တရုတ်ပြည်ဖြစ် BMW နှင့် Tesla လျှပ်စစ်ကားများ ဥရောပသို့ တင်ပို့ရန် စတင်


BMW နှင့် Tesla တို့၏ တရုတ်နိုင်ငံရှိ စက်ရုံများတွင် ထုတ်လုပ်သော လျှပ်စစ်ကားများကို ဥရောပကားဈေးကွက်သို့ တင်ပို့မှု စတင်ခဲ့ပြီ ဖြစ်ရာ ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်ရာ အချက်အချာနိုင်ငံသည် တရုတ်နိုင်ငံ ဖြစ်လာလိမ့်မည်။ သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာနှင့်အင်ဂျင်စက်ရုံတို့ ပါဝင်သော အလုံးစုံ ထုတ်လုပ်သည့် မော်တော်ယာဉ်စက်ရုံနှစ်ခုသည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ဂျာမန်ကားလုပ်ငန်း BMW ၏ ကမ္ဘာအနှံ့ရှိ စက်ရုံများတွင် အကြီးမားဆုံး အခြေစိုက်စခန်း ဖြစ်သည်။

Shenyang မှ Tiexi နှင့် Dadong ခရိုင်တို့တွင် တည်ရှိသော အဆိုပါ စက်ရုံနှစ်ရုံသည် တရုတ်ပြည်တွင်း ကားဈေးကွက်တွက် BMW လျှပ်စစ်ကားများ ဝယ်လိုအား မြင့်တက်လာသည့်အတွက် စက်ရုံများကို တိုးချဲ့နေသည်။ တစ်နှစ်လျှင် စီးရေ ၆ သိန်းခွဲ ထုတ်လုပ်နိုင်သည်အထိ တိုးချဲ့မည် ဖြစ်သည်။ ထို့ပြင် Shenyang အခြေစိုက် စခန်းကို ဖက်စပ်လုပ်ငန်း BMW Brilliance Automotive က လုပ်ကိုင်လျက်ရှိပြီး တရုတ်ပြည်ဖြစ်ကားများကို ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပပို့ကုန်အဖြစ်လည်း ထုတ်လုပ်တင်ပို့မည် ဖြစ်သည်။

၂၀၂၁ ခုနှစ်အစောပိုင်းတွင် Shenyang မှထုတ်လုပ်သော BMW iX3 လျှပ်စစ် SUV ကားသစ်ကိုဥရောပသို့တင်ပို့ရန် စီစဉ်ထားသည်။ ဈေးနှုန်းမှာယူရို ၆၅,၀၀၀ (အမေရိကန်ဒေါ်လာ ၇၇,၀၀၀) ဖြစ်ပြီး ဥရောပသို့ တင်သွင်းသည့် အိမ်စီးကားများအတွက် ၁၀% အကောက်ခွန်နှုန်းထား သတ်မှတ်ထားသည်။ အမေရိကန်သို့တင်ပို့ရန်လည်း မျှော်မှန်းချက် ထားရှိသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်တင်ပို့သည့် အချက်အချာ အဖြစ်သို့ ရောက်ရှိလာမည် ဖြစ်ပြီး BMW နှင့် Tesla တို့ကဲ့သို့သော ကားလုပ်ငန်းများကို တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်အောင် စီမံပေးနိုင်ခဲ့သည်။ လျှပ်စစ်ကားအတွက် လိုအပ်သော အစိတ်အပိုင်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ပေးမည့်လုပ်ငန်းများ အသင့် ရှိနေစေသည်။

တရုတ်အစိုးရ၏ စက်မှုဝန်ကြီးဌာနသည် လျှပ်စစ်ကားကဏ္ဍတွင် စုစုပေါင်း ၂ ထရီလီယံယွမ် (အမေရိကန်ဒေါ်လာ ၃၀၄ ဘီလျံ ရင်းနှီးမြှုပ်နှံပေးခဲ့သည်။ လျှပ်စစ်ကား ထုတ်လုပ်ရန် လိုအပ်သည့် အစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းသည့် ကွင်းဆက်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။

လျှပ်စစ်ကားသုံး ဘက်ထရီ ထုတ်လုပ်သည့် လုပ်ငန်းများတွင် Contemporary Amperex Technology Ltd.(CATL)သည် အကြီးမားဆုံး ဘက်ထရီလုပ်ငန်း ဖြစ်လာသည်။ Tesla အပါအဝင် လျှပ်စစ်ကား ထုတ်လုပ်သည့် လုပ်ငန်းများအား လိုအပ်သည့် ဘက်ထရီများ ထုတ်လုပ်ပေးသွင်းလျက် ရှိသည်။ Zhejiang Sanhua Intelligent Controls နှင့် Xiamen Hongfa Electroacoustic တို့သည် လျှပ်စစ်ကားများအတွက် အရေးပါသည့် အစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းလျက် ရှိသည်။

