ယဉ်စစ်ဆေးရန်အတွက် အွန်လိုင်းစနစ်ဖြင့်ရက်ချိန်းရယူကာ ယင်းရက်ချိန်းကို တစ်ဆင့်ပြန်လည်လွှဲပြောင်းရောင်းချ၍ မသမာလုပ်ဆောင်နေမှုများကို ကြပ်မတ်ဖော်ထုတ်ကာ အရေးယူသွားရန်စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနမှ သိရသည်။
"လုပ်ငန်းမြန်ဆန် လွယ်ကူစေဖို့အတွက် Online Booking စနစ်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရက်ချိန်းမယူဘဲနဲ့ လာတဲ့ယဉ်တွေဟာ ၄၀ ရာခိုင်နှုန်းလောက် ရှိလာပါတယ်။ ဒါကြောင့် Online Booking စနစ်ကိုအသုံးပြုပြီး မသမာလုပ်ဆောင်နေတဲ့သူတွေကို ကြပ်ကြပ်မတ်မတ်နဲ့စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့ အရေးယူသွားမှာဖြစ်ပါတယ်"ဟု တိုင်းဒေသကြီး သီးစီးဌာနမှူး ဦးလျန်ကျင့်မန်က ပြောသည်။
အဆိုပါ Online Booking စနစ်ကို လွန်ခဲ့သော ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်က စတင်ကျင့်သုံးဆောင်ရွက်ခဲ့သလို မသမာလုပ်ဆောင်သူများကြောင့်လည်း မလိုလားအပ်သည့် အခက်အခဲများကြုံလာနိုင်ကြောင်း သိရသည်။
"တကယ်တော့ Online Booking လျှောက်ရတာ လွယ်လွယ်လေးပါ။ ဘယ်လိုလုပ်ရသလဲဆိုတာကိုလည်း ပုံစံတွေနဲ့ စနစ်တကျပြသထားပါတယ်။ အချို့ကျတော့ ကိုယ်တိုင်လုပ်လို့ရရဲ့သားနဲ့ သူများကိုလုပ်ကိုင်ခိုင်းပါတယ်။ ဒါကြောင့်လည်း ပွဲစားတွေအတွက် အခွင့်အလမ်းမျိုးဖြစ်စေတာပါ"ဟု ယာဉ်စစ်ဆေးမှုလာရောက်လုပ်ဆောင်သည့် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထို Online Booking လျှောက်ရန်အတွက် ပြင်ပပွဲစားများနှင့် ပြင်ပမိတ္တူဆိုင်အချို့က အခကြေးငွေများဖြင့်ဝန်ဆောင်ကာ လုပ်ကိုင်ပေးနေခြင်းများရှိသလို လိုင်စင်ကိစ္စများအတွက် ငွေကျပ် ၃၀၀၀ နှုန်း ၊ ယာဉ်ကိစ္စများအတွက် ငွေကျပ် ၅၀၀၀ နှုန်းအဖြစ် ဝန်ဆောင်ခတောင်းကာ မိုဘိုင်းဖုန်းများဖြင့်လျှောက်ထားပေးကြကြောင်း ၊ အချို့မှာ ကြိုတင်ကာ Online Booking များကိုရယူထားပြီး လုပ်ဆောင်ဖို့တောင်းဆိုလာသည့် ယာဉ်ပိုင်ရှင်ရှိသည့်အခါ ပြန်လည်ပြုပြင်ပြောင်းလဲလုပ်ဆောင်ပေးမှုများလည်းရှိကြကြောင်း သိရသည်။
Source;မြဝတီ