ထိုင်းအစိုးရက အီးဗီပစ်ကပ်ထုတ်လုပ်မှု ဦးစားပေး
ထိုင်းအစိုးရက မကြာသေးခင်က အခွန်မက်လုံးဆွဲေဆာင်အှုများနှင့် ထောက်ပံ့ကြေးများကို ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ထုတ်လုပ်သည့် လုပ်ငန်းများအား ပေးအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ် battery electric vehicle (BEV) ထုတ်လုပ်မှုကို အခြေစိုက် လုပ်ကိုင်ရမည်ဖြစ်ပြီး အထူးသဖြင့် ပစ်ကပ်ကားများကို ထုတ်လုပ်စေလိုသည်။
ထိုင်းနိုင်ငံတွင် BEV ပစ်ကပ် ထုတ်လုပ်ပါက လက်ရှိစည်းကြပ်လျက်ရှိသည့် အခွန်နှုန်းထားများမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ကို ၂၀၂၅ အထိ ခံစားခွင့် ရရှိမည်။ ၂၀၂၆တွင် ၂% စတင်စည်းကြပ်မည်။
ထုတ်လုပ်သူဘက်တွင် ဖြေလျော့ပေးသည့်အပြင် ဝယ်ယူသူဘက်တွင်လည်း ထိုင်းအစိုးရက ထောက်ပံ့ကြေး ပေးမည် ဖြစ်သည်။ BEV ပစ်ကပ် ဝယ်ယူသူတိုင်း ဈေးနှုန်း ဘတ် ၂ သန်းအောက်ကို ဝယ်ယူပါက ဘတ် ၁၅၀,၀၀၀ ကို အစိုးရက စိုက်ထုတ်ပေးမည်။
သမားရိုးကျ ပစ်ကပ်ကားများအတွက် လက်ရှိစည်းကြပ်သော အခွန်နှုန်းထားမှာ ယာဉ်တန်ဖိုး၏ ၂~၅% ကြားတွင်ရှိသည်။ ပစ်ကပ်တစ်စီးလျှင် ဘတ် ၁၀,၀၀၀ ဝန်းကျင် အခွန်စည်းကြပ်သည်။
BEV ပစ်ကပ်တစ်စီး ထုတ်လုပ်မှုစရိတ်သည် သမားရိုးကျ ပစ်ကပ် ထုတ်လုပ်မှု စရိတ်ထက် ဘတ် ၃၀၀,၀၀၀~၄၀၀,၀၀၀ ပိုမိုကုန်ကျသည်။
သို့ဖြစ်ရာ အစိုးရထောက်ပံ့ကြေး ထုတ်ပေးသဖြင့်
BEV ပစ်ကပ် ဝယ်ယူသူအဖို့ အထိုက်အလျောက် ဈေးသက်သာသွားမည် ဖြစ်သည်။
အစိုးရကက်ဘိနက်မှ အခွန်နှုန်းထားသစ်များနှင့် ထောက်ပံ့ကြေးတို့ကို အတည်ပြုပေးပြီးပြီဖြစ်ရာ ယခုလအတွင်း စတင်သက်ရောက်မည်။
ထိုင်ခုံ ၁၀ဦးစာထက် မကျော်သော BEV အိမ်စီးကားများသည် အခွန် ၂% သာ ပေးဆောင်ရမည်။ သမားရိုးကျ အိမ်စီးကားများကို လက်ရှိစည်းကြပ်လျက်ရှိသည့် အခွန်နှုန်းထားမှာ ၈% ဖြစ်ပါသည်။
ပလပ်ထိုး ဟိုင်းဘရစ် လျှပ်စစ်မော်တော်ယာဉ် plug-in hybrid electric vehicle (PHEV) အပေါ် စည်းကြပ်မည့်အခွန်နှုန်းထားသည် ဟိုင်းဘရစ် လျှပ်စစ်မော်တော်ယာဉ် hybrid electric vehicle (HEV) ထက် လျော့နည်းမည်ဖြစ်ပြီး ၂၀၂၆ တွင် စတင်မည်ဖြစ်သည်။
PHEV တွင် လျှပ်စစ်ဖြင့် ကီလိုမီတာ ၈၀ နှင့်အထက် သွားနိုင်ပြီး စက်သုံးဆီတိုင်ကီ ၄၅ လီတာနှင့် အောက်တွင် ရှိပါက အခွန် ၅% စည်းကြပ်မည်။
HEV တွင် ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှု တစ်ကီလိုမီတာလျှင် ၁၀၀ ဂရမ်နှင့်အောက်တွင်သာ ရှိပါက အခွန် ၆% စည်းကြပ်မည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် အီးဗီနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကမ္ဘာ့အချက်အချာ နေရာတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားသည်။ ၂၀၃၀ တွင် ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်း၏ အနည်းဆုံး ၃၀% သည် အီးဗီဖြစ်ရန် ရည်မှန်းချက် ထားရှိပါသည်။
အတည်မပြုရသေးသော သတင်းအရ ဂျပန် ကားထုတ်လုပ်ရေးလုပ်ငန်း တစ်ခုနှင့် တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုတို့သည် ဘက်ထရီပါဝါဖြင့် မောင်းနှင်သည့် ပစ်ကပ်ကို ထိုင်းနိုင်ငံတွင် ယခုနှစ် အနှောင်းပိုင်းမှာ ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံကြမည်ဟု သိရပါသည်။