လေယာဉ်ပျံအင်ဂျင်တွေ ထုတ်လုပ်တဲ့ Rolls-Royce က လေကို တွန်းကန်မောင်းနှင်ပြီး ပျံသန်းမယ့် ကားပျံအတွက် အင်ဂျင်ကို ဒီဇိုင်းထုတ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗြိတိသျှလုပ်ငန်းဖြစ်တဲ့ Rolls-Royce ဟာ ကမ္ဘာ့ထိပ်တန်း ကားတွေ ထုတ်လုပ်တာကြောင့် လူသိများပါတယ်။ လေကြောင်းသုံး အင်ဂျင်တွေ ထုတ်လုပ်တာကြောင့်လည်း ကျော်ကြားပါတယ်။
Rolls-Royce က လူ လေးငါးဦး လိုက်ပါစီးနင်းနိုင်မယ့် ကားပျံအတွက် အင်ဂျင်ဒီဇိုင်းထုတ်တာ ဖြစ်ပြီး လျှပ်စစ်အားသုံး ထောက်လိုက် တက်ဆင်း electric vertical take-off and landing (EVTOL) စနစ်ကို
အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်လွန်မှာ လေထဲ စတင်ပျံသန်းပြနိုင်ဖို့ ရည်မှန်းထားပါတယ်။
အဲဒီ ကားပျံကို အဓိကအားဖြင့် မြို့တွင်းတက္ကဆီပြေးဆွဲဖို့ သုံးနိုင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ မိုင် ၂၅၀ (တစ်နာရီ ၄၀၂ ကီလိုမီတာ) ဖြစ်ပြီး ခရီးတာ မိုင် ၅၀၀ ခန့် သွားနိုင်မှာ ဖြစ်ပါတယ်။
ကားပျံဆိုတာ တစ်ချိန်တစ်ခါတုန်းက သိပ္ပံစိတ်ကူးယဉ် ဖြစ်ပြီး ယခုအခါ တကယ်ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။
အမေရိကန်မှ တက္ကဆီလုပ်ငန်း Uber ဥရောပမှ လေယာဉ်ပျံ ထုတ်လုပ်တဲ့ လုပ်ငန်း Airbus တို့က ကားပျံကို တီထွင်နိုင်ဖို့ လုပ်ဆောင်လျက် ရှိတယ်။ Google ပူးတွဲထူထောင်သူ Larry Page က
ကျောထောက်နောက်ခံပြုပေးထားတဲ့ လုပ်ငန်းငယ် အသစ်တချို့ကလည်း ကားပျံကို ဖန်တီးနေပါတယ်။
အဲဒီလုပ်ငန်းငယ် အသစ်တွေထဲမှာ BlackFly ဆိုတဲ့ ကားပျံက အတော်ကလေး အောင်မြင်ပါတယ်။ တစ်ယောက်စီး ကားပျံဖြစ်ပြီး ရှေ့နဲ့နောက်မှာ တောင်ပံတစ်ခုစီ ပါတယ်။ တောင်ပံတွေမှာ ပန်ကာလေးလုံးစီ
ပါတာမို့ ပန်ကာ ၈ လုံးတပ် ကားပျံ ဖြစ်ပါတယ်။ စီးရေအမြောက်အမြား ထုတ်လုပ်မယ်ဆိုရင် SUV ကားတစ်စီး ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မယ်လို့ ဆိုပါတယ်။
လေထဲမှာ ထောင်လိုက် တက်နိုင်ဆင်းနိုင်တဲ့အပြင် လေထဲ နေရာမရွေ့ဘဲ ရပ်ထားလို့ လည်း ရပါတယ်။
လေထဲပျံဝံပြီး သွားတဲ့အခါ ပျက်ကျမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ BlackFly တီထွင်ထုတ်လုပ်တဲ့ Opener အမည်ရှိ ကုမ္ပဏီရဲ့ စီအီးအို Marcus Leng က အခုလို ပြောပြပါတယ်။
“စိုးရိမ်သူတွေက မေးကြတယ်။ ပျက်ကျနိုင်သလားတဲ့။ ကျနော်က ပြန်မေးလိုက်တယ်။ ခင်ဗျား အခုစီးနေတဲ့ကားက ယာဉ်တိုက်မှု ဖြစ်နိုင်တယ် မဟုတ်လား။ အဲဒီကားကိုကျတော့ ခင်ဗျားက ဘာလို့ ယာဉ်တိုက်မှု ဖြစ်နိုင်သလားလို့ စိုးရိမ်တကြီ မမေးမြန်းရတာလဲ”