BMW နှင့် Audi တို့က တရုတ်သို့ ရထားဖြင့် ကားများ တင်ပို့မှု ရပ်ဆိုင်းထား


BMW နှင့် Audi တို့က တရုတ်သို့ ရထားဖြင့် ကားများ တင်ပို့မှု ရပ်ဆိုင်းထား

ဂျာမန်ကားလုပ်ငန်းများ ဖြစ်ကြတဲ့ BMW နှင့် Volkswagen Group ရဲ့ Audi တို့က တရုတ်နိုင်ငံသို့ ရထားဖြင့် ကားများ တင်ပို့ခြင်းကို ယူကရိန်းစစ်ပွဲကြောင့် ရပ်ဆိုင်းထားလိုက်ကြရပါတယ်။

"ပထဝီနိုင်ငံရေး အခြင်းအရာများ လက်ရှိအနေအထားအရ ပိုးလမ်းမ Silk Road နှင့် ဆိုက်ဘေးရီးယား ဖြတ်သန်း ရထား Trans-Siberian Railway တို့မှ ရထားဖြင့် တင်ပို့ခြင်းကို ရပ်ဆိုင်းထားပြီး ယာယီအားဖြင့် အခြားစိတ်ချရသည့် လမ်းကြောင်းများကို ပြောင်းလဲ သုံးစွဲလျက်ရိသည်" လို့ BMW ပြောရေးဆိုရေး တာဝန်ခံအမျိုးသမီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BMW  က ရထားဖြင့် ရုရှားကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ပေးပို့ခြင်းကို ရုရှား ကျူးကျော်စစ် စတင်စဉ်မှာ ချက်ချင်း ရပ်ထားလိုက်တယ်လို့ ၎င်းက ပြောကြားပါတယ်။ ယခုအခါ ပင်လယ်ရေကြောင်းဖြင့်သာ ပုံမှန်အားဖြင့် ပေးပို့နေတယ်လို့ ၎င်းကဆက်လက် ပြောကြားပါတယ်။ 

အလားတူပင် Audi ကားများကို Trans-Siberian Railway ဖြင့်ပေးပို့နေခြင်းကို စစ်ပွဲစတင်ချိန်မှာ ရပ်ဆိုင်းထားကြောင်း Audi ရဲ့ မိခင်လုပ်ငန်း Volkswagen Group က ပြောကြားပါတယ်။
တောင်ဘက်ရထားလမ်းမှ ပေးပို့ဖို့ ဖြစ်နိုင်ခြေကို လေ့လာဆန်းစစ်နေတယ်လို့ ဆိုပါတယ်။

Trans-Siberian Railway က ကားလုပ်ငန်းများအနေဖြင့် ရုရှားကို ဖြတ်သန်းရတဲ့ ခရီးအတွက် အာမခံ ထားလို့ မရတာကတစ်ကြောင်း၊ ပျက်စီးဆုံးရှုံးပါက အစားထိုး ထုတ်လုပ်ဖို့ ချစ်ပ်အပါအဝင် ယာဉ်အစိတ်အပိုင်းတို့ မရနိုင်တာကတစ်ကြောင်းတို့ကြောင့် ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့ပြင် ရုရှားမှာ လုပ်ကိုင်နေတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားမှာ ဖြစ်လို့ ရုရှားအစိုးရက တရုတ်ပြည်သို့ တင်ပို့တဲ့ကားများကို ပြည်သူပိုင်သိမ်းမယ့်အရေးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

 

ကားထုတ်လုပ်ရေး လုပ်ငန်း နှစ်ခုစလုံးသည် တရုတ်ပြည်တွင်းဈေးကွက်တွင် ရောင်းချသည့် ကားအများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး အချို့ကိုသာ ဉရောပမှ ရထားဖြင့်ဖြစ်စေ၊ ပင်လယ်ရေကြောင်းမှ ဖြစ်စေ တရုတ်ပြည်သို့ ပေးပို့ပါတယ်။ 

ယမန်နှစ်က တရုတ်ပြည်တွင်းဈေးကွက်မှာ BMWနှင့် MINI  စီးရေ ၈၄၆,၂၇၃  ရောင်းချခဲ့ပြီး  Audi စီးရေ ၇၀၁,၃၈၉ ရောင်းချခဲ့ပါတယ်။

Read 10240 times