BMW နဲ့ လက်တွဲထားတဲ့ Brilliance ကို FAW က ဒေါ်လာ ၇.၂ ဘီလျံဖြင့် ဝယ်ယူမည်ဟု သတင်းထွက်ပေါ်


FAW က BMW နဲ့ အတူလက်တွဲလုပ်ကိုင်နေတဲ့ Brilliance ကို အမေရိကန်ဒေါ်လာ ၇.၂ ဘီလျံဖြင့် ဝယ်ယူရန် အစီအစဉ် ရှိကြောင်း သတင်းထွက်ပေါ်ပါတယ်။

တရုတ်နိုင်ငံ ထိပ်တန်းကားထုတ်လုပ်ရေးလုပ်ငန်းတွေထဲမှာ နံပါတ် (၂) နေရာမှာ ရှိနေတဲ့ လုပ်ငန်းဖြစ်ပြီး နိုင်ငံပိုင် လုပ်ငန်းလည်း ဖြစ်တဲ့ FAW Group က ကားထုတ်လုပ်ရေးလုပ်ငန်းBrilliance China Automotive Holdings Ltd မှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ Huachen Automotive Group ဟာ အကြွေးတွေ ၆.၅ ဘီလျံ ယွမ်( အမေရိကန်ဒေါ်လာ ၁ ဘီလျံ) ပြန်ဆပ်ဖို့ ပျက်ကွက်တာကြောင့် ဒေဝါလီ ခံရကိန်း ဆိုက်နေချိန်မှာ ဝယ်ယူပြီး အသက်ဆက်ဖို့ ကြိုးပမ်းရန် စဉ်းစားသုံးသပ်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းထားတဲ့ အစီအစဉ်မှာ ပထမအဆင့်အနေဖြင့် Brilliance မှာ Huachen  ပိုင်ဆိုင်ထားတဲ့ ရှယ်ယာ ၃၀.၄၃% ကို FAW က ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ  Brilliance မှာ နိုင်ငံပိုင်လုပ်ငန်း  Liaoning Provincial Transportation Investment Group မှ ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာ ၁၁.၈၉% ကို ဝယ်ယူမယ်လို့ သတင်းထွက်ပေါ်ပါတယ်။
ကျန်ရှိတဲ့ ရှယ်ယာတွေကို တတိယအဆင့်အနေဖြင့် ဝယ်ယူမှာဖြစ်ပြီးမျမ်းမျှအားဖြင့် ရှယ်ယာတစ်စုကို ၁၁ ဟောင်ကောင်ဒေါ်လာ  ကမ်းလှမ်းပြီး ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ Liaoning  ပြည်နယ် ရှန်ယန်းမှာ အခြေစိုက်တဲ့ Brilliance ဟာ ဂျာမန်ကားလုပ်ငန်း BMW အဖို့ တရုတ်နိုင်ငံမှာ အဓိက လက်တွဲဖော်ဖြစ်ပါတယ်။ ၅၀-၅၀ ဆတူ အရင်းအနှီးထည့်ဝင်ထားတဲ့ ဖက်စပ်လုပ်ငန်း BMW Brilliance Automotive လုပ်ကိုင်နေပြီး Brilliance ရရှိတဲ့ အမြတ်ငွေ အားလုံးနီးပါးကို ၎င်းဖက်စပ်လုပ်ငန်းမှာ ရရှိနေတာ ဖြစ်ပါတယ်။  BMW က အစုရှယ်ယာ နောက်ထပ် ၂၅%  ဝယ်ယူပြီး အစုရှယ်ယာ ၇၅% ပိုင်ဆိုင်ထားခြင်းဖြင့်  BMW Brilliance Automotive ကို ချုပ်ကိုင်သူအဖြစ် လုပ်ကိုင်ဖို့် အစီအစဉ် ချမှတ်ထားပါတယ်။ အဲဒီလို ဝယ်ယူဖို့အတွက် ယူရိုဒေါ်လာ ၃.၆ဘီလျံ သုံးစွဲဖို့ လျာထားပါတယ်၊


FAW က Jilin ပြည်နယ် ချန်ချွမ်မှာ အခြေစိုက်ထားပြီး ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း  Volkswagen AG  နဲ့လည်းကောင်း၊ ဂျပန် ကားထုတ်လုပ်ရေးလုပ်ငန်း Toyota Motor Corp နဲ့လည်းကောင်း လက်တွဲလုပ်ကိုင်လျက် ရှိပြီး ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် အကြမ်းသုံး ထရပ်ကားများ ထုတ်လုပ်ပါတယ်။


 

Read 216 times