Tesla သည် ရှန်ဟိုင်းမြို့တွင် ထုတ်လုပ်သည့် Model 3 လျှပ်စစ်ကားများကို ဥရောပဈေးကွက်သို့ ပြီးခဲ့သည့်လက စတင် တင်ပို့ခဲ့သည်။

Zhejiang Geely Holding Group ထီးရိပ်အောက်မှ Polestar ကားထုတ်လုပ်သည့် လုပ်ငန်းသည် Polestar 2 လျှပ်စစ်ကားများကို ဥရောပနှင့် အမေရိကန် ဈေးကွက်များသို့ တင်ပို့သည်။ နော်ဝေးတွင် Polestar 2 သည် တတိဘအရောင်းရဆုံးကားအဖြစ်ကို ပြီးခဲ့သည့် စက်တင်ဘာလတွင် ရရှိခဲ့သည်။

Aiways က ၎င်း၏ U5 crossover SUV များကို ပြင်သစ်တို့ တင်ပို့သည်။ ဂျာမနီနှင့် ဆွစ်ဇာလန် နိုင်ငံများသို့ တင်ပို့ရန် စီစဉ်နေသည်။

Xpeng သည် တရုတ်Tesla ဟု အခေါ်ခံရသော ကားဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် ကားများကို ပြည်ပသို့ စတင်ပေးပို့ခဲ့သည်။

ကမ္ဘာ့ကားလုပ်ငန်းကြီးများသည် ၂၀၃၀ ခုနှစ်ကို နောက်ဆုံးထားပြီး လျှပ်စစ်ကားများကိုသာ ထုတ်လုပ်သည့်အဖြစ်သို့ ကူးပြောင်းရောက်ရှိကြရန် ဆောင်ရွက်လျက် ရှိရာ ကားအနာဂတ်သည် လျှပ်စစ်ကားများသာ ဖြစ်နေမည် ဖြစ်ပြီး ထို့အတွက် တရုတ်နိုင်ငံက လက်ဉီးမှု ရယူထားသည်။ လျှပ်စစ်ကားများ ထုတ်လုပ်ရန် အဆင်ပြေသည့် ဝန်းကျင်ကို ဖန်တီးပေးထားသည်။ ဂျပန်ကားလုပ်ငန်းများသည် လျှပ်စစ်ကားများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရန် အစီအစဉ်များ ရှိထားကြသည်။

Nissan Motor သည် တရုတ်ကားလုပ်ငန်း Dongfeng Motor Group နှင့် ဖက်စပ်လုပ်ကိုင်ကာ လျှပ်စစ်ကားများ ထုတ်လုပ်မည် ဖြစ်သည်။

Honda ကလည်း Dongfeng Motor Group နှင့် ဖက်စပ်လုပ်ငန်း Dongfeng Honda Automobile Co., Ltd ထူထောင်ပြီး လျှပ်စစ်ကား ထုတ်လုပ်ရန် လုပ်ကိုင်လျက် ရှိသည်။

လျှပ်စစ်ကားများ ကမ္ဘာတစ်လွှား စီးရေ ၆၆၀,၀၀၀ ကို ယခုနှစ် ပထမနှစ်ဝက်တွင် ထုတ်လုပ်ခဲ့ရာ၌ အာရှနိုင်ငံများတွင် ၄၀ % ကို ထုတ်လုပ်ခဲ့သည်။ အမေရိကန်တွင် ၂၄ % ထုတ်လုပ်ခဲ့သည်။ ဂျပန်တွင် ၂ % ကိုသာ ထုတ်လုပ်ခဲ့သည်။

တရုတ်နိုင်ငံမှ ပြည်ပသို့ တင်ပို့သည် ကားစီးရေသည် ယခုနှစ် ပထမနှစ်ဝက်တွင် ကျဆင်းခဲ့သော်လည်း လျှပ်စစ်ကား တင်ပို့မှုကိုသာ ကွက်ကွက်ကလေး ကြည့်မည်ဆိုလျှင် ပြည်ပသို့ တင်ပို့သည့်စီးရေ ၃၆,၉၀၀ ရှိပြီး စီးရေ ၁၄၀ % တိုးခဲ့သည်။

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ ရှိပြီး ၄ ဆ တိုးခဲ့သည်။

Read 427 times