ဘရိတ်ဆီ သွယ်တန်းရန်အတွက် အသုံးပြုသော ရာဘာပိုက်တို့တွင် အဓိကအားဖြင့် ၂ မျိုးတွေ့ရပါသည်။
အပြင်သားသည် သာမန်ရာဘာပိုက်သဖွယ်ရှိသည့် ဘရိတ်ပိုက်တွင် အသားသုံးထပ်ပါသည်။
အတွင်းဘက် အကျဆုံးပိုက်သည် ဘရိတ်ဆီနှင့်ထိတွေ့ရသဖြင့် ၎င်းပိုက် အတွင်းသားတို့ကို ဘရိတ်ဆီ အစားမခံရသည့် အသားဖြင့် ပြုလုပ်ကြရသည်။
ဘရိတ်ဆီသည် ကားကိုယ်ပေါ်ကျပါက ဆေးကိုတအိအိဖြင့် စားပစ်နိုင်စွမ်းရှိပြီး အဝတ်အစားပေါ်ကျပါကလည်း ဆွေးမြေ့အောင် ပြုတက်ပါသည်။
ထိုသို့သော တအိအိဖြင့် စားပစ်တက်သည့် သဘောသဘာဝရှိသဖြင့် ထိုသဘာဝဒဏ်ကိုခံနိုင်သည့် အသားလွှာကို အတွင်းပိက်၏ အတွင်းမျက်နှာပြင်ကို အသုံးပြုကြရသည်။ အများသောအားဖြင့်
တက်ဖလွန်ကို သုံးကြပါသည်။
အတွင်းပိုက်၏ အပြင်ဘက်တွင် ပိုက်ကို ချုပ်နှောင်ပေးထားသည့် စတီးဆန်ခါပိုက် ရှိပါသည်။
ဘရိတ်ဆီကို ဖိအားပေးထားချိန်တွင် ပိုက်နံရံတို့ကိုလည်း တွန်းတိုးသဖြင့် ထိုသို့ တွန်းတိုးသည့်အခါ ပိုက်က ဖောင်းသွားလျှင် ဘရိတ်ဆီတွင်ရှိသော ဖိအား လျှော့ကျသွားမည်။
ထိုအခါ ဘရိတ်ဖမ်းသည့်အလုပ်ကို လုပ်ကိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ပိုက် ပုံမပြောင်းနိုင်စေရန် နှင့် ပိုတောင့်တင်းသွားစေရန် စတီးဆန်ခါပိုက်ဖြင့် ချုပ်ပေးထားရခြင်းဖြစ်ပါသည်။
စတီးဆန်ခါပိုက်သည် ပိုက်ကျဲဖြစ်ပြီး ထိခိုက်မိပါက ပျက်စီးခဲ့လျှင် အတွင်းပိုက်ကို ချုပ်ပေးထားနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ထိခိုက်မှုကင်းအောင် အပြင်တွင် အသားထူ ရာဘာပိုက်ဖြင့် ငုံပေးထားရပါသည်။
ထိုသို့ သုံးထပ်ဖြစ်နေသဖြင့် ဘရိတ်ပိုက်သည် တောင့်တင်းမှုလည်းရှိသွားပါသည်။
ကွေးကောက်၍ သွယ်တန်းရမည့်နေရာတို့တွင်လည်း အလွယ်တကူ ကွေးကောက်နိုင်သွားစေပြီး တာရှည်လည်း ခံသွားပါသည်။
နောက်ထပ် ဘရိတ်ပိုက်တစ်မျိုးမှာ စတီးကြိုးမျှင်များကို ဖွတ်မြီးကြိုးထိုးထားသည့် စတီးပိုက်ဖြင့် အတွင်းရှိ ရာဘာပိုက်ကို ချုပ်ပေးထားသဖြင့် ပိုက်သားနှစ်ထပ်သာရှိပါသည်။
အတွင်းရာဘာပိုက်သည် အထက်၌ ဆိုခဲ့သည့် ပိုက်နှင့် အတူတူပင်ဖြစ်ပါသည်။
စတိးကြိုးဖြင့်ရက်ထားသည့် ပိုက်သည် ရက်စက်ကြမ်းကြုတ်သည့် သဘောရှိပါသည်။
သူနှင့် ထိတွေ့ပွတ်တိုက်မိသော အရာများကို ကျားလျှာသဖွယ်စားပစ်ပြီး ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ပါသည်။
*** သင်စိတ်ဝင်စားနိုင်သော ကားမောင်းနှင်သူများသိထားသင့်သည့် အတွင်းခန်းအကြောင်း အစုံအလင် ***
ထိုပြဿနာရှိသဖြင့် မြွေတွင် အရေခွံစွပ်ပေးထားသည်နှင့် အလားသဏ္ဍာန်တူသော ပိုက်အကြည် ပါးလွှာလွှာ တစ်လွှာကို စတီးသားပေါ်တွင် စွပ်ပြီး ထုတ်လုပ်ကြသည်ကိုလည်း တွေ့ရပါသည်။
၎င်းသည် အကြည်သားကို ရာဘာအခြေခံပစ္စည်းဖြင့် ပြုလုပ်ထားပါသည်။