမြို့တော် ရန်ကုန်သို့ဆင်းပြီး အနယ်နယ် အရပ်ရပ်မှ ကားလာဝယ်ကြပါတယ်။
Used Car များကို ယနေ့ဝယ်၍ ယနေ့ပင် ချက်ချင်း အမြန်လမ်းပေါ်တွင် မောင်းပြီးယူလာရာတွင် မည်သည့်ပြဿနာမျှမရှိပါ။
သို့သော်လည်း Brand New ကား အသစ်တစ်စီးကို အမြန် လမ်းပေါ်တွင် Highspeed ကီလိုမီတာ 100 km/hr ကျော်တင်ပြီး ခရီးဝေးမိုင် (၃၀၀) ကျော်၊ မိုင် (၄၀၀)မျှ မောင်းလျှင် အင်ဂျင် ဘရိတ် ဖမ်းပြီး ပျက်စီးချွတ်ယွင်းသွားနိုင်ပါတယ်။
အင်ဂျင်အသစ်ကို ကျင့်သားရအောင် Piston နှင့် Rings များ၊ ဆလင်ဒါစလစ်ထဲတွင် အထိုင်ကျအောင်၊ အင်ဂျင် ဘယ်ရင်များ အသားကျအောင် အင်ဂျင်ကို တဖြည်းဖြည်း ကျင့်ယူရပါတယ်။
အင်ဂျင်အသစ်တစ်လုံးသည် ခရီးမိုင် (၁၀၀၀) ကျော် (၁၅၀၀)ခန့် မောင်းပြီး လေ့ကျင့်မှသာ အထိုင်ကျသွားပြီး Highway လမ်းပေါ်တွင် အမြန်နှုန်းတင်၍ မောင်းနိုင်ပါတယ်။
Brand New ကားအရောင်းပြခန်းများတွင် ကားလာဝယ်သော ပိုင်ရှင်အသစ်များ သတိပြုသင့်သော Engine Break-in Period အကြောင်းကို တင်ပြပေးလိုက်ပါတယ်။
ကားအသစ်စက်စက်တွင် အင်ဂျင် အစိတ်အပိုင်းများနှင့် ဂီယာ ဘောက်စ် Drive-train များသည် အားလုံးအသစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် အင်ဂျင် အဓိကအစိတ်အပိုင်းများဖြစ်သော အင်ဂျင် ဆလင်ဒါစလစ်ထဲတွင် လှုပ်ရှားနေသော Piston နှင့် Piston Rings များ၊ Connecting Rod ဘယ်ရင်များ၊ ကရိုင်းဘယ်ရင်များ အထိုင်မကျသေးပါ။
ကျင့်သားမရသေးသော အင်ဂျင်တစ်လုံး ကို အင်ဂျင်လည်ပတ်နှုန်း r.p.m တင်၍ Load များများခိုင်း၍မရသေးပါ။
အင်ဂျင်အစိတ်အပိုင်း များကို တိကျသေချာစွာ စက်စားခြင်း (Machining) ပြုလုပ်၍ တပ်ဆင် ထားသော်လည်း အစိတ်အပိုင်း တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ အထိုင်မကျနိုင်သေးပါ။
Piston Rings များ ဆလင်ဒါထဲတွင် အထိုင်မကျသလို ဘယ်ရင် (Bush Bearing)ခြမ်းများလည်း အထိုင်မကျသေးပါ။
အင်ဂျင် အသစ်ကို အထိုင်မကျမီ Heavy load ခိုင်းလိုက်ပါက အပူချိန် မြင့်တက်လာပြီး အင်ဂျင်ကျပ်သွားတတ်ပါတယ်။
ထိုကဲ့သို့ဖြစ်သည်ကို Engine ဘရိတ်ဖမ်း သည်ဟုခေါ်ပါတယ်။
Engine Break-in ဖြစ်နိုင်သော ကာလအပိုင်းအခြားကို Break-in Period ဟုခေါ်ပါတယ်။
Engine Break-in Period ကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များရှိပါတယ်။
