Beijing Hyundai က ထုတ်လုပ်မှု လျှော့ချရန် ချုံကင်းစက်ရုံ ရပ်နား
Beijing Hyundai Motor က တရုတ်ပြည် ချုံကင်းမြို့ရှိ ၎င်းရဲ့ စက်ရုံကို ၂၀၂၁ ဒီဇင်ဘာလမှာ ရပ်ဆိုင်းထားလိုက်ပြီး ယခုထက်တိုင် ပြန်လည်ဖွင့်လှစ်ခြင်း မပြုသေးပါဘူး။
တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းအားကျဆင်းနေတဲ့အတွက် ကားအသစ်တွေ လျှော့ထုတ်ဖို့ စက်ရုံတစ်ရုံကို ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။ အလုပ်သမားတွေကို ခွင့်ရက်ခံစားခွင့် ပေးပြီး အလုပ်နားခိုင်းထားပါတယ်။
Beijing Hyundai က တရုတ်သတင်းဌာန Yicai Global က မေးမြန်းတာတွေကို ဖြေကြားခဲ့ရာမှာ ၎င်းစက်ရုံ ရပ်ဆိုင်းထားတာကို ကြေညာချက် မထုတ်ပြန်ဘူးလို့ ပြောပြပါတယ်။
Beijing Hyundai က ၂၀၁၆ ခုနှစ်မှာ အအောင်မြင်ဆုံးနှစ်ကို ဖြတ်သန်းပြီးခါစ ၂၀၁၇ ခုနှစ်မှာ ဝမ် ၁.၆ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး ချုံကင်းမြို့မှာ ကားစက်ရုံ ထူထောင်ခဲ့ပါတယ်။
ချုံကင်းမြို့ရှိ ကားစက်ရုံမှာ တစ်နှစ်လျှင် မော်တော်ယာဉ်စီးရေ ၃၀၀,၀၀၀ နှင့် အင်ဂျင် လုံးရေ ၃၀၀,၀၀၀ ထုတ်လုပ်ပါတယ်။
Hyundai ရဲ့ Verna, Ansino, Fiesta, ix25 မော်ဒယ်များကို ထုတ်လုပ်ပါတယ်။ ၎င်း မော်ဒယ်များ အားလုံး အရောင်းရဆုံး မဖြစ်ကြဘူး။
Ansino တစ်လတာ ရောင်းရစီးရေက လပေါင်းအတော်ကြာ ဆယ်ဂဏန်းမျှသာ ရှိပါတယ်။
Beijing Hyundai အအောင်မြင်ဆုံးနှစ်က ၂၀၁၆ ဖြစ်ပြီး စီးရေ ၁.၁ သန်း ရောင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၁ မှာ စီးရေ ၃၈၅,၀၀၀ မျှသာ ရောင်းခဲ့ရပါတယ်။ လျာထားတဲ့ ရောင်းအားက ၅၆၀,၀၀၀ ဖြစ်ပါတယ်။
Hyundai က တရုတ်ပြည်မှာ စက်ရုံ အကြီးစား ၅ ခု လုပ်ကိုင်ပါတယ်။ တစ်နှစ်လျှင် စုစုပေါင်း စီးရေ ၁.၇ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ မြို့တော် ဘီဂျင်းမှာ ၃ ရုံ၊ ချန်ကျိုမြို့မှာ ၁ ရုံနှင့် ချုံကင်းမြို့မှာ ၁ ရုံ ထားရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာ ဘီဂျင်းမှာ တည်ရှိတဲ့ အမှတ်(၁) ကားစက်ရုံကို Li Auto ထံ ရောင်းချခဲ့ပါတယ်။ စက်ရုံ ပိတ်ထားတာ ၂ နှစ်ကြာပြီးချိန် ၂၀၂၁ မှာ ရောင်းထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ Beijing Hyundai က ဘီဂျင်းမှာ ပထမ၊ ဒုတိယနှင့် တတိယမြောက် စက်ရုံများကို ထူထောင်လုပ်ကိုင်ခဲ့ပြီး ပထမဆုံးထူထောင်တဲ့ စက်ရုံကို ရောင်းချလိုက်တာ ဖြစ်ပါတယ်။
ဘီဂျင်းမှာ တည်ရှိတဲ့ နောက်ထပ်ကားစက်ရုံ တစ်ရုံကို စမတ်ဖုန်း ထုတ်လုပ်ရာမှ လျှပ်စစ်ကား ထုတ်လုပ်ရေးကိုပါ တိုးချဲ့လုပ်ကိုင်တဲ့ Xiaomi EV ကို ရောင်းဖို့ စီစဉ်နေပါတယ်။
Li Auto က လျှပ်စစ်ကားထုတ်လုပ်တဲ့လုပ်ငန်း ဖြစ်ပြီး တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။
ချုံကင်းမှ ကားစက်ရုံကို Li Auto ထံ ရောင်းချမယ်လို့ သတင်းထွက်ပေါ်ပါတယ်။
businesskorea.co.kr