ခရီးမိုင် (၁၀၀၀)ကျော်၊ (၁၅၀၀) ခန့်လေ့ကျင့်ပြီးမှ အင်ဂျင်အသစ်ကို စိတ်တိုင်းကျ အားနာစရာမလိုဘဲ၊ ညှာစရာ မလိုဘဲခိုင်း၍ ရပါတယ်။
Brand New Car Showroom များတွင် ကားအသစ်ဝယ်ပါက (Owner Manual Book) ပိုင်ရှင်လက်စွဲ စာအုပ်နှင့် အာမခံသက်တမ်းကတ်ပြား ပေးပါတယ်။
လိုက်နာသင့်သော သတိပြုသင့်သည့် အချက်များကိုလည်း ရှင်းပြပါလိမ့်မယ်။
သို့သော်လည်း နယ်မှကားလာဝယ်သူများသည် ကားအသစ်ကို အမြန်လမ်းပေါ်တွင် မောင်းကောင်းကောင်းဖြင့် စမ်းသပ်မောင်းကြည့်ရာမှ အမြန်နှုန်းကီလိုမီတာ (၁၄၀-၁၅၀) အထိ ရောက်သွားလျှင် အန္တရာယ်ရှိသည်ကို သတိပြုစေလိုပါတယ်။
အင်ဂျင်အသစ် တစ်လုံး စတင်အသုံးပြုသည်မှ ပထမမိုင်(၁၀၀) အတွင်း အင်ဂျင်ဝိုင် များဖောက်ချပြီး အင်ဂျင်ဝိုင်အသစ် လဲပေးရပါမယ်။
အင်ဂျင်အသစ်တွင် အစိတ်အပိုင်းများ အထိုင်မကျသေးသဖြင့် သတ္တုအမှုန်အစကလေးများ ထွက်လာပါတယ်။
ပထမ မိုင်(၈၀)မှ မိုင် (၁၀၀) အတွင်း အင်ဂျင်ဝိုင်အသစ်၊ ဆီစစ်ဘူး အသစ်လဲ ပေးရပါသည်။ အင်ဂျင် စတင်နှိုးချိန်တွင်လည်း အင်ဂျင်အတွင်း ချောဆီများ ပြန့်နှံ့ပြီး အပူချိန် တက်လာစေရန်အတွက် စက္ကန့်(၃၀)ခန့် နှိုးထားရပါမယ်။
အင်ဂျင်လည်ပတ်နှုန်းကိုလည်း (၃၀၀၀-၃၅၀၀) r.p.m အတွင်းသာလည်ပတ်စေရပါသည်။ တောင်ကုန်း တောင်တက်လမ်း များကို အလေးချိန်အပြည့် (Full Load) တင်၍ မမောင်းသင့်သေးပါ။
အင်ဂျင် ကျင့်သားရအောင် လေ့ကျင့်ပြီးမှသာခိုင်း၍ သင့်တော် ပါသည်။ ဒီဇယ်အင်ဂျင်များတွင် Engine Break– in Period ကာလအတွင်း အင်ဂျင် Speed ကို 2500 rpm ထက်ကျော်၍ မမောင်းသင့်ပါ။
အင်ဂျင်အသစ်တစ်လုံးကို ပထမအဆင့် မိုင်(၁၀၀)တွင် အင်ဂျင်ဝိုင်လဲပြီးပါက ဒုတိယ အဆင့် မိုင်(၅၀၀) ပြည့်လျှင်လည်း အင်ဂျင်ဝိုင် များဖောက်ချပြီး ဆီအသစ်၊ ဆီစစ် ဘူးအသစ် လဲပေးရပါမယ်။
ဒုတိယ Break-in Period ကာလတွင်လည်း အင်ဂျင်၏ Speed ကို 1800 rpm နှင့် 3500 rpm အတွင်းသာ ထိန်းထိန်းသိမ်းသိမ်း မောင်းနှင်သင့်ပါတယ်။
မိုင်(၅၀၀) နှင့် မိုင်(၁၀၀၀)အတွင်းကာလသည် Pre-Final Break-in Period ကာလဖြစ်ပါတယ်။
ထိုအဆင့်တွင်လည်း အင်ဂျင် Speed ကို အများဆုံးမတင်ဘဲ 3500 r.p.m အတွင်း ထိန်း၍ မောင်းရပါမယ်။
ခရီး မိုင်(၁၀၀၀) ကျော်(၁၅၀၀) အထိ မောင်းပြီးမှသာ Engine Break-in Period ကာလ ပြည့်ပြီးဖြစ်၍ နောက်ဆုံးအဆင့် အင်ဂျင်ဝိုင် ထပ်မံ၍ လဲပေးရပါမယ်။
အင်ဂျင်ဝိုင်သုံးစွဲ ရာတွင် ထုတ်လုပ်သူညွှန်ကြားထားသော အင်ဂျင်ဝိုင် ဂရိတ် အမျိုးအစားကို သုံးစွဲသင့်ပါတယ်။
အကယ်၍ ထုတ်လုပ်သူညွှန်ကြား သော ပိုင်ရှင် လက်စွဲပါ အင်ဂျင်ဝိုင် တံဆိပ်အမျိုးအစားကို ဝယ်ယူ၍ မရခဲ့ပါက အလားတူ ဂရိတ် အဆင့်တူသော Synthetic Motor Oil ကို သုံးစွဲနိုင်ပါတယ်။
မိုင်(1500) ပြည့်၍ အင်ဂျင်ဝိုင် လဲရလျှင်လည်း ဆီစစ်ဘူး (အင်ဂျင်ဝိုင်စစ်) လဲရပါမယ်။
Engine Break-in Period ကာလသည် ခရီးမိုင်(၁၀၀၀-၁၅၀၀) အတွင်း မောင်းပြီး၍ အင်ဂျင်ဝိုင် ချောဆီ သုံးကြိမ်လဲပြီးမှသာ စိတ်ချရသော၊ ကျင့်သားရသွားသော အင်ဂျင် ဖြစ်လာပါမယ်။
Break-in Period ကာလ ကျော်လွန်ပြီးမှသာ အင်ဂျင်ဝိုင်ပုံမှန် လဲလှယ်ခြင်းကို မိုင်(၃၀၀၀)မှ (၅၀၀၀) အတွင်း ခိုင်းပြီးတိုင်း ဆောင်ရွက်နိုင်ပါတယ်။
ထို့ပြင် Break-in Period ကာလကျော်လွန်ပြီးလျှင် ထူးခြားသော အသံထွက်ခြင်း၊ အင်ဂျင် အပူချိန် မြင့်တက်ခြင်း၊ အင်ဂျင်ပုံမှန် မဟုတ်ခြင်း၊ အင်ဂျင်အအေးခံစနစ်တွင် Coolant အရည်ယိုစိမ့်ခြင်း၊ အင်ဂျင်ဝိုင်ယို စိမ့်ခြင်းစသော
အားနည်း ချွတ်ယွင်းချက်များ ရှိ/မရှိ သက် ဆိုင်ရာ ကားရောင်းပြခန်း၏ ဆားဗစ်စင်တာတွင် စစ်ဆေးမှု ခံယူသင့်ပါတယ်။
Engine Break-in Period ကာလအတွင်း အင်ဂျင်အစိတ်အပိုင်းများ အသားကျစေရန်နှင့် အင်ဂျင် အတွင်းမှထွက်လာသော သတ္တု အမှုန်အစများ သန့်စင်သွားစေရန် အင်ဂျင် ဝိုင်ချောဆီလဲလှယ်ပေးသကဲ့သို့ပင်
Power Drivetrain မှ Transmission Fluid များကိုလည်း မိုင်(၁၅၀၀)ပြည့်ပါက အားလုံး ဖောက်ချပြီး ဆီသစ်လဲလှယ်ရပါမယ်။
Auto-Gear ဖြစ်စေ၊ Manual-Gear ဖြစ်စေ ဂီယာအသွားများကြားမှ ထွက်လာသော သတ္တုအမှုန်အစများ (Metal Particles) ကို သန့်စင်သွား စေရန် Break-in Period နောက်ဆုံး ချောဆီ လဲလှယ်ချိန်တွင်
Gear Oil (သို့မဟုတ်) Transmission Fluid များကိုပါ အသစ်လဲလှယ်ပေးရန် လိုအပ်ပါတယ်။
အင်ဂျင်အသစ်တစ်လုံးသည် အတွင်းအစိတ်အပိုင်း Moving Parts များဖြစ်သော ပစ္စတင်ရိန်း၊ Connecting Rod ဘယ်ရင်၊ Camshaft နှင့် Valve များ၊ ကရိုင်းရှပ်နှင့် မိန်းဘယ်ရင်များ အထိုင်ကျသွားမှသာ
Engine Break-in Period ကို ကျော်လွန်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်သော အင်ဂျင်တစ်လုံး ဖြစ်လာပါမယ်။
အတွင်းအစိတ်အပိုင်းများ အထိုင်ကျသွားမှသာ ပွတ်မှုအားအနည်းဆုံးဖြစ်ပြီး Fuel Economy ဖြစ်သော အမြင့်ဆုံး Fuel Efficiency ကို ထုတ်ပေးနိုင်သော ကျင့်သားရ အင်ဂျင်ကောင်းတစ်လုံး ဖြစ်လာပါမယ်။